ဇွန် ၁၁ – ၂၀၂၆
အမေရိကန်နဲ့ အီရန်တို့ဟာ အရှေ့အလယ်ပိုင်း ဒေသတခွင်မှာ နှစ်ရက် ဆက်တိုက် အပြန်အလှန် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက နှစ်နိုင်ငံကြား သဘောတူညီမှုရရှိထားတဲ့ မရေရာတဲ့ အပစ်အခတ် ရပ်စဲရေးကို ပိုမိုထိချုက် ပျက်ပြားစေမယ့် တိုက်ခိုက်မှု တွေ အဖြစ် မြင်တွေ့ရပါတယ်။
အမေရိကန် စစ်တပ်ကို အီရန်အပေါ် “ပြင်းပြင်းထန်ထန်” တိုက်ခိုက် သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် က ကတိပြုပြောဆိုပြီး နာရီပိုင်း မှာပဲ အီရန်တောင်ပိုင်းက စစ်ရေး၊ ထောက်လှမ်းရေးနဲ့ ရေဒါစခန်းတွေကို ပစ်မှတ်ထားပြီး “ကိုယ့်ကိုယ်ကို ကာကွယ်တဲ့” တိုက်ခိုက်မှုကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် Centcom က ပြောပါတယ်။
အမေရိကန်က နောက်ဆုံးတိုက်ခိုက်မှုတွေ မလုပ်ခင် နာရီပိုင်းအလိုမှာတင် ထရမ့်က “ကျွန်တော်တို့ မနေ့က သူတို့ကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ သလို၊ ဒီနေ့လည်း ထပ်ပြီး ပြင်းပြင်းထန်ထန် နှိပ်ကွပ်သွားမှာပါ” လို့ သတိပေးခဲ့ပါတယ်။
ထရမ့်ဟာ သူရဲ့ Truth Social မှာ အီရန်ခေါင်းဆောင်တွေဟာ “သဘောတူညီချက်တခုရဖို့ အချိန်တွေ အရမ်းဆွဲခဲ့တယ်” လို့ ရေးသား ခဲ့ပြီး သဘောတူညီချက် မရရင် နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်သွား မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အီရန် ဘက်ကလည်း ဒီတိုက်ခိုက်မှုအပေါ် တုံ့ပြန်တဲ့ အနေနဲ့ ဒေသတွင်းမှာ ရှိတဲ့ ဘာရိန်း၊ ကူဝိတ်နဲ့ ဂျော်ဒန်နိုင်ငံက အမေရိကန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံ တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ နှစ်လကြာမြင့် နေပြီဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်လိုက်တာဖြစ်ပြီး ဒီအပစ်ရပ်စဲရေးကို လက်တွေ့မှာ အဓိပ္ပာယ်မှမရှိ အောင် လုပ်လိုက်တာ ပဲလို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြာသပတေးနေ့ အစောပိုင်းမှာ ပြောကြားခဲ့ ပါတယ်။
ဒါ့အပြင် “ဒီလိုရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ရဲ့ အလွန်ပြင်းထန်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ” အတွက် တာဝန် အားလုံးဟာ အမေရိကန် ခေါင်းဆောင်တွေမှာပဲ ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကတော့ ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန် ကွပ်ကဲရေးဌာနချုပ်ကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။
သူတို့အနေနဲ့ Muwaffaq Salti လေတပ် စခန်းဆီကို ပဲ့ထိန်းဒုံးကျည် ၁၂ စင်း ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန် တိုက်လေယာဉ် အမြောက်အမြား နဲ့ အဆောက်အအုံတွေ ကို ဖျက်ဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျော်ဒန်နိုင်ငံပိုင် မီဒီယာတွေကတော့ အမည်မဖော်လိုတဲ့ စစ်ဘက် အရာရှိ တဦးကို ကိုးကားပြီး ဒုံးကျည် အစင်း ၂၀ ကို နိုင်ငံရဲ့ လေကြောင်း ရန်ကာကွယ်ရေး စနစ်တွေနဲ့ လေတပ်က ကြားဖြတ်ဟန့်တားပြီး ပစ်ချ နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲဒီဒုံးကျည်တွေကို ဂျော်ဒန် အလယ်ပိုင်း Azraq မြို့ဆီ ဦးတည် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး “လူအသေအပျောက် ဒါမှမဟုတ် ပျက်စီး ဆုံးရှုံးမှု တစုံတရာ မရှိဘဲ” ပစ်ချနိုင်ခဲ့တာလို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဘာရိန်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက သူတို့နိုင်ငံရဲ့ လေကြောင်းရန် သတိပေး ဥဩသံတွေ မြည်ခဲ့ပြီး၊ ကြားဖြတ် ပစ်ချခဲ့တဲ့ အီရန်ဒရုန်းတွေရဲ့ ပျက်ကျလာတဲ့ အပိုင်းအစ တွေကြောင့် မြို့တော် မနားမား နဲ့ ဟာမက် မြို့တို့မှာရှိတဲ့ အိမ်တွေနဲ့ မော်တော်ယာဉ် တွေ ပျက်စီး ခဲ့ရတယ်လို့ ပြောပါတယ်။
အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် တဦး ဒဏ်ရာအနည်းငယ် ရခဲ့တာကြောင့် ဆေးကုသမှု ပေးခဲ့ရတယ်လို့ ဝန်ကြီးဌာနကပြောပြီး အီရန်ရဲ့ အခုလို တိုက်ခိုက်မှုတွေကို အပြစ်ကြီးတဲ့ လုပ်ရပ် လို့ ပြစ်တင် ဝေဖန်ခဲ့ပါတယ်။
ကူဝိတ်စစ်တပ်ကလည်း သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ က ရန်သူ့လေကြောင်းပစ်မှတ်တွေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း X လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကူဝိတ်နိုင်ငံဟာ သူတို့ရဲ့ လေပိုင်နက်ကို ယာယီ ပိတ်ထားခဲ့ရပြီး ကြာသပတေးနေ့ အစောပိုင်းမှာမှ ပြန်လည် ဖွင့်လှစ်ပေးခဲ့ ပါတယ်။
အီရန်နိုင်ငံထဲ မှာတော့ မြို့တော် တီဟီရန်၊ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Bandar Abbas၊ ဟော်မုဇ်ရေလက်ကြား အနီး နဲ့ တခြား တောင်ပိုင်းဒေသတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
အီရန်နိုင်ငံပိုင် မီဒီယာတွေက ဒီရေလက်ကြားကို “ဘယ်လို သင်္ဘောမျိုး မဆို သွားလာခွင့် လုံးဝပိတ်လိုက်ပြီ” လို့ သတင်းထုတ်ပြန်ပြီး မကြာခင်မှာပဲ အဲဒီလမ်းကြောင်းကို ဖြတ်သန်း သွားတဲ့ ရေနံတင် သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့တယ်လို့ IRGC က ဆိုပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ချက်ချင်းလက်ငင်း အတည်ပြုချက်တော့ မရသေးပါ။
ဒါပေမဲ့ Centcom ကတော့ ကုန်သွယ်ရေးသင်္ဘောတွေဟာ ဟော်မုဇ် ရေလက်ကြား ထဲကို ပုံမှန်အတိုင်း ဆက်လက်ဖြတ်သန်း သွားလာ နေကြတုန်းပဲ လို့ ပြောပါတယ်။
ဒီလမ်းကြောင်း ပိတ်လိုက်ပြီဆိုတဲ့ သတင်းနဲ့ သင်္ဘောတွေ တိုက်ခိုက် ခံရပုံ ပေါ်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာ ရေနံ စျေးနှုန်း တွေ မြင့်တက် သွားခဲ့ပါတယ်။
ကမ္ဘာ့စံပြ အဖြစ် သတ်မှတ်ထားတဲ့ ဘရန့်တ် ရေနံစိမ်းစျေးနှုန်းဟာ ၂ ရာခိုင်နှုန်း လောက် မြင့်တက်သွားခဲ့ပြီးနောက် တစ်စည်ကို ၉၅ ဒေါ်လာ ဝန်းကျင် အထိ ရောက်ရှိသွားခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
