THN Public Media Blog သတင်း နိုင်ငံတကာ အရှေ့တီမောက အာဆီယံပဋိညာဉ် ကို ချိုးဖေါက်တယ် ဆိုပြီး စစ်ကော်မရှင် ကန့်ကွက်ရှုတ်ချ
နိုင်ငံတကာ

အရှေ့တီမောက အာဆီယံပဋိညာဉ် ကို ချိုးဖေါက်တယ် ဆိုပြီး စစ်ကော်မရှင် ကန့်ကွက်ရှုတ်ချ

ဇန်နဝါရီ ၁၉ – ၂၀၂၆

အရှေ့တီမော သမ္မတ မစ္စတာ ဟိုဆေးရာမို့စ် ဟော်တာ က ချင်းလူ့အခွင့် အရေး အဖွဲ့ (Chin Human Rights Organization) ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က လက်ခံတွေ့ဆုံပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြောင်း၊ ချင်းလူ့အခွင့်အရေး အဖွဲ့ဟာ အရှေ့တီမော Public Prosecutor’s Office မှာ မြန်မာအစိုးရကို တရားစွဲဖို့ လုပ်ဆောင်နေတာ ဖြစ်တဲ့ အတွက် အခုလို သမ္မတ ရဲ့ တွေ့ဆုံမှုဟာ မြန်မာပြည်တွင်းရေးကို ဝင်စွက်ဖက်တာ ဖြစ်တယ် လို့ စစ်‌ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဌာနက မနေ့က ထုတ်ပြန် ထားပါတယ်။

အရှေ့တီမော ဟာ ၂၀၂၃ ကတည်းက NUG နဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်ခဲ့တဲ့ အတွက် မြန်မာဘက်က ရန်ကုန် အရှေ့တီမော သံရုံး ယာယီ တာဝန်ခံကို နှင်ထုတ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အရှေ့တီမော ရဲ့ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကိုလည်း အာဆီယံ ပဋိညာဉ်ပါ အခြေခံမူတွေကို မလိုက်နာလို့ မြန်မာဘက်က ကန့်ကွက် ခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့တီမောဘက်က မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ လူချင်းတွေ့ဆုံတာ စာရေးသားပေးပို့တာ တွေပြုလုပ်ပြီး တခြားနိုင်ငံရဲ့ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်မှု မပြုပါကြောင်းနှင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူ တွေကို အပြည့်အဝ လေးစား လိုက်နာမှာ ဖြစ်ပါကြောင်း အကြိမ်ကြိမ် ကတိကဝတ် ပြုခဲ့တဲ့ အတွက် အရှေ့တီမော ရဲ့ အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို မြန်မာနိုင်ငံ အနေနဲ့ ဆက်လက် မကန့်ကွက်တော့ ကြောင်း ဖေါ်ပြထားပါတယ်။

အခုအခါ အရှေ့တီမော သမ္မတ ရဲ့ လုပ်ရပ်ဟာ မြန်မာ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာ ရောက်တဲ့ အတွက် တရားဝင် ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ ကလည်း မြန်မာနိုင်ငံ ဆိုင်ရာ အရှေ့တီမော သံရုံးက ယာယီ တာဝန်ခံကို နေပြည်တော် ဆင့်ခေါ်ပြီး အရှေ့တီမောဟာ အာဆီယံ ပဋိညာဉ်ပါ အခြေခံမူတွေ ကို ချိုးဖောက်ကြောင်း၊ တခြားနိုင်ငံ က ပြည်တွင်းရေးကို စွက်ဖက်မှု အပေါ် ကန့်ကွက်ရှုတ်ချ ကြောင်းနဲ့ ဖြေရှင်း ပြန်ကြား ပေးရန် တောင်းဆို ကြောင်း သတိထောက် လွှာ ပေး ခဲ့တယ်လို့လည်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version