ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အပြီးသတ် ဆွေးနွေးရာမှာ “ကြီးမားတဲ့ တိုးတက်မှုများစွာ” ရရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ပြောကြားလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဆွေးနွေးနေတာ ဖြစ်ပြီး ယူကရိန်း အပါအဝင် ဥရောပ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံပြီးနောက် ရူဘီယိုက “လုပ်ဆောင် ရမယ့် အလုပ်တွေ ကျန်ရှိနေသေးတယ်” လို့ ဆိုပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ “ကျွန်ုပ်တို့ပြောတာကို နားထောင်ကြောင်း အရိပ် အယောင်တွေ တွေ့ရတယ်” လို့ ပြောပါတယ်။
အရင်ကတော့ ပေါက်ကြားလာတဲ့ အမေရိကန်ရဲ့ အဆိုပြုချက် ၂၈ ချက်နဲ့ ပတ်သက်ပြီး ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေက ရုရှားကို မျက်နှာသာ ပေးထားဆိုပြီး စိုးရိမ်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ဇလန်စကီး ဆိုရင် ဂုဏ်သိက္ခာကို ဆုံးရှုံးရမလား ဒါမှမဟုတ် အဓိက မိတ်ဖက် တစ်ဦးကို ဆုံးရှုံးရမလား ဆိုပြီး ပြောဆိုခဲ့တာပါ။
ဒါပေမယ့်လည်း မနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ မစ္စတာ ရူဘီယို က သတင်းထောက်တွေကို ပြောရာမှာ ဂျီနီဗာရှိ ဆွေးနွေးရေး အဖွဲ့တွေဟာ “အလွန်ကောင်းမွန်တဲ့ နေ့တနေ့” ကို ပိုင်ဆိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အချက် ၂၈ ချက်ပါ အမေရိကန် အစီအစဉ်ရဲ့ အကန့်အသတ် ဘောင် မရှိ ဖြစ်နေတဲ့ တချို့ အချက်တွေ ကို ပြန်ချုပ်ဖို့ ကြိုးပမ်းခဲ့တာဟာ အဓိက ရည်မှန်းချက်ဖြစ်ပြီး ပါဝင် ပက်သက် သူတွေဟာ ရည်ရွယ်တဲ့ အတိုင်း ခိုင်ခိုင်မာမာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမယ့်လည်း ဘယ်လို အပြီးသတ် သဘောတူညီချက်ကို မဆို ယူကရိန်းနဲ့ အမေရိကန် သမ္မတ နှစ်ဦးလုံးက သဘောတူရမှာဖြစ်ကြောင်း၊ အဲဒီနောက် ရုရှားကို ပို့ဆောင်ရမှာ ဖြစ်ကြောင်း နဲ့ လိုအပ်တဲ့ လုပ်ဆောင် စရာ ကိစ္စရပ်တချို့ ကျန်ရှိ နေသေးကြောင်း ထပ်လောင်း ပြောကြားခဲ့ ပါတယ်။
တနင်္ဂနွေနေ့ နှောင်းပိုင်း ထုတ်ပြန်ခဲ့တဲ့ အမေရိကန်-ယူကရိန်း ပူးတွဲ ကြေညာချက် မှာတော့ နှစ်နိုင်ငံစလုံး က “မွမ်းမံပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေး မူဘောင်” ကို သဘောတူညီခဲ့ကြပြီး “လာမယ့်ရက်တွေ အတွင်း ပူးတွဲ အဆိုပြုချက်တွေ အပေါ် အရှိန်မြှင့်ဆောင်ရွက် သွားဖို့” သဘောတူခဲ့ကြကြောင်း ဖော်ပြထားပါတယ်။
ဂျီနီဗာဆွေးနွေးပွဲမှာ အမေရိကန်ရဲ့ မူကြမ်းကို အဓိကထား ဆွေးနွေးခဲ့ ကြပြီး၊ မူကြမ်းထဲမှာ ယူကရိန်းတပ်တွေက လက်ရှိထိန်းချုပ်ထားတဲ့ အရှေ့ဒွန်နက်စ် ဒေသကနေ ဆုတ်ခွာဖို့၊ ဒွန်နက်စ်နှင့် အိမ်နီးချင်း လူဟန့်စ် ဒေသတွေကို ရုရှားက (de facto) ပုံစံနဲ့ ထိန်းချုပ်တာ အပါအဝင် ၂၀၁၄ က ရုရှား သိမ်းပိုက် ခဲ့တဲ့ တောင်ပိုင်း ခရိုင်းမီးယားကျွန်းဆွယ်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ယူကရိန်း စစ်တပ်ကို လက်ရှိစစ်သည် ၈၈၀၀၀၀ ကနေ ၆၀၀၀၀၀ အထိ လျှော့ချဖို့ ပါဝင်ပါတယ်။
ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းမှာ မဟုတ်ကြောင်း ကတိပြုချက် တခုကို အဓိကထား ထည့်သွင်းထားပါတယ်။
အဲဒီအတွက် ယူကရိန်းဟာ “ယုံကြည်စိတ်ချရတဲ့ လုံခြုံရေး အာမခံချက်တွေ” ရရှိမှာ ဖြစ်ပါတယ်။
ရုရှားက အိမ်နီးချင်း နိုင်ငံတွေကို ကျူးကျော်မှာ မဟုတ်ကြောင်းနဲ့ နေတိုး ကလည်း နောက်ထပ်ချဲ့ထွင်မှာ မဟုတ်ကြောင်း “မျှော်လင့်ရတယ်” လို့ ဖေါ်ပြထားပါတယ်။
မူကြမ်းထဲမှာ ရုရှားကို ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းခြင်းနဲ့ ကမ္ဘာ့ အင်အား အကြီးဆုံး နိုင်ငံတွေ ဖြစ်တဲ့ G7 အဖွဲ့ကို ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ခြင်း (G8 အဖြစ် ပြန်လည်ဖွဲ့စည်းခြင်း) ကနေ တဆင့် “ကမ္ဘာ့ စီးပွားရေး စနစ်မှာ ပြန်လည်ပေါင်းစည်းမယ်” လို့လည်း ဖေါ်ပြထား ပါတယ်။
ထရမ့်က ယူကရိန်းကို အခုလာမယ့် ကြာသပတေးနေ့ အထိ အဆိုပြုချက် တွေ အပေါ် သဘောတူဖို့ အချိန်ပေးထားပါတယ်။
ဒါပေမယ့်လည်း ယူကရိန်းရဲ့ ဥရောပ မဟာမိတ်တွေနဲ့ ကနေဒါ ဂျပန် တို့ကနေ စိုးရိမ်ကြောင်း ထုတ်ဖေါ်ခဲ့ရာမှာ ထရမ့်က ဒီအဆိုပြုချက် တွေဟာ “နောက်ဆုံးကမ်းလှမ်းမှု” မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
—————————
THN Public Media
