ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံ ကို စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန် တယ်ဆိုတဲ့ အမှု ကို မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့က နယ်သာလန် နိုင်ငံ သယ်ဟိတ် မြို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ထပ်မံကြားနာရာ ဂမ်ဘီယာဘက်က ဂျီနိုဆိုက် ကျူးလွန်တယ်ဆိုတဲ့ နောက်ထပ် အချက်အလက်တွေကို ထပ်မံ တင်ပြ လျှောက်လဲ ခဲ့ပါတယ်။
ဂျီနိုဆိုက် ဆိုတာ သတ်ဖြတ်ခံရမှု လူဦးရေ အရေအတွက် အပေါ် သတ်မှာတာ မဟုတ်ကြောင်းနဲ့ ရည်ရွယ်ဦးတည်ချက် အပေါ် မူတည် တာလို့ တင်ပြခဲ့ပါတယ်။
ရိုဟင်ဂျာတွေ အပေါ် အမုန်းတရားနဲ့ ဝါဒဖြန့်မှုတွေ ရှိခဲ့ကြောင်း၊ ဦးဝီရသူ နဲ့ သီတဂူဆရာတော် တို့ရဲ့ မိန့်ကြားချက် တချို့ကို ကိုးကား ဖေါ်ပြသွားခဲ့ပါတယ်။
အရင်မြန်မာဘက်က ချေပခဲ့တဲ့ အချက်အလက်တွေ ခိုင်မာမှု မရှိခဲ့ဘူးဆိုတဲ့ အပေါ် ဂမ်ဘီယာ ဘက်က ခိုင်မာကြောင်း တုန့်ပြန်လျှောက်လဲခဲ့ပါတယ်။
အချက်အလက် ရှာဖွေရေး IIMM အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ကိုးကား တင်ပြခဲ့သလို၊ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ရိုဟင်ဂျာ ရှိခဲ့တာကို တင်ပြသွားပါတယ်။
ဒါ့အပြင် ခရိုအေရှား နဲ့ ဆားဗီယား၊ ဘော့စနီးယား အမှုတွေမှာ တရားရုံးက ဘယ်လို ကိုင်တွယ်ခဲ့လဲ ဆိုတာတွေကို ဂမ်ဘီယာက တင်ပြသွားပါတယ်။
ဂမ်ဘီယာ ဘက်က လာမယ့် ၁၅ ရက်နေ့ အထိ လျှောက်လဲသွားမှာ ဖြစ်ပြီး မြန်မာဘက်ကတော့ လာမယ့် ၁၆ ရက်နေ့မှာ ပြန်လည်ခုခံ လျှောက်လဲမှာ ဖြစ်ပါတယ်။
—————————
THN Public Media
