ဖေဖော်ဝါရီ ၁၂ – ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း ၊ဆောင်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်ရှိ Patong Prathan Khiriwat ကျောင်းက ကျောင်းအုပ်ဆရာမကြီး Mrs. Sasinphat Sinsomoson ဟာ အသက် ၁၈ နှစ်အရွယ် လူငယ်တဦးက သေနတ်နဲ့ ပစ်ခတ်ပြီး ကျောင်းသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးမှုအတွင်း ရရှိတဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားကြောင်း ထိုင်းသတင်းမှာ ဖေါ်ပြထား ပါတယ်။
အသက် ၁၈ နှစ် အရွယ် အမျိုးသား တဦးက မနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ကျောင်းထဲမှာ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် တွေ အများအပြား ရောက်ရှိလာကာ နာရီ ပေါင်းများစွာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာပါ။
သေနတ်သမားဟာ ကျောင်းထဲကို အတင်းဝင်ရောက်ပြီး ကျောင်းသား တွေကို ဓားစာခံ အဖြစ် ဖမ်းဆီးနေတဲ့အချိန်မှ ကျောင်းအုပ်ဆရာမကြီး Mrs. Sasinphat က ကျောင်းသားတွေကိုယ်စား ဓားစာခံ အဖြစ် အလဲအလှယ် လုပ်ကာ အသက်စွန့် ကာကွယ်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှု ဖြစ်စဥ်မှာ ကျောင်းအုပ်ဆရာမကြီးဟာ ဒဏ်ရာရရှိခဲ့ပြီး အထူးကြပ်မတ် ကုသဆောင် (ICU) မှာ ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။
ဒီကနေ့ မနက် ၃ နာရီမှာတော့ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ကျောင်းမှာ သေနတ်သမားလူငယ်က ကျောင်းသားတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးမှု အတွင်း လူ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုပြောကြားပါတယ်။
အသက် ၁၈ နှစ် အရွယ် သေနတ်သမားကို မနေ့ ညနေက ပစ်ခတ် ဖမ်းဆီး ထားပြီး အသေးစိတ်ထုတ်ပြန်မယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထား ပါတယ်။
Ref – Thai Enquirer / Khaosod
Crd – Migrant Times
—————————
THN Public Media
