နိုင်ငံရေး

ISP ဒါရိုက်တာ ဦးမင်းဇင် ကို တရုတ်အစိုးရက ဖမ်းဆီး

ဇွန် ၁၂ – ၂၀၂၆

ISP ဒါရိုက်တာ ဦးမင်းဇင် ကို တရုတ်အစိုးရက နိုင်ငံတော် လုံခြုံရေး ထိခိုက်မှုနဲ့ ဖမ်းဆီးလိုက်ကြောင်း The New York Times သတင်းမှာ ဖေါ်ပြထားပါတယ်။

U.C. Berkeley တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသား တဦးဖြစ်ပြီး မြန်မာနိုင်ငံ အခြေစိုက် သုတေသနအဖွဲ့ တခု ဖြစ်တဲ့ “မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ – မြန်မာ” Institute for Strategy and Policy- Myanmar ISP ကို တည်ထောင်သူလည်းဖြစ်တဲ့ ဦးမင်းဇင် ကို ဖမ်းဆီးလိုက်တာဟာ သမ္မတထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး နောက်ပိုင်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဦးမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့က မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ် နေတဲ့ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်း (Kunming) ကို ရောက်ရှိနေစဉ် အတွင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး၊ အမေရိကန် သံတမန်တွေလည်း ဒီဖမ်းဆီးမှု အကြောင်းကို သိရှိထားပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ အမေရိကန်နိုင်ငံသားတဦးကို နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ ရာဇဝတ်မှုနဲ့ ဖမ်းဆီးတာမျိုးဟာ ဖြစ်ခဲလှပြီး အခုလို ဦးမင်းဇင် အပေါ် အရေးယူလိုက်တာဟာ သမ္မတထရမ့်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှု ပုံစံသစ်တခု ထူထောင်ဖို့ ကြိုးပမ်း နေချိန်မှာပဲ ဖြစ်ပွားခဲ့တာပါ။

ဦးမင်းဇင်ဟာ နိုင်ငံရေးသိပ္ပံ ပညာရှင် တဦးဖြစ်ပြီး၊ အရင်က ရန်ကုန် အခြေစိုက် မူဝါဒသုတေသန အဖွဲ့တခုရဲ့ အမှုဆောင်ဒါရိုက်တာလည်း ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းခဲ့ပြီး နောက်မှာတော့ အပြီးမှာတော့ နေရာမျိုးစုံ ကနေ ပြောင်းရွှေ့လုပ်ကိုင်နေရတာပါ။ သူဟာ နှစ်ပေါင်းများစွာ အတွင်း အမေရိကန်နိုင်ငံနဲ့ သူ့ရဲ့ ဇာတိမြန်မာနိုင်ငံ (ဗမာပြည်) နှစ်ဘက်စလုံးမှာ အချိန်ပေး နေထိုင်ခဲ့သူဖြစ်ပြီး လက်ရှိ မှာတော့ ထိုင်းနိုင်ငံမှာ နေထိုင်နေပါတယ်။

သူဟာ The New York Times၊ Foreign Policy နဲ့ တခြားသတင်း ဌာနတွေရဲ့ အမြင်ကဏ္ဍ တွေမှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့က ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ “တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတဦး ထိန်းသိမ်းခံထားရတဲ့ သတင်းတွေကို ကျွန်တော်တို့ သိရှိထားပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

“အမေရိကန်နိုင်ငံသားတဦး ထိန်းသိမ်းခံရတဲ့အခါတိုင်း သင့်တော်တဲ့ ကောင်စစ်ရေးဆိုင်ရာ ကူညီမှုတွေပေးဖို့ ကျွန်တော်တို့ လုပ်ဆောင်လေ့ ရှိပါတယ်” လို့ ဆိုပေမဲ့ အသေးစိတ် အချက်အလက်ကိုတော့ ပြောဖို့ ငြင်းဆန်ခဲ့ ပါတယ်။

ဦးမင်းဇင်ရဲ့ ဇနီးဖြစ်သူ ကတော့ မှတ်ချက်ပေးဖို့ အီးမေးလ်က တဆင့် တောင်းဆိုချက် အပေါ် ပြန်လည် ဖြေကြားခြင်း မရှိပါ။

ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်သံရုံးကလည်း ချက်ချင်းမှတ်ချက် မပေးခဲ့ပေမဲ့ ကြာသပတေးနေ့ညက ဒီသတင်း ထွက်လာပြီး နောက်မှာ တော့ သူတို့အနေနဲ့ ဒီအမှုရဲ့ အသေးစိတ် အချက်အလက်တွေကို သေချာ မသိရှိရသေးကြောင်း ထုတ်ပြန်ချက် ပေးပို့ခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ ဥပဒေစိုးမိုးတဲ့ နိုင်ငံတခုဖြစ်ပါတယ်” လို့ သံရုံးက ပြောပါတယ်။ “တရုတ်နိုင်ငံမှာ နေထိုင်ပြီး ခရီးသွားလာနေတဲ့ နိုင်ငံခြားသား အားလုံးဟာ တရုတ်ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး၊ ဥပဒေ ချိုးဖောက်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒီဖမ်းဆီးမှုဟာ သမ္မတ ထရမ့် ဘေဂျင်းမြို့မှာကျင်းပတဲ့ ထိပ်သီး အစည်းအဝေးနဲ့ နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ပြီး သုံးပတ်တောင် မပြည့်ခင်မှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီအစည်းအဝေးတွေနဲ့ နောက်ပိုင်း အင်တာဗျူးတွေမှာ ထရမ့်က ရှီကျင့်ဖျင်ကို ချီးကျူးစကား ပြောခဲ့ပြီး ပြိုင်ဆိုင်တာထက် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးတဲ့ “G2” ပူးပေါင်း ဆောင်ရွက်မှုမျိုး တရုတ်နဲ့ ထူထောင်ဖို့ ရည်ရွယ်တယ်လို့ ပြောခဲ့ပါတယ်။

ထရမ့်ဟာ ရှီကျင့်ဖျင်ကို ကာလရှည်ကြာ အားကျခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က သူစတင်ခဲ့တဲ့ ကုန်သွယ်ရေး စစ်ပွဲအတွင်း တရုတ်အစိုးရက အမေရိကန် အပေါ် လက်တုံ့ပြန်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံဘက်ကို လိုက်လျောမှုတွေ လုပ်ဆောင်ပေးခဲ့တာပါ။

တရုတ်နိုင်ငံက အခုလို အမေရိကန်နိုင်ငံသားတဦးကို ထပ်မံ ဖမ်းဆီး လိုက်ပြီး နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပုဒ်မကို အသုံးပြုလိုက်တာဟာ အဲဒီလို ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို ရှုပ်ထွေးသွားစေ ပါတယ်။

အမေရိကန်အရာရှိတဦးကတော့ တရုတ်အာဏာပိုင်တွေက နှစ်နိုင်ငံ အစိုးရကြား “အပြုသဘောဆောင်တဲ့ ဗျူဟာမြောက် တည်ငြိမ်မှု” ကို ထူထောင်ဖို့ အလေးအနက် ကြိုးစားနေပါတယ်လို့ အခိုင်အမာ ပြောနေ ပေမဲ့၊ အခုလို ဖမ်းဆီးလိုက်တာဟာ အဲဒီကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံသား ၂၀၀ ဝန်းကျင်လောက်ကို ပုံစံ အမျိုးမျိုးနဲ့ ထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံက အကျဉ်းသား လွတ်မြောက်ရေး အတွက် လှုပ်ရှားပေးနေတဲ့ Dui Hua ဖောင်ဒေးရှင်းကို တည်ထောင်သူ ဂျွန်ကမ် (John Kamm) က ပြောပါတယ်။

တချို့အမေရိကန်တွေဟာ မူးယစ်ဆေးဝါးမှုတွေနဲ့ အကျဉ်းကျ နေတာ ဖြစ်ပြီး၊ တချို့ကတော့ အများအားဖြင့် ကုန်သွယ်ရေး ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အငြင်းပွားမှုတွေကြောင့် နိုင်ငံတွင်းက ထွက်ခွာခွင့် ပိတ်ပင်တဲ့ Exit Bans အမိန့်တွေနဲ့ ပိတ်မိနေကြတာပါ။

ဂျွန်ကမ် ကတော့ လောလောဆယ်မှာ နိုင်ငံတော် လုံခြုံရေး ထိခိုက်စေမှု ပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား တဦးတယောက်မှ ရှိနေတာကို သူ မသိရှိရသေးဘူးလို့ ပြောပါတယ်။

ယူနန်ပြည်နယ် တရုတ်လုံခြုံရေး အရာရှိတွေက ဦးမင်းဇင်ကို ဘာကြောင့် ဖမ်းဆီးခဲ့တာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

တချိန်က ယူနန်ပြည်နယ်မှာ မြန်မာနိုင်ငံက လာရောက်နေထိုင်သူ အမြောက် အမြား ရှိခဲ့ဖူးပေမဲ့ ကိုဗစ်ကပ်ရောဂါ နောက်ပိုင်းမှာတော့ နည်းပါးသွားခဲ့ပါပြီ။

တရုတ်နိုင်ငံဟာ နယ်စပ်နှစ်ဘက်စလုံးမှာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ တချို့ကို ရံဖန်ရံခါ အကူအညီတွေ ပေးလေ့ရှိပါတယ်။

ဒါပေမဲ့ ဦးမင်းဇင် အနေနဲ့ အဲဒီလူတွေနဲ့ ပတ်သက်တဲ့ သုတေသနတွေ ဒါမှမဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက် နေသလား ဆိုတာကတော့ မသေချာပါဘူး။

တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရဟာ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ ဦးမင်းဇင်ဟာ မြန်မာနိုင်ငံ အပေါ် တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ အများကြီး ရေးသားခဲ့ဖူးသူဖြစ်ပါတယ်။

ref: The New York Times

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *