War

ရုရှားကို လေးစားရင် နောက်ထပ်စစ်ပွဲတွေ မရှိတော့ဘူးလို့ ပူတင်ပြော

Russian President Vladimir Putin holds his annual end-of-year press conference in Moscow on December 19, 2025. (Photo by Alexander NEMENOV / AFP via Getty Images

ဒီဇင်ဘာ ၂၀ – ၂၀၂၅

ရုရှားရဲ့ အကျိုးစီးပွားကို လေးစားပြီး၊ အနောက်အုပ်စု အနေနဲ့ ရုရှားအပေါ် လေးစားမှုရှိရှိ ဆက်ဆံမယ်ဆိုရင် ယူကရိန်းပြီးနောက် နောက်ထပ် စစ်ပွဲတွေ ရှိလာလိမ့်မှာ မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောကြားလိုက်ပါတယ်။

မနေ့ကပြုလုပ်တဲ့ နှစ်ပတ်လည် မာရသွန် အမေးအဖြေ ကဏ္ဍမှာ ပူတင်က အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး အမေးအဖြေ ကို ၄ နာရီခွဲကြာ ပြုလုပ် သွားခဲ့တာ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေကို ရုရှားက တိုက်ခိုက်မယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ “အဓိပ္ပာယ်မရှိတဲ့ စကားတွေ” သာဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။

ဒါပေမယ့် NATO အဖွဲ့ရဲ့ အရှေ့ဘက် နယ်မြေချဲ့ထွင်မှုလိုမျိုး ထပ်ပြီး မလိမ်ညာဖို့ ကိုတော့ ပူတင်က သတိပေးခဲ့ပါတယ်။

ဒီမေးမြန်း ဖြေကြား အစီအစဉ်မှာ မေးခွန်းပေါင်း ၃ သန်းကျော် ရရှိခဲ့ပြီး စခရင်ပေါ်မှာ ပြည်သူတွေရဲ့ ဝေဖန်ချက်အချို့ (ဥပမာ- “ကုန်ဈေးနှုန်း အဆမတန် တက်နေတာကို ရပ်တန့်ပေးပါ”၊ “အင်တာနက် ပြတ်တောက်မှု များ” နှင့် “ရေအရည်အသွေး ညံ့ဖျင်းမှုများ”) စတာတွေ ပေါ်လာခဲ့ပါတယ်။

ပူတင်က စစ်ပွဲကို “ငြိမ်းချမ်းစွာ” အဆုံးသတ်ဖို့ အသင့်ရှိတယ်လို့ ပြောပေမယ့် သူ့ရဲ့ တင်းတင်းမာမာ ရှိတဲ့ တောင်းဆိုချက်တွေ ကိုတော့ လျှော့ချတာမျိုး မရှိပါ။

ပူတင်က ယူကရိန်းတပ်ဖွဲ့တွေ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ခုကနေ ထွက်ခွာပေးရန်ဖို့၊ ယူကရိန်း အနေနဲ့ NATO အဖွဲ့ဝင်ဖြစ်ခွင့် ကြိုးပမ်းမှုကို စွန့်လွှတ်ဖို့၊ ဒွန်ဘတ်စ် (Donbas) ဒေသတခုလုံးကို ရုရှားက အပြည့်အဝ ထိန်းချုပ်ခွင့်ရဖို့ စတာတွေကို တောင်းဆိုသွားပါတယ်။

မစ္စတာပူတင်ဟာ အနောက်အုပ်စုကို ငြိမ်းချမ်းရေး လေသံပစ် နေပေမယ့် လည်း လက်တွေ့မှာတော့ သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ကို လက်လွှတ်မှာ မဟုတ်ကြောင်း တွေ့ရှိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *