THN Public Media Blog သတင်း နိုင်ငံတကာ လက်ဘနွန်ကို တိုက်ခိုက်မှု ချက်ခြင်းမရပ်ရင် “နောင်တရစေမယ့် တုံ့ပြန်မှု” လုပ်ဆောင်မယ်လို့ အီရန်ပြော
နိုင်ငံတကာ

လက်ဘနွန်ကို တိုက်ခိုက်မှု ချက်ခြင်းမရပ်ရင် “နောင်တရစေမယ့် တုံ့ပြန်မှု” လုပ်ဆောင်မယ်လို့ အီရန်ပြော

ဧပြီ ၈ – ၂၀၂၆

လက်ဘနွန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေသာ ဆက်ရှိနေမယ် ဆိုရင် နောင်တရစေမယ့် တုံ့ပြန်မှုမျိုး ပြုလုပ်သွားမယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ် IRGC က သတိပေးလိုက်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာတွေ မှာ ဖော်ပြထားပါတယ်။

လက်ဘနွန်အပေါ် ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ခြင်း မရှိဘူးဆိုရင် “နောင်တရစေမယ့် တုံ့ပြန်မှု” ကို လုပ်ဆောင်သွားမယ်လို့ အီရန်အစိုးရပိုင် ရုပ်သံလိုင်းဖြစ်တဲ့ IRIB က သတင်း ထုတ်ပြန်ခဲ့တာပါ။

အဲဒီရုပ်သံလိုင်းရဲ့ တယ်လီဂရမ် စာမျက်နှာမှာ ဖော်ပြထားတဲ့ သတင်းစကား အရ “ကတိဖျက်တတ်တဲ့ အမေရိကန်နဲ့ သတ်ဖြတ်မှု တွေမှာ ပါဝင်နေတဲ့ သူတို့ရဲ့ ဇီယွန်ဝါဒီ မိတ်ဖက်အစ္စရေးတို့ အတွက် ပြင်းထန်တဲ့ သတိပေးချက်တခု ကျွန်ုပ်တို့မှာ ရှိပါတယ်” လို့ ဆိုပါတယ်။

“ချစ်ကြည်ရင်းနှီးရတဲ့ လက်ဘနွန်နိုင်ငံ အပေါ် ကျူးကျော်မှုတွေကို ချက်ချင်း အဆုံးမသတ်ဘူး ဆိုရင် ကျွန်ုပ်တို့ရဲ့ တာဝန်ဝတ္တရား အတိုင်း ဒေသတွင်းက ယုတ်မာတဲ့ ကျူးကျော်သူတွေကို နောင်တရသွားစေမယ့် တုံ့ပြန်မှုမျိုး ပေးအပ်သွားမှာ ဖြစ်ပါတယ်” လို့လည်း ဖော်ပြထားပါတယ်။

နိုင်ငံပိုင် IRNA သတင်းဌာန ကလည်း အီရန်တော်လှန်ရေး အစောင့်တပ် အရာရှိ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး “ဂုဏ်သိက္ခာရှိတဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ အပေါ် တိုက်ခိုက်တာဟာ အီရန်ကို တိုက်ခိုက်တာနဲ့ အတူတူပါပဲ၊ အစ္စရေး အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အတွက် ပြင်းထန်တဲ့ စစ်ရေးတုံ့ပြန်မှုတခု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ထဲမှာ လက်ဘနွန်နိုင်ငံ မပါဝင်ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်တ် က ပြောပါတယ်။

သမ္မတ ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ဟာ မနေ့ညက စကားပြောဆိုခဲ့ကြပြီး အစ္စရေးဝန်ကြီးချုပ် အနေနဲ့ အပစ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို ထောက်ခံသလို ဆွေးနွေးပွဲတွေမှာလည်း အဓိက မိတ်ဖက်တဦး အဖြစ် ပါဝင်သွားမယ်လို့ သူမက ဆိုပါတယ်။

လက်ဘနွန်နိုင်ငံ အနေနဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်မှာ ပါဝင် လာနိုင်ခြေ ရှိ၊ မရှိ မေးမြန်းရာမှာတော့ ဒါကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သူမက ပြန်လည်ဖြေကြားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version