ဇွန် ၂၀ – ၂၀၂၆
အင်္ဂလန်က ဘတ်ဖို့ဒ် (Bedford) ဒေသမှာ ရထားနှစ်စင်း တိုက်မိခဲ့လို့ ရထားမောင်းသူတဦး သေဆုံးပြီး လူပေါင်း ၈၉ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဆိုးဝါးတဲ့ ဖြစ်ရပ်အဖြစ် ကြေညာလိုက်ပါတယ်။
ဒဏ်ရာရသူတွေထဲက ၁၁ ဦး ကတော့ အလွန်စိုးရိမ်ရတဲ့ ဒဏ်ရာ တွေရထားပြီး၊ ၂၂ ဦးက ပြင်းထန် ဒဏ်ရာရကာ နောက်ထပ် ၅၆ ဦးကတော့ သာမန် ဒဏ်ရာတွေ ရရှိထားတယ်လို့ အင်္ဂလန်အရှေ့ပိုင်း လူနာတင်ယာဉ် ဌာနက ပြောပါတယ်။
မနေ့ သောကြာနေ့ မွန်းလွဲပိုင်းက London St Pancras ဘူတာ ဆီ လမ်းကြောင်း တဘက်တည်း ဦးတည် မောင်းနှင်လာတဲ့ East Midlands Railway (EMR) ရထား နှစ်စင်းအကြား၊ ရှေ့တစင်းကို နောက်က တစင်းက တိုက်မိခဲ့တာ ဖြစ်ပြီး ဖြစ်ပွားတဲ့ အကြောင်းရင်း ကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဗြိတိန်သယ်ယူပို့ဆောင်ရေးရဲတပ်ဖွဲ့ (BTP) ရဲ့ ထုတ်ပြန်ချက်အရ ညနေ ၅ နာရီ ၁၅ မိနစ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်မှု အပြီးမှာတော့ ဒါကို ကြီးမားတဲ့ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ “လူအတော်များများ ဒဏ်ရာရရှိခဲ့ပြီး လူတဦး စိတ်မကောင်းဖွယ် သေဆုံးသွားခဲ့တယ် ဆိုတာကို ကျွန်တော်တို့ သိရှိထား ပါတယ်” လို့ ဖော်ပြထားပါတယ်။
ရထားပေါ် ပါလာတဲ့ ခရီးသည် တဦးဖြစ်သူ ဒေါက်တာ ပီတာ နပ်ပ် ကတော့ သူဟာ နောက်ကနေ ဝင်တိုက်တဲ့ ရထားရဲ့ အရှေ့ဆုံးတွဲ မှာ လိုက်ပါ လာခဲ့တာလို့ ပြောပါတယ်။
သူက “ကျွန်တော် ထလိုက်တဲ့ အချိန်မှာ ထိုင်ခုံတွေ အကုန်လုံး နေရာအနှံ့ လွင့်စင် နေတာ တွေ့ရတယ်၊ ဗုံးပေါက်ကွဲမှု တခုထဲ ရောက်နေသလိုမျိုး ခံစားရတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် “ကျွန်တော် ထလိုက်တဲ့အချိန် လူတွေရဲ့ မျက်နှာမှာ သွေးတွေ ပေကျံနေတာ၊ ခြေထောက်တွေ ကျိုးနေတာတွေကို မြင်ခဲ့ရပြီး နေရာ အနှံ့မှာလည်း မီးခိုးတွေ ဖုံးလွှမ်းနေတယ်” လို့ သူက ပြောပါတယ်။
သူက ဆက်ပြောတာ ကတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်တွေရဲ့ အချက်အလက် တွေကို မှတ်တမ်းတင်နေပြီး တချို့ကိုတော့ ဆေးရုံကို ပို့ဆောင် ပေးနေပါတယ်၊ “တချို့လူတွေဆို သွေးတွေပါ အန်နေကြတယ်” လို့ သူက ဆိုပါတယ်။
အဲဒီရထားပေါ်မှာပါတဲ့ နောက်ထပ် ခရီးသည်တဦးဖြစ်သူ ရှိုလာ မီနီ ကလည်း အသံအကျယ်ကြီး တခု ကြားလိုက်ရပြီး “လူတွေဟာ သူတို့ ထိုင်ခုံတွေ ပေါ်ကနေ လွင့်ထွက်သွားကြတယ်၊ ထိုင်ခုံတွေပါ ပြုတ်ထွက် ကုန်ပြီး လူတယောက် ဆို လွင့်ထွက်လာပြီး ကျွန်မယောကျာ်းရဲ့ မျက်နှာကို တည့်တည့် ဝင်ဆောင့်မိတယ်” လို့ ပြောပါတယ်။
သူမက “သွေးတွေ အများကြီးထွက်လာတယ်၊ လူအတော်များများ မျက်နှာမှာ ဒဏ်ရာတွေ ရကုန်ကြတယ်” လို့ ဆိုပါတယ်။
တိုက်မိပြီးတဲ့နောက် ဘာဖြစ်သွားမှန်း မသိဘဲ အားလုံးဟာ ဇဝေဇဝါ ဖြစ်နေခဲ့ကြတယ် လို့လည်း မီနီက ပြောပြပါတယ်။
အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်း တခုအနေနဲ့ လူနာတင် ဟယ်လီကော်ပတာ ကိုပါ စေလွှတ်ခဲ့ရပါတယ်။
လေကြောင်းကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေအရ ဒဏ်ရာရ ပျက်စီးသွားတဲ့ ရထား နှစ်စင်းလုံးရဲ့ တွဲအများစုဟာ ရထားလမ်း ပေါ်မှာပဲ ရှိနေ သေးပေမဲ့ အနည်းဆုံး ရထားတွဲ တတွဲကတော့ လမ်းချော်ပြီး ဘေးကို လွင့်စင် ထွက်သွားတာကို တွေ့ရပါတယ်။
တိုက်မှုဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်းမှာ တစင်းက ဟာ Corby ကနေ ညနေ ၄ နာရီ ၄၀ မိနစ် အချိန် London St Pancras ကို ထွက်ခွာလာတာ ဖြစ်ပြီး၊ နောက်တစင်း ကတော့ Nottingham ကနေ London St Pancras ဘူတာကို ညနေ ၃ နာရီ ၅၀ မိနစ်မှာ ထွက်ခွာလာတာ ဖြစ်တယ်လို့ EMR ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။
—————————
THN Public Media
