နိုင်ငံရေး

ရွေးကောက်ပွဲ အပိုင်း-၂ ကြိုတင်မဲ ကိစ္စ နိုင်ငံရေးပါတီအချို့ ဝေဖန်

ဇန်နဝါရီ ၁၃ – ၂၀၂၆

ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပခဲတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာလည်း ကြိုတင်မဲ နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ ၊ ကွာဟချက်တွေ ဆက်ရှိ နေသေးတယ်လို့ နိုင်ငံရေးပါတီ အချို့က ဝေဖန်ပြောဆိုကြ ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးစောဟန်အေးက “တချို့ နေရာမှာ ကြိုတင်မဲတွေ ကွာဟတာ ရှိတယ်။ ကွာဟတယ် ဆိုတာ ပုံစံမှာ ဖြည့်ထားတဲ့ မဲတွေရဲ့ မဲအရေ အတွက် ကွာတာတွေ ရှိတယ်။

တချို့က ကြိုတင်မဲလက်မှတ်မှာ သက်ဆိုင်ရာကော်မရှင်ခွဲက လက်မှတ်ထိုးတာမှာ လက်မှတ်က တမျိုးတည်း မဟုတ်ဖြစ်မနေဘဲ သုံးမျိုး လေးမျိုးတွေ့ကတယ် ။အဲဒါ တောင်ဥက္ကလာ ဘက်မှာပါ။ နေရာအချို့မှာ တော်တော်များများ ဖြစ်စဥ်တွေရှိပါတယ်။ ဖြစ်စဥ်တခုနဲ့ တခုတော့မတူဘူး။ ဧရာဝတီတိုင်း ဘက်ကလည်း တင်ပြတာရှိတယ်။ ” လို့ ပြောပါတယ်။

ဒါအပြင် မဲရုံတွေကို ကြိုတင်မဲပုံးတွေ သတ်မှတ်ချိန်အတွင်း မရောက်ရှိတာ ၊ ကြိုတင်မဲပုံးတွေရဲ့ လုံခြုံရေးချိတ်တွေ ဆောင်ရွက်မှု အခြေအနေ အပါအဝင် စတဲ့ လိုအပ်ချက်တွေ လည်းတွေ့ရှိရတယ်လို့ သိရပါတယ်။

” အရင်ကထက်တော့ ပြင်ဆင်မှုပိုင်း ကောင်းလာတာ မြင်ရပါတယ်။ သို့သော်ငြားလည်း ခုနပြောသလို အလွဲအမှားတွေက ရှိနေတုန်းပဲ ။ တနေ့ကဆိုရင် မြို့နယ်တမြို့နယ်က ကျွန်တော်တို့ပါတီဝင်ထဲက မိသားစုထဲက ကြိုတင်မဲသွားပေးတယ်။ ဒါပေမယ့် ဖွင့်ဖောက်လိုက်တော့ ကြိုတင်မဲ တမဲပဲရတယ်။ အဲဒါလည်း လက်တွေ့ပဲလေ။ခက်တာက ဒီအချိန်မှာတော့ ဘာမှပြောလို့မရတော့ဘူးလေ။ ပါတီဝင် သုံးယောက်ကပေးတာ သုံးမဲဖြစ်ရမှာလေ ။ဒါပေမယ့် ဖွင့်ဖောက်လိုက်တော့ တမဲပဲဖြစ်နေတယ် ။ နေရာတိုင်းတော့လည်း မဟုတ်ဘူးပေါ့ ။နောက်တခုရှိတာက မဲပုံးတွေ ချိတ်ထားတယ်။ ပိတ်ထားတယ် ။ဒါကိုလည်း ကျွန်တော်တို့က သွားစောင့်ရှောက်လို့ မရဘူးလေ။ကော်မတီရုံးတို့ ရပ်ကွက် ကျေးရွာ ရုံးတွေမှာဆိုတော့လေ ။ ဒီချိတ်တွေကလည်း ဘယ်လိုစီစဥ်ဆောင်ရွက်ထားလဲ ကျွန်တော်တို့ မသိဘူး ။ ညွှန်ကြားချက်အသစ်အရဆိုရင် မနက် ၆ နာရီဆိုရင်မဲပုံး ရောက်ရမှာပေါ့။ တကယ်တမ်း မဲရုံတွေ သွားလိုက်တော့ ၆ နာရီထိုးတဲ့အထိ ကြိုတင်မဲပုံးက ရောက်မလာဘူး။ ပြောလိုက်မှပဲ ကြိုတင်မဲပုံး ဘယ်မှာ လဲဆိုမှ လာနေပြီ ဘာညာဖြစ်ကုန်တာ။ တချို့ဟာတွေကျ ပြောရတာလည်း ခက်တယ်။ ” လို့ သူက ထပ်မံ ပြောပါတယ်။

မြေပြင်မှာ တွေ့ရှိခဲ့ရတဲ့ ကြိုတင်မဲ ကိစ္စ နဲ့ ရွေးကောက်ပွဲ ကျင်းပချိန် မဲပေးမှု အခြေအနေ လွဲချော်မှု ဖြစ်စဥ်တွေကို အချက်အလက်နဲ့ စာရင်းပြုစုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကို အကြံပြု တင်ပြသွားဖို့ရှိတယ်လို့ ဦးစောဟန်အေးက ပြောပါတယ်။

ရန်ကုန်တိုင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီရဲ့ တွဲဖက် အတွင်းရေးမှူး ဦးလှသော်ကလည်း ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ အခြေအနေက သိပ်ပြီး ထူးခြားမှုမရှိဘူးလို့ ပြောဆိုပါတယ်။

” မြေပြင်အခြေအနေ သုံးသပ်ကြည့်ရတာတော့ အပိုင်း ၁ နဲ့ ၂ က သိပ်တော့ မကွာဘူး။ ကြိုတင်မဲကိစ္စ မရမ်းကုန်းဆို အတိအကျ ပြောတာရှိတယ်။ ဥပဒေ နည်းဥပဒေအရ ဆိုရင် ကြိုတင်မဲ ဆိုတာက ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်လောက်အလိုကတည်းက ဆောင်ရွက်ထားရမှာ။ နောက်တော့မှ ဒါကို ပါတီတွေရဲ့ သက်သေတွေရယ် လုံခြုံရေးကြိုးတွေ ချိတ်ပြီး လုံခြုံတဲ့နေရာမှာ သိမ်းရတာကိုး။ မဲရုံဖွင့်တာနဲ့ မဲရုံကို ရောက်ရမယ်။ ဥပဒေအရ ပြောရမယ်ဆိုရင် မဲပေးပြီးတာနဲ့ မဲရုံမှာ ဒီစာရင်းကို တခါတည်းရေတွက်ပြီး ကြော်ငြာကပ်ရမယ်။ ပါတီတွေရဲ့သက်သေ ပြည်သူတွေရဲ့ သက်သေတွေနဲ့ တခါ တည်းကပ်ရမယ့် သဘောရှိတယ်။ ဒါပေမယ့် တချို့လုပ်နေတာကတော့ စုရပ်တခုထားပြီး မြို့နယ်က အဲစုရပ်ကိုစုပြီး လုပ်တဲ့သဘောသွားတွေ့ရတယ်။ တချို့မြို့နယ်တွေ မှာ လုံခြုံရေးကြိုးတွေ မသေချာ တာတို့ ဘာတို့ရှိတယ်။ မြေပြင်သတင်းပေးချက်အရ သိရတာပေါ့။ မြေပြင် အခြေအနေကို အကြီးအကဲ ဆီတင်ပြပြီးမှ အကြီးကဲတွေရဲ့ သုံးသပ်ချက်အပေါ်မူတည်ပြီး ထပ်ပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

ကြိုတင်မဲပေးတာနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေ လိုက်ပါခွင့်ရပေမယ့်လည်း ကြိုတင်မဲပေးတဲ့ စာရင်းကို မသိရှိရဘူးလို့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ပြောပါတယ်။

ပြီးခဲတဲ့ အပိုင်း ၁ ရွေးကောက်ပွဲမှာတုန်းကလည်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့ မြေပြင်မှာ ကြိုတင်မဲကိစ္စ နဲ့ပတ်သက်ပြီး ကွာဟချက် ၊ လိုအပ်ချက်တွေ တွေ့ရှိခဲ့ရ ကြောင်း သိရပြီး တွေ့ရှိချက်ကို UEC ကိုတင်ပြထားပြီး ခုထိတော့ အကြောင်းပြန်တာမျိုး မရှိသေးဘူးလို့ သိရ ပါတယ်။

“ကြိုတင်မဲဘယ်လောက်ရှိလဲ မသိရဘူး ။ မဲပေးတာလည်း မတွေ့ရဘူး။ ကြိုတင်မဲတွေက မဲထည့်မယ် ဆိုရင် လွတ်တော်ကိုယ်စားလှယ်တွေ သို့မဟုတ် ပါတီကိုယ်စားလှယ်တွေ ခေါ်ရမယ်လေ။ မခေါ်ဘူးလေ။ အဲဒါကြောင့်တိုင်လိုက်တာ ။ ခုတခေါက်တော့ ခေါ်တယ်လေ။ ဒါပေမယ့် ခက်တာက ကြိုတင်မဲ စာရင်းတွေက မသိရဘူး ။အခုလည်း ကြိုတင်မဲ ဘယ်သိရမလဲ။ အခုပြင်ပလူဆိုရင်တော့ ရဲတို့ တပ်တို့ မဟုတ်ရင်တော့ ခေါ်တယ် ။ ” လို့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

စစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး ချို့ယွင်းချက်ရှိခဲ့ရင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဖြေရှင်း ဆောင်ရွက်နိုင်ပြီး ကော်မရှင် ကနေ ပွင့်လင်းမြင်သာစွာ ဆောင်ရွက် ပေး မှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား၊ ကချင်၊ ကရင်၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ထဲက မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *