ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလ လမ်းက ” ရွှေဇင်ရွှေဆိုင် ” ဓားပြတိုက်သူတွေ ကို ဒီဇင်ဘာ ၉ ရက်နေ့က ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။
ရွေဆိုင်ကို ဓားပြတိုက် လုယက်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား နှစ်ယောက်နဲ့ လုယက်ခဲ့တဲ့ ပစ္စည်းကို လက်ခံသိမ်းဆည်းပေးခဲ့တဲ့ ကြံရာပါ အမျိုးသမီးနဲ့ အမျိုးသား တယောက်တို့ကို ဖမ်းဆီးရမိ ခဲ့တာ ဖြစ်ပါတယ်။
ဓားပြတိုက်သူ နှစ်ယောက်ကတော့ သာကေတမြို့နယ်ရှိ Aung Brother လက်ဘက်ရည်ဆိုင် ပိုင်ရှင် အောင်ကိုဇင် ဆိုသူနဲ့ အဖျော်ဆရာ အမျိုးသားတို့ ဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
” လုတာက နှစ်ယောက်ပါ။ သူတို့ကတော့ သာကေတ ၈ ရပ်ကွက် ကလို့သိရတယ် ။ လုပြီးတဲ့ ပစ္စည်းကိုမှ သိမ်းပေးထားတဲ့ ကြံရာပါက နောက်ထပ်နှစ်ယောက်လို့ သိရတယ်။ ဓားပြတိုက်တာကို ဝန်ခံပြီလို့လည်း သိရတယ်။ ဘယ်လိုပုံစံ ဖမ်းမိတယ်ဆိုတာ မသိရသေးဘူး ။ အဓိက CCTV တွေ အရ စုံစမ်းရာကနေ မိသွားတာလို့တော့ သိရတယ်။ ပစ္စည်းတွေရာ ၊ သေနတ်ရော အကုန် မိတယ် သိရတယ် ။ ” လို့ သူကပြောပါတယ်။
လက်ရှိမှာ ဓားပြတိုက်မှု ကျူးလွန်သူတွေကိုတော့ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်း ကာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရ ပါတယ်။
ရွှေဇင်ရွှေဆိုင် ဓားပြတိုက်မှုကတော့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဓားပြတိုက် လုယက်မှုမှာ ရွှေထည်ပစ္စည်းတွေ နဲ့ ငွေသား ကျပ်သိန်း ၁၀၀၀ လောက် ပါသွားခဲ့တာပါ။
မနက် ၉ နာရီလောက်မှာ ရွှေဆိုင်ဖွင့်ဖို့ အတွက် ကားပေါ်ကနေ ရွှေထည်ပစ္စည်းထုတ်တွေ ချစဥ် သေနတ် ကိုင်ထားတဲ့ အမည်မသိ အမျိုးသား နှစ်ယောက် ရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ပစ္စည်းနဲ့ ငွေသားကို လုယက်သွားတာ ဖြစ်ပါတယ် ။
crd – VOM
—————————
THN Public Media
