နိုင်ငံတကာ

သြဇာကြီးတဲ့ အောက်လွှတ်တော် ဥက္ကဌဟောင်း နန်စီ ပလိုစီ ကွန်ဂရက် အမတ်အဖြစ်ကနေ အနားယူတော့မယ်လို့ တရားဝင် ကြေညာ၊ ထရမ့်က ဝမ်းမြောက်စွာကြိုဆို

နိုဝင်ဘာ ၆ – ၂၀၂၅

အမေရိကန် အောက်လွှတ်‌တော် ဥက္ကဌ ကနေ ၂၀၂၃ မှာ အနားယူ ခဲ့တဲ့ သြဇာ အရှိန်အဝါကြီးတဲ့ နန်စီပလိုစီ ဟာ လာမယ့် ၂၀၂၆ မှာ ကွန်ဂရက် အမတ် အဖြစ် ဝင်အရွေးခံတော့မှာ မဟုတ်ဘဲ အနားယူတော့မှာ ဖြစ်တယ်လို့ ဒီကနေ့ တရားဝင် ကြေညာလိုက် ပါတယ်။

အနှစ် ၂၀ တာဝန်ယူခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဖြစ် ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ မှာ အနားယူခဲ့တာ ဖြစ်ပါတယ်။

ခေါင်းဆောင် တာဝန်တွေက အနားယူပြီး ကွန်ဂရက် အမတ်အဖြစ်သာ ဆက်ရှိနေတဲ့ နန်စီပလိုစီ ဟာ အခု ကွန်ဂရက် အမတ် သက်တမ်း ကုန်မယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ မှာတော့ အမတ် အဖြစ်ကပါ လုံးဝ အနားယူတော့မှာ ဖြစ်ကြောင်း ရုပ်သံ ကနေ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“အောက်လွှတ်တော် မှာ ရပ်ပြီး ‘ကျွန်မဟာ ဆန်ဖရန်စစ္စကို ပြည်သူတွေ အတွက် ပြောဆို လုပ်ကိုင်နေပါတယ်’ လို့ ပြောရတာထက် ပိုမိုကြီးမြတ်တဲ့ ဂုဏ် ကျွန်မအတွက် မရှိပါဘူး။ ကွန်ဂရက်မှာ ခင်ဗျားတို့ရဲ့ အသံအဖြစ် အမှုထမ်း ရတာကို ကျွန်မ အမှန်တကယ် ချစ်မြတ်နိုးပါတယ်။”

“ဒါကြောင့် ကျွန်မရဲ့ ဆန်ဖရန်စစ္စကို ပြည်သူတွေကို ပထမဆုံး သိစေချင်တာ ကတော့ ကျွန်မဟာ ကွန်ဂရက် ရွေးကောက်ပွဲကို ထပ်မံ ဝင်ရောက်မှာ မဟုတ်ပါဘူး။ ကျေးဇူးတင်တဲ့ နှလုံးသားနဲ့ ခင်ဗျားတို့ရဲ့ ဂုဏ်ယူရတဲ့ ကိုယ်စားလှယ် တဦးအနေနဲ့ ကျွန်မရဲ့ နောက်ဆုံး တနှစ်တာ အမှုထမ်းခြင်း ကို မျှော်လင့်နေပါတယ်” ဟု ပလိုစီက ပြောကြားခဲ့ပါတယ်။

နန်စီ ပလိုစီ အနားယူတော့မယ့် ကြေညာချက်ကို သမ္မတ ဒေါ်နယ် ထရမ့် က ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး “နန်စီ ပလိုစီ အနားယူတာဟာ အမေရိကန် အတွက် ကောင်းတဲ့အရာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

သူမဟာ “ဆိုးယုတ်တဲ့ ခြစားတဲ့ သူဖြစ်ပြီး “ကျွန်တော်တို့ နိုင်ငံအတွက် မကောင်းတဲ့ အရာတွေကိုသာ အာရုံစိုက်နေသူ” လို့ ထရမ့်က ခေါ်ဆို လိုက်ပါတယ်။

“သူမဟာ သူမပါတီကို ထိန်းချုပ်လို့ မရတော့ဘဲ အလျင်အမြန် ဆုံးရှုံးနေရတာ ဖြစ်ပြီး ပြန်ရတော့မှာလည်း မဟုတ်ပါဘူး။ သူမ ကျွန်တော့်ကို နှစ်ကြိမ် စွပ်စွဲပြစ်တင်ခဲ့ပြီး နှစ်ကြိမ်စလုံး အကြီးအကျယ် ရှုံးနိမ့် ခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်” လို့ ထရမ့်က ပြောပါတယ်။

ပလိုစီ ကတော့ CNN နဲ့ အင်တာဗျူးမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သမ္မတ ထရမ့်ကို “ကမ္ဘာမြေ မျက်နှာပြင်ပေါ်က အဆိုးဆုံးအရာ” ဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့ဖူးပါတယ်။

ပလိုစီဟာ သမ္မတ ထရမ့် ရဲ့ ပထမ သက်တမ်းအတွင်း အဓိက ဆန့်ကျင်သူ တဦးအဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ထရမ့်က လွှတ်တော်မှာ ပြည်ထောင်စု အခြေပြ မိန့်ခွန်းကို ပြောနေချိန် ပလိုစီက ထရမ့်နောက်ကနေ အဲဒီ မိန့်ခွန်း စာရွက်ကို စုတ်ဖြဲခဲ့တာ အပါအဝင် မကြာခဏ ထရမ့်နဲ့ ပဋိပက္ခတွေ ကြောင့် ထရမ့်က သူမကို “Crazy Nancy” လို့ နာမည်ပြောင်း ပေးခဲ့ပါတယ်။

ပလိုစီရဲ့ အခု ထုတ်ပြန်ချက် ၅ မိနစ် ဗီဒီယိုမှာတော့ ထရမ့် ဒါမှမဟုတ် တခြား ပြိုင်ဘက်တွေကို ဖေါ်ပြခြင်း မရှိဘဲ ဆန်ဖရန်စစ္စကို အတွက် ပြုလုပ် ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရာသီဥတု ပြောင်းလဲမှုလို ဒီမိုကရက်တို့ရဲ့ ဦးစားပေး ကိစ္စတွေကို သာ ဆွေးနွေးခဲ့ပါတယ်။

နန်စီပလိုစီ ဟာ လက်ရှိ အသက် ၈၅ နှစ် ရှိပြီဖြစ်ပါတယ်။

ref: Fox news

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *