THN Public Media Blog သတင်း ပြည်တွင်း ရွှေကုက္ကို ကျားဖျန့် နှိမ်နင်းရေး ၃ ရက် စီးနင်းမှု နိုင်ငံခြားသား ၉၀၀ ကျော်ဖမ်းမိ၊ ဖုန်း ၂၀၀၀၀ ကျော်နဲ့ ကွန်ပျူတာ ၃၀၀၀ နီးပါး သိမ်းဆည်း၊ တရုတ်လူမျိုး အကုန်လုံး မြို့လုံးကျွတ် ထွက်ပြေး တိမ်းရှောင်
ပြည်တွင်း

ရွှေကုက္ကို ကျားဖျန့် နှိမ်နင်းရေး ၃ ရက် စီးနင်းမှု နိုင်ငံခြားသား ၉၀၀ ကျော်ဖမ်းမိ၊ ဖုန်း ၂၀၀၀၀ ကျော်နဲ့ ကွန်ပျူတာ ၃၀၀၀ နီးပါး သိမ်းဆည်း၊ တရုတ်လူမျိုး အကုန်လုံး မြို့လုံးကျွတ် ထွက်ပြေး တိမ်းရှောင်

နိုဝင်ဘာ ၂၀ – ၂၀၂၄

ထိုင်းမြန်မာနယ်စပ် မြဝတီမြောက်ဘက် ရွှေကုက္ကို မှာ ကရင် နယ်ခြားစောင့်တပ် BGF နဲ့ မြန်မာစစ်တပ် ပူးပေါင်းပြီး ကျားဖျန့် နှိမ်နင်းရေး ၃ ရက်ကြာ စစ်ဆင်ရေး စီးနင်းဖမ်းဆီးမှုတွေ အတွင်း နိုင်ငံခြားသား ၉၀၀ ကျော်ဖမ်းမိကာ၊ ဖုန်း ၂၀၀၀၀ ကျော်နဲ့ ကွန်ပျူတာ ၃၀၀၀ နီးပါး သိမ်းဆည်း ရမိကြောင်းနဲ့ တရုတ်လူမျိုး အကုန်လုံး မြို့လုံးကျွတ် ထွက်ပြေး တိမ်းရှောင်သွားပြီ လို့ ထိုင်းသတင်းမှာ ဖေါ်ပြ ထားပါတယ်။

နိုင်ငံခြားသား ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့မှာ ၃၄၆ ဦး၊ နိုဝင်ဘာ ၁၉ ရက်မှာ ၂၆၄ ဦး နဲ့ ဒီကနေ့မှာ ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း ၉၀၀ ကျော် ရှိကြောင်း BGF ပြောရေးဆိုခွင့်ရှိသူက ပြောကြား ပါတယ်။

အဆောက်အအုံ ၂၀ ကိုဝင်ရောက် ရှာဖွေရာ အခန်းတိုင်းမှာ အမှိုက်ပုံ လို ပစ္စည်းတွေကို ပစ်ထားခဲ့ကြောင်းနဲ့ ဆက်လက် ရှာဖွေ စစ်ဆေး သွားမယ်လို့ ဆိုပါတယ်။

ဝင်ရောက်ရှာဖွေမှု အတွင်း ဟိုတယ်အဆောက်အအုံတွေကို ကျားဖျန့် ရုံးခန်းတွေ အဖြစ် ပြုပြင်မွမ်းမံ အသုံးပြုထားတာကို တွေ့ရှိခဲ့ရတယ် လို့လည်း ပြောပါတယ်။

ကုန်တိုက်၊ ကွန်ဒိုမီနီယမ်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဘဏ်၊ တယ်လီဖုန်းဆိုင်၊ ဆေးခန်း စတာတွေ အားလုံး ပိတ်ထားပြီး လူသူ ကင်းမဲ့နေသည်ကို တွေ့ရပါတယ်။

မြန်မာတွေ တချို့လည်း အထုပ်အပိုးတွေနဲ့ ရွှေကုက္ကို ကနေ ထွက်ခွာ နေကြရာ၊ မေးမြန်းကြည့်ရာ ဆိုင်ခန်းတွေ ပိတ်တာကြောင့် အိမ်ပြန်ရတာ ဖြစ်တယ်လို့ ပြောကြပါတယ်။

ဖမ်းဆီးမိသူတွေကို မြန်မာ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်ပြီးနောက် မူရင်းနိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်ဖို့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: The Reporters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version