THN Public Media Blog သတင်း နိုင်ငံရေး သတင်းထောက် မမုဒြာ ကို ချက်ခြင်းလွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို
နိုင်ငံရေး သတင်း

သတင်းထောက် မမုဒြာ ကို ချက်ခြင်းလွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို

အောက်တိုဘာ ၅ – ၂၀၂၅

မောင်တောအခြေစိုက် Border News Agency အမျိုးသမီးသတင်းထောက် မမုဒြာ ကို အာရက္ခတပ်တော် (ULA/AA) က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အပေါ် ချက်ခြင်းပြန်လွှတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို အမျိုးသမီးအဖွဲ့ ၃ ဖွဲ့က တောင်းဆို လိုက်ပါတယ်။

Myanmar Women in Media၊ Burmese Women’s Union နဲ့ Sisters 2 Sisters ၃ ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့က တောင်းဆိုတဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ မမုဒြာ ကို ဖမ်းဆီး စစ်ဆေးချိန် သီတင်း ၂ ပတ် ရှိပြီဖြစ်လို့ စိုးရိမ်ပူပန်ကြောင်း ဖေါ်ပြထားပါတယ်။

AA ကတော့ မမုဒြာ ဟာ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်ကြောင်းနဲ့ ဖမ်းဆီးတာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

တောင်းဆိုချက် ၃ ချက်

——————

၁။ ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခြင်း သတင်းထောက် မမုဒြာသည် သတင်းမီဒီယာလုပ်ငန်းကို ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ သတင်းထောက်တစ်ဦးကို ယခုကဲ့သို့ ကြာရှည်စွာ ဖမ်းဆီးစစ်ဆေးနေခြင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနှင့် လွတ်လပ်စွာ သတင်းရယူတင်ပြခွင့်ကို တိုက်ရိုက်ထိပါးစေပါသည်။ ထို့ကြောင့် ULA/AA အနေဖြင့် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သော သတင်းလွတ်လပ်ခွင့်နှင့် သတင်းထောက် တစ်ဦး၏ သတင်းအလုပ် လုပ်ကိုင်နေခြင်းကို နားလည်ပြီး သတင်းထောက် မမုဒြာကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် MWiM က တောင်းဆိုပါသည်။

၂။ သတင်းလွတ်လပ်ခွင့်ကို လေးစားရန် တောင်းဆိုခြင်း လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများသည် မီဒီယာသမားများအား ၎င်းတို့၏ တာဝန်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို အပြည့် အဝ လေးစားရန် လိုအပ်ပါသည်။ သတင်းအလုပ်လုပ်ကိုင်ခြင်းကို အကြောင်းပြု၍ ဖမ်းဆီးခြင်းသည် သတင်းလွတ်လပ်ခွင့် (Freedom of Press) နှင့် ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) ကို ထိခိုက်စေပါသည်။ မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (RSF) တွင် နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် ၁၆၉ ဖြင့် အလွန်ဆိုးရွားစွာ ရပ်တည်နေသည့် အခြေအနေတွင် မီဒီယာသမားများအပေါ် ဖိအားပေးမှုများ ထပ်မံဖြစ်ပေါ်ခြင်းကို MWiM က ပြင်းထန်စွာ – ရှုတ်ချ ပါသည်။

၃။ အမျိုးသမီး မီဒီယာသမားများ၏ ဘေးကင်းလုံခြုံရေး MWiM သည် အမျိုးသမီး မီဒီယာသမားများအတွက် ဦးစားပေးလုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ၊ တိုက်ပွဲနယ်မြေနှင့် စိန်ခေါ်မှုများသော ဒေသများတွင် ရဲဝံ့စွာ တာဝန်ထမ်းဆောင်နေသော အမျိုးသမီးသတင်းထောက်များ၏ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထား စိုးရိမ်ပူပန်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version