THN Public Media Blog သတင်း နိုင်ငံတကာ ရှီကျင့်ဖျင် ကြိုဆိုမှုကို ကျေနပ်ခဲ့ပေမယ့် ဓါတ်ငွေ့ပိုက်လိုင်း သဘောတူညီမှု မရဘဲ ပူတင်အိမ်ပြန်ခဲ့ရ
နိုင်ငံတကာ နိုင်ငံရေး

ရှီကျင့်ဖျင် ကြိုဆိုမှုကို ကျေနပ်ခဲ့ပေမယ့် ဓါတ်ငွေ့ပိုက်လိုင်း သဘောတူညီမှု မရဘဲ ပူတင်အိမ်ပြန်ခဲ့ရ

မေလ ၂၁ – ၂၀၂၆

ပေကျင်းမြို့ကို မော်စကိုမြို့လို့တောင် ခဏလောက်တော့ ခင်ဗျားတို့ မှားသွားနိုင်ပါတယ်။

ဗလာဒီမီယာ ပူတင် နဲ့ ရှီကျင့်ဖျင် တို့ ပြည်သူ့ခန်းမဆောင်ကြီးဆီ ကော်ဇောနီပေါ် လျှောက်လှမ်း လာကြစဉ်မှာ တရုတ်စစ်တီးဝိုင်းက ရိုမန်တစ်ဆန်တဲ့ ရုရှားဂန္ထဝင်သီချင်းဖြစ်တဲ့ “မော်စကိုညများ” ကို တီးခတ်ပေးခဲ့ပါတယ်။

“ဒီမော်စကိုညတွေက ကျွန်တော့် အတွက် ဘယ်လောက်တောင် တန်ဖိုး ရှိလဲ ဆိုတာ မင်းသာသိခဲ့ရင်” ဆိုပြီး သီချင်းစာသားက ဆိုပါတယ်။

အဲဒီ ဂီတသံစဉ်တွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အရ ရိုမန်တစ်ဆန်မှု အရိပ်အယောင်လေး တွေများ ရှိနေမလား။

ဒါမှမဟုတ် ညီအစ်ကိုလို ရင်းနှီးမှု Bromance မျိုးလားပေါ့။

ပူတင်က ရှီကျင့်ဖျင် ကို “ကျွန်တော့်ရဲ့ ချစ်လှစွာသော မိတ်ဆွေ” လို့ ခေါ်ခဲ့ပါတယ်။

ရှီကျင့်ဖျင် ကလည်း ပူတင်ကို “ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းကြီး” လို့ ပြန်ပြောခဲ့ ပါတယ်။

ဒါဟာ သူတို့ကြားမှာ ထူးခြားတဲ့ ဆက်ဆံရေးတခု တည်ဆောက် ထားနိုင်တယ် ဆိုတာကို ပြချင်ကြတဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ ပြောဆိုမှုပဲ ဖြစ်ပါတယ်။

သူတို့မှာ အဲဒီလိုလုပ်ဖို့ အချိန်တွေအများကြီး ရခဲ့ပါတယ်၊ ဘာလို့လဲ ဆိုတော့ နှစ်ပေါင်းများစွာ အတွင်း သူတို့ဟာ အကြိမ်ပေါင်း ၄၀ ကျော် တွေ့ဆုံ ခဲ့ဖူးလို့ပါပဲ။

သူတို့ရဲ့ လူထုရှေ့ ပြောကြားချက်တွေ မှာတော့ နှစ်နိုင်ငံကြား “ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု”၊ “မိတ်ဖက်ဖြစ်မှု”၊ “အပြန်အလှန် လေးစားမှု”၊ “ချစ်ကြည်ရေး” နဲ့ “ယုံကြည်မှု” အကြောင်းတွေကို ထည့်သွင်း ပြောဆိုခဲ့ကြပါတယ်။

သူတို့နှစ်ဦးစလုံးဟာ အမေရိကန်ရဲ့ တာဝန်မဲ့တဲ့ နျူကလီးယား မူဝါဒကို အတူတကွ ဝေဖန်ခဲ့ကြသလို ဒေါ်နယ်ထရမ့်ရဲ့ Golden Dome မစ်ဇိုင်းဒုံး ကာကွယ်ရေး စနစ် စီမံကိန်းကိုလည်း ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

ဒီခရီးစဉ် မတိုင်ခင် ညပိုင်းမှာ ရုရှားအစိုးရပိုင် သတင်းစာရဲ့ မျက်နှာဖုံးမှာ ဓာတ်ပုံကြီး နှစ်ပုံကို ဖော်ပြခဲ့ပါတယ်၊ တပုံ ကတော့ ပြီးခဲ့တဲ့အပတ်က တရုတ်ခရီးစဉ် အပြီး လေယာဉ်ပေါ်ကို အထီးကျန်စွာ တက်သွားတဲ့ ထရမ့်ရဲ့ ပုံဖြစ်ပြီး၊ သူ့ဘေးက ပုံကတော့ ပူတင်နဲ့ ရှီကျင့်ဖျင် တို့ အတူတူ လျှောက်လှမ်း နေတဲ့ ပုံဟောင်းတခု ဖြစ်ပါတယ်။

အဲဒီပုံတွေ ကနေ ပေးချင်တဲ့ အရိပ်အမြွက် ကတော့ ရှင်းပါတယ်၊ အဲဒါ ကတော့ ရုရှားနဲ့ တရုတ်ဟာ ကမ္ဘာ့ဇာတ်ခုံ ပေါ်မှာ ပခုံးချင်းယှဉ် ရပ်တည် နေကြတယ် ဆိုတာပါပဲ။

ဒါပေမဲ့ ဒီကမ္ဘာကြီးဟာ အချစ်သီချင်းတွေ၊ ရိုမန်တစ်ဆန်မှု တွေနဲ့ ညီအစ်ကိုလို ရင်းနှီးမှုတွေနဲ့ လည်ပတ်နေတာ မဟုတ်ပါဘူး။

ဒါဟာ ပထဝီနိုင်ငံရေး Geopolitics ဖြစ်ပါတယ်။

ပြီးတော့ ပထဝီနိုင်ငံရေး လောကမှာ ဆက်ဆံရေးတွေဆိုတာ အချစ်နဲ့ သံယောဇဉ် အပေါ်မှာ အခြေခံ ခဲလှပြီး အများအားဖြင့်တော့ ကိုယ်ကျိုး စီးပွား အပေါ်မှာပဲ အခြေခံတတ်ကြပါတယ်။

ရှီ-ပူတင် ထိပ်သီး အစည်းအဝေးမှာတော့ အဲဒီအချစ်တွေမှာ အကန့် အသတ် ရှိနေတယ် ဆိုတာ ထင်ရှားလာခဲ့ပါတယ်။

စွမ်းအင်ကဏ္ဍကိုပဲ ကြည့်ကြရအောင်။

ရုရှားအနေနဲ့ Power of Siberia 2 လို့ခေါ်တဲ့ ပိုက်လိုင်း အသစ် စီမံကိန်းကို ရှေ့ဆက်ဖို့ အလွန်စိတ်အား ထက်သန်နေပြီး ပေကျင်းမြို့မှာ တိုးတက်မှု တချို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။

ဒီပိုက်လိုင်းဟာ ရုရှားဂတ်စ်တွေကို ဆိုက်ဘေးရီးယား အနောက်ပိုင်း ကနေ မွန်ဂိုလီးယားကို ဖြတ်ပြီး တရုတ်နိုင်ငံမြောက်ပိုင်းဆီ ပိုမိုပေးပို့နိုင်မှာ ဖြစ်ပြီး၊ မော်စကို အတွက်တော့ ဥရောပစျေးကွက် ဆုံးရှုံးသွားမှုကို အစားထိုး နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရုရှားနဲ့ တရုတ်ဟာ ဒီစီမံကိန်း အတွက် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြပေမဲ့ ပေကျင်းဘက် ကတော့ ဒီသဘောတူညီချက် ကို အလျင်စလို လုပ်မယ့် ပုံမပေါ်ပါဘူး။ စျေးနှုန်းညှိနှိုင်းမှု ကိစ္စတွေ အပြင် တရုတ်အနေနဲ့ ရုရှားရဲ့ ရုပ်ကြွင်းလောင်စာ အပေါ် အလွန်အမင်း မှီခိုရမှာ မျိုးကို ရှောင်လွှဲ ချင်နေတာလို့ ဝေဖန်သူ တချို့က ယူဆကြပါတယ်။

ဗုဒ္ဓဟူးနေ့တုန်း ကတော့ ရုရှားနဲ့ တရုတ်ဟာ ဒီစီမံကိန်းရဲ့ “အခြေခံမူဘောင်တွေ အပေါ် အထွေထွေနားလည်မှု” ရရှိခဲ့ကြပြီ လို့ ခရင်မလင် က ပြောပါတယ်။

ဒါပေမဲ့ အပြီးသတ် သဘောတူညီချက် ရသွားတဲ့ အရိပ်အယောင်တော့ မတွေ့ရ သေးပါဘူး။

ရုရှားတာဝန်ရှိသူတွေ အနေနဲ့ စိတ်ပျက်မိမှာ ဖြစ်ပေမဲ့ သူတို့ အတွက်တော့ ဒါဟာ အံ့သြစရာ မဟုတ်ပါဘူး။

ပူတင်နဲ့ ရှီကျင့်ဖျင် ပခုံးချင်း ယှဉ်တွဲနေတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့တဲ့ အဲဒီနေ့ထုတ် ရုရှား အစိုးရ သတင်းစာထဲမှာတင် “ရုရှားနဲ့ တရုတ်ရဲ့ ရပ်တည်ချက် တွေဟာ ထပ်တူမကျပါဘူး။ သူတို့ရဲ့ အကျိုးစီးပွားတွေ ကလည်း အမြဲတမ်း တိုက်ဆိုင် နေတာမျိုး မဟုတ်ပါဘူး” လို့ ဝန်ခံ ရေးသားထားလို့ပဲ ဖြစ်ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version