THN Public Media Blog သတင်း နိုင်ငံတကာ ယူကရိန်းရဲ့ စွမ်းအင်နေရာတွေနဲ့ လူနေအဆောက်အအုံတွေကို ရုရှား တိုက်ခိုက်လို့ ၆ ဦး သေဆုံး
နိုင်ငံတကာ

ယူကရိန်းရဲ့ စွမ်းအင်နေရာတွေနဲ့ လူနေအဆောက်အအုံတွေကို ရုရှား တိုက်ခိုက်လို့ ၆ ဦး သေဆုံး

နိုဝင်ဘာ ၉ – ၂၀၂၅

ယူကရိန်းရဲ့ စွမ်းအင် အခြေခံ အဆောက်အအုံတွေနဲ့ လူနေ အဆောက် အအုံ ပစ်မှတ်တွေကို ရုရှားက ဒရုန်းနဲ့ ဒုံးကျည် ရာပေါင်း များစွာနဲ့ မနေ့ညက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံး ခဲ့ပါတယ်။

Dnipro မြို့က တိုက်ခန်း အဆောက်အအုံ တခု ကို ထိမှန်လို့ လူ ၂ ဦး သေဆုံး ပြီး ၁၂ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။

Zaporizhzhia မှာတော့ ၃ ဦး သေဆုံး ခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၆ ဦး ရှိခဲ့ပါတယ်။

မြို့တော် ကီးယက်ဗ် အပါအဝင် ယူကရိန်းနိုင်ငံ တဝန်းလုံးရှိ နေရာ ၂၅ ခု ကို ထိမှန် ခဲ့ရာ နေရာ အတော်များများမှာ လျှပ်စစ်မီးနဲ့ အပူပေး စနစ်တွေ ပြတ်တောက် ခဲ့ပါတယ်။

ရုရှားတို့ဟာ ဒရုန်း ၄၅၀ ကျော် နဲ့ ဒုံးကျည် ၄၅ စီး ကို ပစ်လွှတ်ခဲ့ကြောင်း ယူကရိန်း လေတပ်က ပြောပါတယ်။

အစီရင်ခံ ထုတ်ပြန်ချက်တွေ အရ ဒုံးကျည် ၉ စီး နဲ့ ဒရုန်း ၄၀၆ စီး ကို ပစ်ချ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း သူတို့ တပ်ဖွဲ့ တွေဟာ ယူကရိန်း ဒရုန်း ၇၉ စီး ကို တညတာ အတွင်း ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့ ပါတယ်။

ယူကရိန်းရဲ့ စွမ်းအင် ပစ်မှတ်တွေ ကို တိုက်ခိုက်တယ် ဆိုတဲ့ အပေါ် ရုရှားက သူတို့ဟာ ယူကရိန်း စစ်တပ်ကို ရည်ရွယ် ပစ်ခတ်တာလို့ ဆိုပါတယ်။

ရုရှားတို့ဟာ ယူကရိန်း စွမ်းအင် နေရာတွေကို ဆောင်းရာသီ မတိုင်မီ တိုက်ခိုက်နေတာဟာ ပုံမှန် လို ဖြစ်လာနေပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က ရုရှားအပေါ် ဖိအားပေးဖို့ အတွက် အနောက်နိုင်ငံတွေရဲ့ ရုရှားစွမ်းအင် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေမှာ “ခြွင်းချက် လုံးဝမရှိသင့်” ကြောင်း ပြောကြားခဲ့ ပါတယ်။

အကြောင်းကတော့ အခုလို ဒုံးကျည် တိုက်ခိုက်မှုတွေ မလုပ်ခင် နာရီပိုင်း အလိုမှာ အမေရိကန်က ဟန်ဂေရီနိုင်ငံကို ရုရှားကနေ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဝယ်ယူခြင်းဆိုင်ရာ ကန့်သတ်ချက်တွေ အပေါ် တနှစ် ကင်းလွတ် ခွင့် ပြုခဲ့တာကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက အမေရိကန်ဟာ ရုရှားရဲ့ အကြီးဆုံး ရေနံ ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့ အရေးယူမှု စာရင်းသွင်းခဲ့ပြီး ရုရှားဆီက ဝယ်ယူ သူတွေကိုလည်း ဒဏ်ခတ် ပိတ်ဆို့မယ်လို့ ခြိမ်းခြောက်ထားတာပါ။

ဒါပေမယ့်လည်း သောကြာနေ့ တုန်းက ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ဝါရှင်တန်ကို လာရောက်တဲ့အချိန်မှာ အမေရိကန် သမ္မတ ထရမ့်က ဟန်ဂေရီ အပေါ် ရုရှားဆီက ဝယ်ယူနိုင်တဲ့ ကင်းလွတ်ခွင့်ကို ကြေညာခဲ့ တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version