မေလ ၂၈ – ၂၀၂၆
အမေရိကန်ဘက်က အီရန်တောင်ပိုင်းကို အသစ်တဖန် ထပ်မံ တိုက်ခိုက်ခဲ့ ပြီးတဲ့ နောက် အမေရိကန် စစ်စခန်းတခုကို ပြန်လည် ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ်လို့ အီရန်ဘက်က ပြောကြားလိုက်ပါတယ်။
အမေရိကန် လေတပ် စခန်းတခုကို ပြန်လည် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC က ပြောပါတယ်။
အဲဒီစခန်း ဘယ်မှာရှိလဲဆိုတာ မပြောပေမဲ့ အမေရိကန်စခန်း အခြေစိုက်ရာ ကူဝိတ်နိုင်ငံ ကတော့ ရန်သူ့ဘက်က လာတဲ့ မစ်ဇိုင်းနဲ့ ဒရုန်းခြိမ်းခြောက်မှုတွေကို ကြားဖြတ် ဟန့်တား ခဲ့ရကြောင်း၊ ဘယ်ကနေ ပစ်ခတ်လာတယ် ဆိုတာကိုတော့ တိတိကျကျ မပြောဘဲ ထုတ်ပြန်ပါတယ်။
ဒီမတိုင်ခင် အစောပိုင်းတုန်းကတော့ အမေရိကန် စစ်တပ်က သူတို့ဟာ ဟော်မုဇ်ရေလက်ကြား အထက်မှာ အီရန်ဒရုန်းတွေကို ပစ်ချခဲ့ သလို မဟာဗျူဟာမြောက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Bandar Abbas က စစ်စခန်း တခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။
အခုလို ထပ်မံဖြစ်ပွားလာတဲ့ ထိပ်တိုက်တွေ့မှုတွေဟာ အမေရိကန်နဲ့ အီရန်ကြားက မခိုင်မြဲသေးတဲ့ အပစ်အခတ် ရပ်စဲရေးကို ခြိမ်းခြောက် နေပါတယ်။
အမေရိကန် အနေနဲ့ ဒါဟာ မိမိကိုယ်ကို ခုခံကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက် တာလို့ ပြောဆိုပြီး အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို ၃ ရက် အတွင်း ၂ ကြိမ်မြောက် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် Centcom ကတော့ သူတို့ရဲ့ လုပ်ရပ်ဟာ “မျှတမှုရှိပြီး စစ်မှန်တဲ့ ခုခံ ကာကွယ်မှု သက်သက်သာ ဖြစ်ကာ အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်တာ” လို့ ပြောပါတယ်။
ဒါ့အပြင် သူတို့တပ်ဖွဲ့တွေဟာ “ဟော်မုဇ်ရေလက်ကြား ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတဲ့” အီရန်ရဲ့ အသေခံ တိုက်ခိုက်ရေးဒရုန်း ၄ စင်းကိုလည်း ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baqai က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချလိုက်ပြီး ဒါဟာ အပစ်ရပ်စဲရေး ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
သူက အီရန်အနေနဲ့ “နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု အားလုံးကို လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ကြောင်း နိုင်ငံပိုင် IRIB က ကိုးကား ဖော်ပြပါတယ်။
အင်္ဂါနေ့တုန်းကလည်း အီရန်လေပိုင်နက်ထဲ ဝင်လာတဲ့ အမေရိကန်ဒရုန်း တစင်းကို ပစ်ချခဲ့ပြီး တိုက်လေယာဉ်တစင်းနဲ့ နောက်ထပ် ဒရုန်းတစင်းကို ပစ်ခတ် မောင်းထုတ် ခဲ့တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ပြောပါတယ်။
—————————
THN Public Media
