ပြည်တွင်း

လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းထားတဲ့ ဗုဒ္ဓဂါယာ “ဝင်းဝင်းနို့ဆီ” ကျောင်းတိုက် ဆရာတော် ဦးဝိသုတ အတွက် ဆုတောင်းပွဲ လုပ်ခွင့် မရ

နိုဝင်ဘာ ၁၆ – ၂၀၂၅

စစ်ကိုင်းတိုင်း အတွင်းမှာ လက်နက်ကိုင် အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ “ဝင်းဝင်းနို့ဆီ”ကျောင်းတိုက် နဲ့ ရွှေဘိုမြို့ မဟာဝိသုတာရာမ ဗုဒ္ဓဂယာ ကျောင်းတိုက် ဆရာတော် ဒေါက်တာဝိသုတ ပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်း မေတ္တာ ပို့သပွဲပြုလုပ်ဖို့ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့ပေမယ့် ဂေါပကအဖွဲ့မှ ခွင့်မပြုတာကြောင့် ဝတ်ပြုဆုတောင်းခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။

ဆုတောင်းမေတ္တာပို့သပွဲကို ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၆ နာရီမှာ ရွှေတိဂုံဘုရား အောင်မြေမှာ ရဟန်းသံဃာ နဲ့ လူပုဂ္ဂိုလ်တွေ စုပေါင်းပြီး ဝတ်ပြုဆုတောင်းဖို့ သွားရောက်ခဲ့ပေမယ့် ပြုလုပ်ခွင့်မရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

” ဂေါပကအဖွဲ့ ခွင့်မပြုဘူး ။ ပူဇော်ခွင့်မရခဲ့ဘူး ။ ဘာဗီနိုင်းမှ မပါဘူး။ ဒကာ ဒကာမတွေနဲ့စုပြီး ဘုရားရှိခိုးမယ် ။ မောရသုတ်လေးရွတ်မယ် ။ အမျှဝေမယ် ဒါလောက်ပဲမှန်းတာကို ခွင့်မပြုဘူးဆိုတော့ စိတ်ကနေပဲ ရည်မှန်းပြီး စိတ်ညွှတ်ပြီး ဆုတောင်းမေတ္တာပို့သတာ သက်သက်ပါ ။ “လို့ ဆုတောင်း မေတ္တာပို့သပွဲလုပ်ဖို့ သွားရောက်ခဲ့တဲ့ တောင်ပုလ ဆရာတော် က မိန့်ပါတယ်။

လက်ရှိမှာတော့ ဆရာတော်ကြီး အဖမ်းခံရမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို ဥပဒေနဲ့အညီ တရားဝင်လူပျောက် တိုင်ချက်ဖွင့်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“တရားလိုအဖြစ် တိုင်ကြားမယ့်သူကို ရွေးနေတုန်းပဲ။ သံဃာဖွင့်တာထက် လူပူဂ္ဂိုလ်ဖွင့်တာ ပိုသင့်တော်တာပေါ့ ။ ” လို့ ဆရာတော်က ဆက်လက် မိန့်ပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ဆရာတော်ဒေါက်တာဝိသုတ နဲ့ မိသားစု ဝင်တွေ အဆက်အသွယ် ရရှိထားပြီး ဆရာတော်ကြီးမှာ ကျန်းမာပြီး ဘေးကင်းမှုရှိတယ်လို့လည်း သိရပါတယ်။

” ဆရာတော်ကြီးရဲ့ ညီအရင်းနဲ့ ဖုန်းဆက်သွယ်ရတယ် ။ ဆရာတော်ကြီး ကျန်းကျန်းမာမာရှိတယ်လို့ သိရပါတယ်။ ” လို့ ထပ်မံ မိန့်ပါတယ်။

ဆရာတော် ဒေါက်တာဝိသုတက အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ “ဝင်းဝင်းနို့ဆီ”ကျောင်းတိုက် နှင့် ရွှေဘိုမြို့ မဟာဝိသုတာရာမ ဗုဒ္ဓဂယာ ကျောင်းတိုက် တို့ကို တည်ထောင်ထားတဲ့ ဆရာတော်ဖြစ်ပြီး အိန္ဒိယ နိုင်ငံမှာ သာသနာပြုပြီး နိုင်ငံရေးအရောင်အဆင်းကင်းပြီး သာသနာ့စိတ်ဓါတ် အပြည့်ရှိတဲ့ ကြည်ညိုထိုက်သော ရဟန်းတော် တပါးဖြစ်တယ်လို့ တပည့်ဒကာတွေကဆိုပါတယ် ။

ဆရာတော်ဒေါက်တာဝိသုတဟာ အိန္ဒိယကို ပြန်ကြွဖို့အတွက် နိုဝင်ဘာ ၅ ရက်နေ့မှာ ရွှေဘိုကနေ ရန်ကုန်ကို ခရီးသည်ကားနဲ့ ပြန်စဥ် ရွှေဘိုမြို့ အထွက် ကင်းဗျားရွာအနီးမှာ လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးသွားခြင်း ဖြစ်တယ်လို့ သိရပါတယ် ။

ဆရာတော်ပြန်လည်လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေတဲ့ ဆရာတော် အရှင်သုန္ဒ ကတော့ ဆရာတော်ဒေါက်တာဝိသုတကို ဖမ်းဆီးသွားတဲ့အဖွဲ့ဟာ ရွှေဘိုမြို့နယ်၊ တိုက်နယ် (၅)၊ ပကဖ အဖွဲ့ ဖြစ်ကြောင်း ပြောဆို အသိပေးထားပြီး ဆရာတော်ကြီးကို ပြန်လွှတ်ပေးဖို့ သူ့ရဲ့လူမှုကွန်ယက် ကနေ တောင်းဆိုထားပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *