THN Public Media Blog သတင်း နိုင်ငံတကာ ဟော်မုဇ်ရေလက်ကြား သင်္ဘော ဖြတ်သန်းခ ပထမဆုံး အနေနဲ့ ရရှိပြီလို့ အီရန်ပြော
နိုင်ငံတကာ

ဟော်မုဇ်ရေလက်ကြား သင်္ဘော ဖြတ်သန်းခ ပထမဆုံး အနေနဲ့ ရရှိပြီလို့ အီရန်ပြော

ဧပြီ ၂၃ – ၂၀၂၆

ဟော်မုဇ် ရေလက်ကြား အသုံးပြုတဲ့ သင်္ဘောတွေဆီ ကနေ ကောက်ခံ ရရှိတဲ့ ပထမဆုံးငွေတွေကို ဗဟိုဘဏ်မှာ ပေးသွင်းလိုက်ပြီလို့ အီရန် လွှတ်တော် ဒုတိယဥက္ကဋ္ဌ Hamidreza Haji Babaei က ပြောပါတယ်။

Tasnim သတင်းဌာနရဲ့ ဖော်ပြချက် အရ သူက ဒီငွေတွေကို ဘယ်လို ကောက်ခံ ခဲ့တယ်၊ ဘယ်သူက ပေးချေခဲ့တယ် ဆိုတဲ့ အသေးစိတ်ကိုတော့ ပြောမသွားခဲ့ပါဘူး။

လက်ရှိ အပစ်အခတ်ရပ်စဲရေး မတိုင်ခင်က အီရန်ဟာ သူတို့ ရဲ့ မိတ်ဖက် နိုင်ငံတွေ ကိုသာ ဖြတ်သန်းခွင့် ပေးမယ်လို့ ပြောခဲ့ဖူးပြီး ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေ ဆီကနေ အခွန်ကောက်ခံဖို့ ဆွေးနွေးမှုတွေ လည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်တုန်းက အီရန်အနေနဲ့ ဘယ်လောက် ကောက်ခံနေသလဲ၊ တကယ်ပဲ အခွန်ကောက်နေတာလား ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား ချက်မျိုး မရှိခဲ့ပါ။

မတ်လနှောင်းပိုင်းတုန်းကတော့ သင်္ဘောတစင်းကို ဖြတ်သန်းခ ဒေါ်လာ ၂ သန်း ကောက်ခံနေတယ် ဆိုတဲ့ ပြောဆိုချက်ကို အိန္ဒိယနိုင်ငံဆိုင်ရာ အီရန် သံရုံးက ငြင်းဆိုခဲ့ပါတယ်။

ဒီနေ့မှာတော့ နောက်ထပ် အီရန်လွှတ်တော်အမတ် Alireza Salimi က Tasnim သတင်းဌာနကို အခုလို ပြောပါတယ်။

“ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေဆီ ကနေ အီရန်က အခွန်တွေ ကောက်ခံ နေတယ်ဆိုတာကို ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တွေ ဆီကနေ ကြားသိရပါတယ်” လို့ ဆိုပါတယ်။

“သင်္ဘောတစီချင်း စီဆီကနေ ကောက်ခံတဲ့ အခွန်ပမာဏ ကတော့ သင်္ဘော အမျိုးအစား၊ ကုန်စည်ပမာဏနဲ့ သယ်ဆောင်လာတဲ့ အန္တရာယ် အဆင့်အတန်းပေါ် မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ အခွန်ကို ဘယ်လို ကောက်မလဲ၊ ဘယ်လောက် အထိ ကောက်မလဲ ဆိုတာကို အီရန်ကပဲ ဆုံးဖြတ်ပါတယ်။ စည်းမျဉ်းတွေကို ကျွန်တော်တို့ကပဲ ချမှတ်တာပါ” လို့ သူက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ အီရန်ကို အခွန်ပေးဆောင်တဲ့ သင်္ဘောတွေကို အရင်က သတိပေး ခြိမ်းခြောက်ခဲ့ဖူး ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version