ဇွန် ၁၉ – ၂၀၂၆
အစ္စရေးနိုင်ငံနဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ အဖွဲ့တို့ဟာ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီခဲ့ကြတယ်လို့ အဆင့်မြင့် အမေရိကန် အရာရှိတဦးက အတည်ပြုပြောကြားပါတယ်။
ဒီတိုက်ပွဲတွေ ခေတ္တရပ်ဆိုင်းမှုဟာ ဒေသစံတော်ချိန် သောကြာနေ့ ညနေ ၄ နာရီ စတင်မှာ ဖြစ်ပါတယ်။
လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့ညက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ လက်ဘနွန် တောင်ပိုင်းမှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး နောက်မှာ အခုလို အပစ် ရပ်စဲရေး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အစ္စရေးစစ်တပ် ဘက်ကလည်း သူတို့ရဲ့ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကတော့ အီရန်ကျောထောက် နောက်ခံပြု ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ ပစ်မှတ် ပေါင်း ၈၀ ကို တိုက်ခိုက်ခဲ့ပြီး အဖွဲ့ဝင် “ဒါဇင်ပေါင်းများစွာ” ကို ချေမှုန်း နိုင်ခဲ့တယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပါသေးတယ်။
ဒီသီတင်းပတ် အစောပိုင်းတုန်း ကလည်း အမေရိကန်နဲ့ အီရန်တို့ဟာ အီရန်နိုင်ငံ အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး အဲဒီအထဲမှာ လက်ဘနွန် အပါအဝင် စစ်မျက်နှာစာ အားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်ဖို့ တောင်းဆိုချက်လည်း ပါဝင်ခဲ့ပါတယ်။
—————————
THN Public Media
