THN Public Media Blog သတင်း War ဟားမတ်စ်က ဓားစာခံပြန်လွှတ်ပေးဖို့ သဘောတူ၊ ငြိမ်းချမ်းရေး အစီအစဥ် အချက်တချို့ ပြောင်းလဲလိုကြောင်း ပြောကြား၊ ပါလက်စတိုင်း “အမျိုးသားမူဘောင်အတွင်း” ဆက်လက် ဆွေးနွေးနေဆဲ လို့ ဆို
War နိုင်ငံတကာ သတင်း

ဟားမတ်စ်က ဓားစာခံပြန်လွှတ်ပေးဖို့ သဘောတူ၊ ငြိမ်းချမ်းရေး အစီအစဥ် အချက်တချို့ ပြောင်းလဲလိုကြောင်း ပြောကြား၊ ပါလက်စတိုင်း “အမျိုးသားမူဘောင်အတွင်း” ဆက်လက် ဆွေးနွေးနေဆဲ လို့ ဆို

Hamas fighters gather at the site of the handing over of Israeli hostages at the Nuseirat refugee camp in the central Gaza Strip as part of the seventh hostage-prisoner release on February 22, 2025. Hamas's armed wing confirmed it will hand over on February 22 six hostages held alive in the Gaza Strip as part of the ongoing ceasefire deal with Israel. (Photo by Saeed Jaras / Middle East Images / Middle East Images via AFP) (Photo by SAEED JARAS/Middle East Images/AFP via Getty Images)

အောက်တိုဘာ ၄ – ၂၀၂၅

ဟားမတ်စ်က အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ သဘောတူပေမယ့် အမေရိကန်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်တချို့ကို ပြောင်းလဲလိုကြောင်း ပြောကြားလိုက်ပါတယ်။ သမ္မတ ထရမ့်က သူ့ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် အချက် ၂၀ အစီအစဥ် ကို ဟားမတ်စ်တို့ အနေနဲ့ လာမယ့် တနင်္ဂနွေ ညနေ ၆ နာရီ နောက်ဆုံးထား သဘောတူရမယ်၊ အဲလို သဘောမတူရင် “ငရဲနဲ့ ရင်ဆိုင်ရမယ်” လို့ ဟားမတ်စ်ကို နောက်ဆုံး သတိပေးချက်ပေးပြီး နာရီအနည်းငယ် အကြာ အခုလို ဟားမတ်စ်တို့ရဲ့ သဘောထား ထွက်‌ပေါ်လာတာ ဖြစ်ပါတယ်။

ဟားမတ်စ်တို့က ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံ အားလုံးကို ပြန်လွှတ်ပေးဖို့ သဘောတူညီခဲ့ပေမယ့် အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်မှာ ဖော်ပြ ထားတဲ့ အဓိက အချက်အလက်တွေနဲ့ ပတ်သက်ပြီး ထပ်မံ ဆွေးနွေး လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဟားမတ်စ်တို့ရဲ့ ထုတ်ပြန်ချက်မှာ “သမ္မတ ထရမ့်ရဲ့ အဆိုပြုချက်မှာ အလှယ်အလယ် လုပ်ဖို့ အစီအစဥ်အရ သေဆုံးသူတွေရော အသက်ရှင် လျက် ရှိနေသူ အစ္စရေး ဓားစာခံ အကုန်လုံး ပြန်လွှတ်ပေးရေး’’ ကို သဘောတူတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လဲလှယ်ရေးအတွက် မြေပြင် အခြေအနေ ပြည့်မီရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဂါဇာကမ်းမြောင် အနာဂတ်နဲ့ ပါလက်စတိုင်း ပြည်သူတွေရဲ့ အခွင့် အရေး ဆိုင်ရာ အခြားကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထပ်မံ ဆွေးနွေး ညှိနှိုင်း မှုတွေ ပြုလုပ်လိုကြောင်း ဖော်ပြခဲ့ပြီး၊ သူတို့ အနေနဲ့ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း လည်း ပြောထားပါတယ်။ ဟားမတ်စ် ထုတ်ပြန်ချက်မှာ ထရမ့်ရဲ့ အချက် ၂၀ ပါ အစီအစဉ်ကို တိတိ ကျကျ ဖော်ပြတာ ဒါမမဟုတ် လက်ခံတာမျိုး မပါရှိပါ။

ဒါပေမယ့်လည်း “ပါလက်စတိုင်းအမျိုးသား သဘောတူညီမှု၊ အာရပ်နဲ့ အစ္စလာမ်မစ် ထောက်ခံမှု အပေါ် အခြေခံပြီး၊ ဂါဇာကမ်းမြောင် အုပ်ချုပ်ရေး ကို လွတ်လပ်တဲ့ ပါလက်စတိုင်း ကျွမ်းကျင်သူ အဖွဲ့ အစည်း ထံ လွှဲပြောင်းပေးရေး သဘောတူညီချက်ကို အသစ်တဖန် ပြန်လည် အတည်ပြုထားတယ်လို့ ဖေါ်ပြထားပါတယ်။

သို့သော်လည်း ‘’ဟားမတ်စ်က လက်နက်ချပြီး ဂါဇာအုပ်ချုပ်ရေးမှာ နောက်ထပ်ပါဝင် ပတ်သက်မှု မရှိရ ဆိုတာကို သဘောတူတယ်’’ ဆိုတဲ့ ထရမ့် ရဲ့ အဓိက တောင်းဆိုထားချက်တွေထဲက တခုကိုမှ ဖေါ်ပြထားခြင်း မရှိပါ။ ဟားမတ်စ်တို့ အနေနဲ့ ဓားစာခံတွေ ပြန်လွှတ်ဖို့ သဘောတူ၊ နောက်ဆုံးမှာ ဂါဇာကို ပြန်လွှဲပေး၊ အဲဒီကနေ စစ်ပွဲ အဆုံးသတ်ဖို့ ဒေါ်နယ်ထရမ့် ယုံကြည်လောက် ပါ့မလား ဆိုတာ မေးခွန်း ဖြစ်နေပါတယ်။

ငြိမ်းချမ်းရေး အစီအစဉ်က တိုက်ပွဲတွေကို ချက်ချင်းရပ်စဲဖို့နဲ့ ဟားမတ်စ် တို့ ထိန်းသိမ်းထားတဲ့ အသက်ရှင်လျက်ရှိတဲ့ အစ္စရေး ဓားစာခံ ၂၀ နဲ့ သေဆုံး ပြီလို့ ယူဆရတဲ့ ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေကို အစ္စရေးတို့ ဖမ်းဆီး ထားတဲ့ ဂါဇာလူမျိုး ရာပေါင်းများစွာနဲ့ လဲလှယ်ရေး ၇၂ နာရီ အတွင်း ဆောင်ရွက်ဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

ဟားမတ်စ်တို့က ပါလက်စတိုင်းနယ်မြေမှာ ဓားစာခံ ၄၈ ဦး ကို ဆက်လက် ထိန်းသိမ်းထားတယ်လို့ ယူဆရပြီး အဲဒီအထဲက အယောက် ၂၀ သာ အသက်ရှင် လျက် ရှိတယ်လို့ ယူဆရပါတယ်။ ဟားမတ်စ် ထုတ်ပြန်ချက်မှာ အဆိုပါ ဂါဇာရဲ့ အနာဂတ်နဲ့ ပါလက်စတိုင်း ပြည်သူတွေ ရဲ့ အခွင့်အရေးဆိုင်ရာ အဆိုပြုချက်အပိုင်းကို ဟားမတ်စ် ပါဝင်မယ့် “#အမျိုးသားမူဘောင်အတွင်း” ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
အမေရိကန်အစီအစဉ်အရ ဟားမတ်စ်ဟာ ဂါဇာ အုပ်ချုပ်ရေးမှာ ဘယ် အခန်းကဏ္ဍ ကမှ ပါဝင်ရမှာ မဟုတ်သလို၊ နောက်ဆုံးမှာ ပါလက်စတိုင်း နိုင်ငံ ဖြစ်ပေါ်လာရေး အတွက် လမ်းဖွင့်ပေးထားပါတယ်။

ဒါပေမယ့်လည်း ဒီအစီအစဥ်ကို ကြေညာပြီးနောက် ဝန်ကြီးချုပ် နေတန်ယာဟု က ပါလက်စတိုင်း နိုင်ငံ ထူထောင်ရေးကို ဆန့်ကျင်ကြောင်း ကြေညာပြီး “သဘောတူညီချက်ထဲမှာ ရေးမထားဘူး။ ကျွန်တော်တို့က ပါလက်စတိုင်း နိုင်ငံကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မယ်လို့ ပြောခဲ့တယ်” လို့ မကြာသေးခင်က ရုပ်သံတခုမှာ ပြောကြားခဲ့ပါတယ်။

နှစ်ဘက်စလုံးက အဆိုပြုချက်ကို သဘောတူပါက ” အကူအညီတွေကို ဂါဇာကမ်းမြောင်ဆီ အပြည့်အဝ ချက်ချင်း ပေးပို့မယ်” လို့ အစီအစဉ် ဖေါ်ပြထားပါတယ်။ သောကြာနေ့ နေ့လယ်ပိုင်းက အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေး အရာရှိ ကာရိုလိုင်း လီဗစ်တ် က သဘောတူညီချက်ကို ငြင်းပယ်ပါက ဟားမတ်စ်အတွက် “အလွန်အမင်း ဆိုးရွားသော” အကျိုးဆက်များ ရှိလာမှာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

လီဗစ်က ထပ်လောင်းပြောကြားရာမှာ “ကမ္ဘာတစ်ဝန်းလုံးက အမေရိကန် သမ္မတရဲ့ စကားကို ကျယ်ကျယ်လောင်လောင်နဲ့ ရှင်းရှင်းလင်းလင်း ကြားသင့်တယ်လို့ ကျွန်မထင်ပါတယ်။ ဟားမတ်စ်မှာ ဒီအစီအစဉ်ကို လက်ခံပြီး ဒေသတွင်းမှာ ငြိမ်းချမ်း သာယာဝပြောတဲ့ပုံစံနဲ့ ရှေ့ဆက်ဖို့ အခွင့်အရေးရှိပါတယ်။

မလုပ်ဘူးဆိုရင်တော့ အကျိုးဆက်တွေက ဝမ်းနည်းစရာ ကောင်းလောက်အောင် ကြေကွဲဖွယ်ဖြစ်လာပါလိမ့်မယ်။” လို့ ဆိုပါတယ်။
ဥရောပနဲ့ အရှေ့အလယ်ပိုင်း ခေါင်းဆောင်တွေက ထရမ့် အဆိုပြုချက်ကို ကြိုဆိုခဲ့ကြ ပါတယ်။
အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း (West Bank) ဒေသ တချို့ကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) က အမေရိကန် သမ္မတ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို “ရိုးသားပြီး ပြတ်သား တယ်” လို့ ခေါ်ဆိုခဲ့ပါတယ်။
photo: old one

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version