THN Public Media Blog Sport ရွှေဖိနပ်ဆုကို လေ့လာခြင်း နဲ့ ၂၀၂၆ မှာ ဘယ်သူဆွတ်ခူးမလဲ၊ ၂ ကြိမ် မြောက်ဆုရှင်ပေါ်လာရင် အမ်ဘာပေ နဲ့ ဟာရီကိန်း ဘယ်သူဖြစ်မလဲ
Sport

ရွှေဖိနပ်ဆုကို လေ့လာခြင်း နဲ့ ၂၀၂၆ မှာ ဘယ်သူဆွတ်ခူးမလဲ၊ ၂ ကြိမ် မြောက်ဆုရှင်ပေါ်လာရင် အမ်ဘာပေ နဲ့ ဟာရီကိန်း ဘယ်သူဖြစ်မလဲ

ဇွန် ၈ – ၂၀၂၆

၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ ကီလီယံ အမ်ဘာပေ ဟာ ရွှေဖိနပ်ဆုကို လက်ခံရယူတုန်းက သူမပြုံးနိုင်ခဲ့ပါဘူး။

သူက ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ ပေမဲ့လည်း ပြင်သစ် အသင်းက ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့လို့ပါ။ ဂိုးတွေက ဆုဖလားတွေကို အာမမခံနိုင်ပေမဲ့ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တယောက်ရှိနေတာကတော့ သူ့အသင်း အတွက် အခွင့်အရေးတခု ဖြစ်စေပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပွဲစဉ်တွေ ကျင်းပဖို့ နီးကပ်လာပြီ ဖြစ်လို့ ရွှေဖိနပ် ဆုရှင်တွေမှာ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ တူညီတဲ့ အရည်အချင်းတွေကို လေ့လာကြည့်ပြီး ၂၀၂၆ မှာ ဂိုးအများဆုံး သွင်းနိုင်မယ့် ထိပ်တန်း ကစားသမားလောင်း တချို့ကို သုံးသပ်ကြည့်ရအောင်ပါ။

#ဝါရင့်ကစားသမားတွေအတွက် အခွင့်အလမ်း သိပ်မရှိ

—————————————–

ဒါကတော့ ဟာရီကိန်း အတွက် သတင်းဆိုးပါပဲ။ သမိုင်းကြောင်းအရ ကြည့်ရင် အသက် ၃၀ နဲ့ အထက်ရှိသူတဦးဦးက ၂၀၂၆ ရွှေဖိနပ်ဆုကို ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဒါဟာ သမိုင်းမှာ တကြိမ်ပဲ ဖြစ်ဖူးပါသေးတယ်၊ အဲဒါကတော့ ၉၈ ပြင်သစ် ကမ္ဘာ့ဖလားမှာ ခရိုအေးရှား အသင်း လွတ်လပ်ရေးရပြီးနောက် ပထမဆုံး အကြိမ် ဝင်ပြိုင်ပြီး တတိယ နေရာရတုန်းက အသက် ၃၀ အရွယ် ဒါဗိုဆူကာ က ၆ ဂိုး သွင်းယူခဲ့စဉ်တုန်းကပါ။

ဆူကာ ကတော့ ဒီစည်းမျဉ်းရဲ့ ချွင်းချက်ပါ။ ယေဘုယျ အားဖြင့် ရွှေဖိနပ်ဆုရှင် တွေရဲ့ ပျမ်းမျှ အသက်က ၂၄ ဒသမ ၇ နှစ် ဖြစ်ပါတယ်။

၂၀၂၂ တုန်းကတော့ အသက် ၂၄ နှစ်အရွယ် အမ်ဘာပေ က အသက် ၃၅ နှစ်အရွယ် လီယွန်နယ် မက်ဆီထက် ၁ ဂိုး ပိုသွင်းပြီး ပျမ်းမျှ အသက်ကို အနည်းငယ် လျှော့ချပေးခဲ့ပါတယ်။

ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားစံချိန်ကိုတော့ ဟန်ဂေရီက ဖလိုရီယန် အဲလ်ဘတ် က ပိုင်ဆိုင်ထားပြီး သူက ၁၉၆၂ ချီလီ ကမ္ဘာ့ဖလားမှာ ပူးတွဲ ရွှေဖိနပ်ဆုရခဲ့သူ ၆ ဦးထဲက တဦး ဖြစ်ကာ အဲဒီ အချိန်က သူ့အသက်က ၂၀ နဲ့ ရှစ်လပဲ ရှိပါသေးတယ်။

#တယောက်တည်း လုပ်လို့မရ

———————

အောင်မြင်တဲ့ တိုက်စစ်မှူး တယောက်မှာ အချက်နှစ်ချက် လိုအပ်ပါတယ် – ကောင်းမွန်တဲ့ ပံ့ပိုးပေးမယ့် လမ်းကြောင်းရှိရမယ်၊ ပြီးတော့ သူတို့ အသင်းက ပြိုင်ပွဲရဲ့ ထိပ်ပိုင်းအဆင့်တွေ အထိ တက်လှမ်းနိုင်ရပါမယ်။

ဒါကြောင့်ပဲ ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံ ဘရာဇီး အသင်းကနေ ဂိုးသွင်း အကောင်းဆုံး တိုက်စစ်မှူး ၆ ဦးအထိ ထွက်ပေါ်ခဲ့တာဟာ အံ့သြ စရာတော့ မဟုတ်ပါဘူး။

သူတို့ရဲ့ ပထမဆုံး ရွှေဖိနပ်ဆုရှင်က ၁၉၃၈ ခုနှစ်က လီယိုနီဒတ်စ် ဖြစ်ပြီး နောက်ဆုံး ရရှိခဲ့သူကတော့ ၂၀၀၂ ခုနှစ်က ရော်နယ်ဒို (ဘရာဇီး) ဖြစ်ပါတယ်။

အုပ်စုအဆင့်မှာ ဂိုးတွေ အများကြီး သွင်းထားနိုင်တာက ရွှေဖိနပ်ဆု မျှော်လင့်ချက် အတွက် အစကောင်းတစ်ခု ဖြစ်ပေမဲ့ တကယ်လို့ ကိုယ့် အသင်းက ရှုံးထွက်အဆင့်တွေမှာ ရှေ့ ဆက်မတက်နိုင်ဘူး ဆိုရင်တော့ အကြီးအကျယ် နစ်နာသွားပါလိမ့်မယ်။

ဒါကတော့ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားတုန်းက စီရော်နယ်ဒို ကြုံခဲ့ရတဲ့ ကံကြမ္မာပါပဲ။ သူက အုပ်စု B မှာ ၄ ဂိုး သွင်းခဲ့ပေမဲ့ ပေါ်တူဂီက ၁၆ သင်း အဆင့်မှာတင် ပြုတ်သွားခဲ့ပါတယ်၊ တဘ်က်မှာတော့ ကိန်း က ၆ ဂိုး သွင်းယူပြီး အင်္ဂလန်ကို ဆီမီးဖိုင်နယ် အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာလည်း ချွင်းချက်တခု ရှိခဲ့ဖူးပါတယ်၊ အဲဒါကတော့ ၉၄ အမေရိကန် ကမ္ဘာ့ဖလားတုန်းက ရုရှားအသင်းရဲ့ အိုလက် ဆလန်ကို ပါ။ သူတို့ ရုရှား အသင်းဟာ အုပ်စု B ကနေ မတက်နိုင်လို့ အိမ်ပြန်ရမှာ ဖြစ်ပေမယ့် ကင်မရွန်းကို ၆ ဂိုး ၁ ဂိုးနဲ့ အပြတ်အသတ် နိုင်တဲ့ပွဲမှာတင် သူက ၅ ဂိုး သွင်းပစ်ခဲ့လို့ ဖြစ်ပြီး၊ စုစုပေါင်း ၆ ဂိုးနဲ့ ရွှေဖိနပ်ဆုကို ရသွား ခဲ့တာ ဖြစ်ပါတယ်။

#ကိုယ့်ကလပ်အသင်းမှာ ခြေစွမ်းအရင်ပြထားပါ

——————–

ဂျာမနီ ဘိုင်ယန်မြူးနစ် အသင်းက သောမတ်စ် မူလာ ဟာ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားကို မသွားခင် အထိ သူ့နိုင်ငံအတွက် တဂိုးမှ မသွင်းဖူးသေးပါဘူး။

“ကျွန်တော် အဓိက ကတော့ ကံကောင်းသွားတာပါ၊ (ကမ္ဘာ့ဖလား ကစားချိန်) အချိန်ကောင်းမှာ အကောင်းဆုံး ဖြစ်သွားခဲ့တာ” လို့ မူလာက ရွှေဖိနပ်ဆုနဲ့ အတူ ပြန်လာ ချိန်မှာ ပြောခဲ့ပါတယ်။

၂၀၀၉-၁၀ ဘွန်ဒက်ရှ်လီဂါ ရာသီတုန်းက မူလာဟာ ဘိုင်ယန်မြူးနစ် ကနေ အငှားချခံရဖို့ ဒါမှမဟုတ် ရောင်းထုတ်ခံရဖို့အထိ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ လူဝီဗန်ဟားလ် အသင်းကို ရောက်လာခဲ့ပြီးနောက်မှာတော့ သူက ရုတ်တရက် ပုံမှန် ပွဲထွက်ခွင့်ရသူ ဖြစ်လာခဲ့ပါတယ်။

မူလာက ဘိုင်ယန်ရဲ့ လိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ ရာသီမှာ ပွဲတိုင်း ကစားပြီး ၁၃ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီး ပေးခဲ့တာကြောင့် ကလပ်အသင်းရာသီ အောင်မြင် ပြီးနောက် ကမ္ဘာ့ဖလားကို အကောင်းဆုံး ပုံစံနဲ့ ရောက်ရှိလာ ခဲ့တာ ဖြစ်ပါ တယ်။

#ဂိုးအရေ အတွက်တူနေရင်

—————-

တကယ်လို့ ကစားသမားတွေဟာ သွင်းဂိုးတူနေရင်တော့ ရော ဂိုးဖန်တီးမှုကို ကြည့်မှာ ဖြစ်ပြီး နှစ်ခုလုံးတူနေရင် ဘာဖြစ်မလဲလို့ တွေးမိနေရင်တော့ ဖီဖာ အနေနဲ့ ပွဲကစားချိန် မိနစ် အနည်းဆုံး ကစား ထားရတဲ့သူကို ရွှေဖိနပ်ဆု ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

၂ ကြိမ်မြောက် ဆုရှင်ပေါ်ခဲ့ရင် #ဘာပေ ဖြစ်မလား #ကိန်း ဖြစ်မလား

———————–

အင်္ဂလန်က ဟာရီကိန်း ဟာ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမှာ (၆) ဂိုးနဲ့ ရွှေဖိနပ်ဆု ရခဲ့ပါတယ်။

ပြင်သသစ်က ကီလီယန် အမ်ဘာပေ ကတော့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ (၈) ဂိုးနဲ့ ရွှေဖိနပ်ဆု ရခဲ့ပါတယ်။

ဒါကြောင့် သူတို့နှစ်ယောက်စလုံးဟာ ရွှေဖိနပ်ဆုကို တကြိမ်စီပဲ ရရှိ ထားကြ သေးတာ ဖြစ်လို့ အခုလာမယ့် ၂၀၂၆ ပြိုင်ပွဲမှာ ဘယ်သူက သမိုင်းဝင်ပြီး ဒီစံချိန်ကို စတင် ဖွင့်လှစ်နိုင်မလဲ ဆိုတာ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version