THN Public Media Blog သတင်း နိုင်ငံတကာ သီရိလင်္ကာကမ်းလွန်မှာ အီရန်စစ်သင်္ဘောကို အမေရိကန် ရေငုပ် သင်္ဘောက ပစ်ခတ် နှစ်မြှုပ်
နိုင်ငံတကာ

သီရိလင်္ကာကမ်းလွန်မှာ အီရန်စစ်သင်္ဘောကို အမေရိကန် ရေငုပ် သင်္ဘောက ပစ်ခတ် နှစ်မြှုပ်

မတ်လ ၄ – ၂၀၂၆

သီရိလင်္ကာကမ်းလွန်ပင်လယ်ပြင်မှာ အီရန် ဖရီးဂိတ် စစ်သင်္ဘောတစီးကို အမေရိကန် ရေငုပ်သင်္ဘောက ပစ်ခတ် နှစ်မြှုပ်လိုက်ပါတယ်။

ဒီဖရီးဂိတ် သင်္ဘောမှာ အမြောက်ကြီးတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ၊ သင်္ဘောဖျက် ဒုံးကျည်တွေနဲ့ တော်ပီဒိုတွေ တပ်ဆင်ထား ပါတယ်။

အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံ ရေတပ်ရဲ့ တောင်ပိုင်းရေတပ်စုက Moudge-class ဖရီးဂိတ် စစ်သင်္ဘောဖြစ်တဲ့ IRIS Dena နစ်မြုပ်မှုဟာ အမေရိကန်မှာ တာဝန်ရှိတယ်လို့ အမေရိကန် အရာရှိ သုံးဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ ပါတယ်။

အနည်းဆုံး လူပေါင်း ၁၀၁ ဦး ပျောက်ဆုံးနေပြီး တဦးသေဆုံးကာ ၇၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သီရိလင်္ကာရေတပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က ဆိုပါတယ်။

ဒီ စစ်သင်္ဘောဟာ အကြီးစား လက်နက်တွေ အပြင် ရဟတ်ယာဉ် တစီးကိုလည်း တင်ဆောင်နိုင်စွမ်းရှိပါတယ်။

အစောပိုင်းကတော့ အမေရိကန်စစ်တပ်က အီရန်သင်္ဘော ၁၇ စီးကို ဖျက်ဆီးပြီး ဖြစ်ကြောင်းနဲ့ အီရန်ရေတပ်တခုလုံး ကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ် ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးက အီရန် သင်္ဘောဆီကနေ အရေးပေါ် အကူအညီတောင်းခံချက်ကို လက်ခံရရှိခဲ့ပြီးနောက် မနက် ၆ နာရီမှာ သီရိလင်္ကာ ရေတပ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ခဲ့ ကြောင်း ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ စနေနေ့က အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုနဲ့အတူ စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ နောက်ဆုံးအဆင့် တင်းမာမှု ဖြစ်ပါတယ်။

ဒီသင်္ဘောနစ်မြုပ်မှုဟာ ဟော်မုဇ်ရေလက်ကြားနဲ့ ရေမိုင် ၂၅၀၀ လောက် ဝေးတဲ့ အိန္ဒိယ သမုဒ္ဒရာ အတွင်းပိုင်း အထိ စစ်ပွဲကျယ်ပြန့်လာတာကို ပြသနေပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် IRGC ကတော့ ရေနံတင်ပို့မှု အတွက် အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြားကို အပြည့်အဝထိန်းချုပ်ထားပြီ လို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

အဲဒီရေလက်ကြားကို ဖြတ်သန်းတဲ့ ဘယ်သင်္ဘောကို မဆို မီးရှို့ ဖျက်ဆီး ပစ်မယ် လို့ တီဟီရန်က သတိပေးထားပြီး သင်္ဘောသွားလာမှု တွေကို ရပ်တန့်စေခဲ့ ပါတယ်။

အမေရိကန်-အစ္စရေး စစ်ဆင်ရေး စတင်ကတည်းက အီရန်ဟာ ပင်လယ်ကွေ့ ဒေသက ရေနံတင် သင်္ဘောအချို့ကို ပစ်မှတ်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အီရန်ရေတပ်ဌာနချုပ် ပျက်စီးသွားပြီး စစ်သင်္ဘော တချို့ နစ်မြုပ်သွားတဲ့အတွက် အီရန် ရေတပ်အင်အားမှာ အားလျော့သွားပြီ ဖြစ်ပါတယ်။

ref: The Telegraph

—————-

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version