THN Public Media Blog သတင်း နိုင်ငံတကာ ရုရှားက ဗြိတိန်ကို “အဆုံးသတ်သွားလိမ့်မယ်” လို့ ကြောက်မက်ဖွယ် နျူကလီးယားစစ်ပွဲ (WW3) နဲ့ ခြိမ်းခြောက်
နိုင်ငံတကာ

ရုရှားက ဗြိတိန်ကို “အဆုံးသတ်သွားလိမ့်မယ်” လို့ ကြောက်မက်ဖွယ် နျူကလီးယားစစ်ပွဲ (WW3) နဲ့ ခြိမ်းခြောက်

ဇန်နဝါရီ ၁၆ – ၂၀၂၆

ရုရှား နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမူဝါဒကောင်စီရဲ့ အကြီးအကဲ Sergey Karaganov က ဗြိတိန်နဲ့ ဥရောပကို နျူကလီးယား လက်နက်တွေနဲ့ “အဆုံးသတ်ပစ်မယ်” လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ရုရှားဟာ ဗြိတိန်နဲ့ ဥရောပတိုက်ကြီးပေါ်ကို နျူကလီးယား လက်နက်တွေ သုံးပြီး တိုက်ခိုက်မယ်လို့ တိုက်ရိုက် ခြိမ်းခြောက်လိုက်တာပါ။

တကယ်လို့လာ ရုရှားဟာ ယူကရိန်းမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဗလာဒီမီယာ ပူတင်ဟာ “နျူကလီးယား လက်နက်တွေကို သုံးမှာဖြစ်ပြီး ဥရောပ ဟာလည်း ရုပ်ပိုင်းဆိုင်ရာ အရ အဆုံးသတ်သွားလိမ့်မယ်” လို့ Sergey Karaganov က ပြောကြားခဲ့ပါတယ်။

ဥရောပအပေါ် “အရမ်းသည်းခံလွန်းနေတယ်” ဆိုပြီး သူ့ အစိုးရကိုတောင် ပြန်လည်ဝေဖန်ခဲ့ပါတယ်။

“ဥရောပအပေါ်မှာ အရမ်းသတိထားလွန်းပြီး သည်းခံလွန်းနေတဲ့ ကျွန်တော့် အစိုးရကို ကျွန်တော် ဝေဖန်နေတာပါ၊ ဒါပေမဲ့ တနေ့နေ့မှာ သူတို့က ယူကရိန်း သားတွေနဲ့ တခြားသူတွေ ကို စတေးပြီး ဒီစစ်ပွဲကို ဆက်လက် ထောက်ခံနေမယ် ဆိုရင်တော့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရ ပါလိမ့်မယ်” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ရုရှား ရှုံးနိမ့်မယ်ဆိုတာ “စိတ်ကူးယဉ် အိမ်မက်” လို့ တင်စားခဲ့ပြီး ဥရောပ ခေါင်းဆောင်ပိုင်းမှာ “အသိဉာဏ်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်မှုတွေ” ရှိနေတယ်လို့ Karaganov က ပြောပါတယ်။

“အရင်က ကမ္ဘာ့အာဏာ အချက်အခြာဖြစ်ခဲ့တဲ့ ဥရောပကို အခု ကမ္ဘာတဝန်း က ရယ်မောနေကြပါပြီ၊ အခုတော့ ဥရောပဟာ ပြက်လုံး တခု ဖြစ်နေပါပြီ၊ ဒါပေမဲ့ ဥရောပတခုလုံးကို ဆိုလိုတာတော့ မဟုတ်ပါဘူး၊ ဥရောပမှာလည်း တော်တဲ့သူတွေ၊ စမတ်ကျတဲ့သူတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” လို့ သူက ဆိုပါတယ်။

၁၉၆၈ ခုနှစ်ကတည်းက ဥရောပတိုက်ဟာ “အသိဉာဏ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်နေတာ” ဖြစ်လို့ ဥရောပခေါင်းဆောင်တွေဟာ “ဘာတွေ ဖြစ်ပျက် နေတယ်ဆိုတာကို အပြည့်အဝ နားမလည်နိုင်ကြဘူး” လို့ Karaganov က အခိုင်အမာ ပြောဆိုပါတယ်။

“သူတို့ရဲ့ နယ်မြေထဲကို စစ်ပွဲရောက်မလာနိုင်ဘူးလို့ သူတို့ ယုံကြည် နေကြတယ်၊ စစ်ပွဲအကြောင်းနဲ့ စစ်ပွဲရဲ့ ကြောက်မက်ဖွယ် ကောင်းပုံကို သူတို့ မေ့နေကြပြီ၊ အခု ရုရှားရဲ့ တာဝန်တခုကတော့ နျူကလီးယား လက်နက် မသုံးရဘဲနဲ့ သူတို့ကို သတိပြန်ဝင်လာအောင် လုပ်ဖို့ပါပဲ” လို့ သူက ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒီမှတ်ချက်တွေ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံက အာတိတ်ဒေသနဲ့ မြောက်ဘက်စွန်းဒေသတွေမှာ စစ်ရေး အရ အင်အားတိုးချဲ့နေချိန်မှာ ဗြိတိန်ကလည်း စစ်ဘက်အရာရှိတဦးကို ဂရင်းလန်းကျွန်းဆီ စေလွှတ်လိုက်ပါတယ်၊ တဘက်မှာလည်း ဒေါ်နယ် ထရမ့်က အဲ့ဒီနယ်မြေကို အမေရိကန်က ထိန်းချုပ်ဖို့ အကြိမ်ကြိမ် တောင်းဆိုနေတာပါ။

ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က ပူးတွဲစစ်ဆင်ရေးမှာ မဟာမိတ်နိုင်ငံ အများအပြား ပါဝင်မှာဖြစ်ပြီး “မနက်ဖြန် ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ ကြိုမပြောနိုင်ဘူး” လို့ ဗုဒ္ဓဟူးနေ့မှာ သတိပေးခဲ့ပါတယ်။

စီစဉ်ထားတဲ့ Arctic Endurance စစ်ရေးလေ့ကျင့်မှု မတိုင်ခင်မှာ ဒိန်းမတ်ရဲ့ တောင်းဆိုချက် အရ ကင်းထောက်အဖွဲ့မှာ ပါဝင်ဖို့ ဗြိတိန်စစ်ဘက်အရာရှိ တဦးကို စေလွှတ်ထားကြောင်း ဗြိတိန်အစိုးရ က အတည်ပြုခဲ့ပါတယ်။

“မြောက်ဘက်စွန်းဒေသရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ သမ္မတထရမ့်ရဲ့ စိုးရိမ်မှုကို ကျွန်တော်တို့လည်း တူညီစွာ ခံစားရပါတယ်၊ ဒါကြောင့် နေတိုး (Nato) နဲ့ JEF နိုင်ငံတွေက မြောက်ဘက်စွန်းဒေသ လုံခြုံရေးကို အားဖြည့်ဖို့ လုပ်ဆောင် နေတာကို မြင်တွေ့ရမှာပါ၊ ရုရှားရဲ့ ကျူးကျော်မှုနဲ့ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားဖို့ ပိုမိုပြင်းထန်တဲ့ စစ်ရေး လေ့ကျင့် မှုတွေ လုပ်ဆောင်သွားမှာပါ” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဂျာမနီ၊ ဆွီဒင်၊ နော်ဝေနဲ့ ပြင်သစ်နိုင်ငံတို့ကလည်း ဒေသတွင်းလုံခြုံရေး တိုးမြှင့်ဖို့နဲ့ အဲ့ဒီဒေသမှာ စစ်ဆင်ရေး လုပ်နိုင်စွမ်း မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ပူးတွဲမစ်ရှင်ကို စေလွှတ်သွားမှာဖြစ်ကြောင်း ဒိန်းမတ် ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရုရှား ဒါမှမဟုတ် တရုတ်တို့က ဂရင်းလန်းကို ထိန်းချုပ်မသွားနိုင်အောင် အမေရိကန်က သိမ်းယူထားရမယ်လို့ ဒေါ်နယ်ထရမ့်က အပြင်းအထန် တောင်းဆိုနေတာကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ တကျော့ပြန် ဖြစ်ပေါ်လာတာပါ။

ထရမ့်အစိုးရဟာ နေတိုးမဟာမိတ် ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်တဲ့ ဂရင်းလန်းကို သိမ်းယူဖို့အတွက် အင်အားသုံးမယ် လို့တောင် ခြိမ်းခြောက်ထားတာကြောင့် အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ် အဖွဲ့ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

အမေရိကန်၊ ရုရှားနဲ့ ဥရောပ ကြားက တင်းမာမှုတွေ ဟာ အထွတ်အထိပ် ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ref: The Mirror

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version