မတ်လ ၉ – ၂၀၂၆
ယူကေ အခြေစိုက်စခန်းတွေ ကနေ အီရန်ရဲ့ ဒုံးကျည် စခန်းတွေကို အမေရိကန်က ခံစစ်ဆိုင်ရာ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ဝန်ကြီးချုပ် ကီယာ စတာမာက ခွင့်ပြုပေးလိုက်ပြီးနောက် နောက်ထပ် အမေရိကန် ဗုံးကြဲ လေယာဉ် ၃ စင်း ယူကေကို ဆင်းသက်လာခဲ့ပါတယ်။
Gloucestershire ရှိ Fairford တော်ဝင်လေတပ် စခန်းကို ဒီကနေ့ အစောပိုင်းက ရောက်ရှိလာတဲ့ B-52 ဗုံးကြဲ လေယာဉ်တွေဟာ အလျား ပေ ၁၆၀ (၄၉ မီတာ) ရှိပြီး မိုင်ပေါင်း ၁၅၀၀ ကျော် အကွာအဝေးအထိ ဒုံးကျည်တွေ ပစ်လွှတ်နိုင်စွမ်း ရှိပါတယ်။
ဒီလေယာဉ်တွေဟာ ဒီအခြေစိုက်စခန်းမှာ ရောက်ရှိနေပြီဖြစ်တဲ့ အမေရိကန် စစ်ဘက် လေယာဉ်စုနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ညက B-1 Lancer ဗုံးကြဲလေယာဉ် ၁ စင်း ရောက်ရှိခဲ့ သလို စနေနေ့မှာလည်း နောက်ထပ် ၂ စင်း ထပ်မံ ရောက်ရှိခဲ့တာပါ။
ဒါ့အပြင် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဥ်ကြီး ၃ စင်း လည်း ရောက်ရှိထားပြီ ဖြစ်ပါတယ်။
လေယာဉ်အမှုထမ်း ၅ ဦးက မောင်းနှင်ရတဲ့ B-52 ဗုံးကြဲလေယာဉ်ဟာ အမေရိကန် လေတပ်မှာ သက်တမ်းအရှည်ဆုံးနဲ့ စွမ်းဆောင်ရည် အစုံလင်ဆုံးအကြီးစား ဗုံးကြဲလေယာဉ် ဖြစ်ပြီး လက်နက်မျိုးစုံ ပေါင် ၇၀၀၀၀ (၃၁၇၅၁ ကီလိုဂရမ်) အထိ သယ်ဆောင်နိုင်ပါတယ်။
ဒီလေယာဉ်ဟာ ၁၉၅၂ ခုနှစ်မှာ ပထမဆုံး စတင်ပျံသန်းခဲ့တာဖြစ်ပေမဲ့ သူ့ရဲ့ သယ်ဆောင်နိုင်စွမ်း၊ ခရီးဝေးပျံသန်းနိုင်မှုနဲ့ လိုက်လျောညီထွေ ရှိမှုတို့ ကြောင့် အခုအချိန် အထိ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အင်အားစု မှာ အဓိက အစိတ်အပိုင်း အဖြစ် ရှိနေဆဲဖြစ်ပါတယ်။
Fairford လေတပ်စခန်းနဲ့ အိန္ဒိယသမုဒ္ဒရာရှိ Diego Garcia စခန်းတွေကို ယူကေ က အမေရိကန်ကို အသုံးပြုခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။
ref: bbc
—————————
THN Public Media
