THN Public Media Blog သတင်း နိုင်ငံရေး အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို အထီးကျန်မဖြစ်စေချင်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
နိုင်ငံရေး

အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို အထီးကျန်မဖြစ်စေချင်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

ဇွန် ၈ – ၂၀၂၆

ထိတွေ့ဆက်ဆံမှုဟာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းအဖွဲ့အစည်းထဲကို နောက်ဆုံးမှာ ပြန်လည်ဝင်ဆံ့လာနိုင်ဖို့ အတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး စီဟာဆတ် ဖူအန်ကတ်ကဲ Sihasak Phuangketkeow က CNA သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က ဆီဗူးမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး မှာ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေအရ အဖွဲ့ဝင်နိုင်ငံ တချို့ဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သူတို့ရဲ့ ချဉ်းကပ်ပုံကို ပြန်လည် သုံးသပ်ဖို့ စိတ်အားထက်သန်မှု ပိုရှိလာတာကို ပြသနေတယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာ စီဟာဆတ် က ဆိုပါတယ်။

“အခြေအနေတွေက တစ်မျိုးပြောင်းလဲလာနေပြီလို့ ကျွန်တော် ခံစားရတယ်၊ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံကို အထီးကျန် မဖြစ် စေချင်ဘူးလို့ ထင်ပါတယ်” လို့ ဇွန်လ ၅ ရက်နေ့ အင်တာဗျူးမှာ စီဟာဆတ် က ပြောခဲ့တာပါ။

“ငြိမ်းချမ်းရေးဆီ ဦးတည်မယ့် လမ်းကြောင်းက တဖြည်းဖြည်းချင်းပဲ သွားရမယ် ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့ ထိတွေ့ ဆက်ဆံမှုတော့ လိုအပ်တယ်၊ အဖွဲ့ဝင် နိုင်ငံတချို့လည်း သူတို့ရဲ့ ချဉ်းကပ်ပုံကို ပြန်လည် သုံးသပ်နေကြတယ်လို့ ခံစားရတယ်” လို့ သူက ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး မြန်မာ့နိုင်ငံရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံက ချမှတ်ခဲ့တဲ့ တူညီဆန္ဒ ၅ ချက်ကို အကောင်အထည် ဖော်ဖို့ ကြိုးပမ်းရာမှာ ဒေသတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်စေပြီး ရှုပ်ထွေးစေခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ နှစ်ချီဖြစ်ပွားခဲ့ပြီးနောက် အာဆီယံဟာ မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်ရမလဲဆို တာနဲ့ ပတ်သက်လို့ ဆက်လက်ရုန်းကန် နေရဆဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက် ခဲ့တဲ့ အတွက် ၂၀၂၂ ခုနှစ် ကတည်းက အာဆီယံဟာ မြန်မာ စစ်ခေါင်းဆောင် တွေကို အဆင့်မြင့် အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာပါ။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေ အပြီးမှာ ထိုင်းနိုင်ငံဟာ မြန်မာခေါင်းဆောင်ပိုင်းနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဆက်လက် ထိန်းသိမ်းထားခဲ့ပေမဲ့ ဘန်ကောက်ရဲ့ အခုလို ထိတွေ့ ဆက်ဆံမှု မူဝါဒဟာ ဘယ်လို အခြေအနေမဆို လက်ခံမယ့် ပုံစံမျိုးတော့ မဟုတ်ဘူးလို့ စီဟာဆတ် က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

စီဟာဆတ် ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းကလည်း ဘန်ကောက် အနေနဲ့ အာဆီယံနဲ့ မြန်မာနိုင်ငံကြား “တံတား” တစင်းအဖြစ် ဆောင်ရွက်ဖို့ ရည်မှန်းထားကြောင်း ပြောခဲ့ဖူးပါတယ်။

“မြန်မာအစိုးရ အနေနဲ့လည်း တူညီဆန္ဒ ၅ ချက်အောက်မှာရှိတဲ့ အာဆီယံရဲ့ စိုးရိမ်ပူပန်မှု တွေဖြစ်တဲ့ အကြမ်းဖက်မှုတွေ လျှော့ချရေး၊ ယုံကြည်စိတ်ချ ရတဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီ ပေးရေး ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်” လို့ သူက အလေး အနက် ပြောကြားခဲ့ပါတယ်။

အဲဒီ အစီအမံတွေဟာ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံရဲ့ လုပ်ငန်းစဉ်တွေမှာ အပြည့်အဝ ပြန်လည် ပါဝင်နိုင်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်လာ လိမ့်မယ်လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ရည်ရွယ်ချက်က တူညီဆန္ဒ ၅ ချက်ကို စွန့်လွှတ်ဖို့ မဟုတ်ဘဲ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ပဲ ဖြစ်တယ်လို့ စီဟာဆတ် က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

#မြန်မာနိုင်ငံကို သွားရောက်မှု

——————————

ဒေသတွင်း နိုင်ငံအတော်များများရဲ့ မကြာသေးခင်က သံတမန်ရေးရာ လှုပ်ရှားမှုတွေကို ကြည့်ရင် အစိုးရတွေဟာ မြန်မာနိုင်ငံတွင်း အခြေအနေ တွေကို ကိုယ်တိုင်ကိုယ်ကျ အကဲဖြတ်ဖို့ ပိုမိုကြိုးပမ်းလာနေကြတယ် ဆိုတာ သိသာတယ်လို့ စီဟာဆတ် က ထောက်ပြခဲ့ပါတယ်။

သူက ပြီးခဲ့တဲ့လတုန်းက မလေးရှားနိုင်ငံခြားရေး ဝန်ကြီး နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အစီအစဉ်တွေကို ဥပမာအနေနဲ့ ကိုးကားပြောဆိုခဲ့ တာပါ။

ဒါ့အပြင် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး S Jaishankar နဲ့ ဆွေးနွေး ခဲ့တာ ကိုလည်း ထည့်သွင်းပြောဆိုခဲ့ပြီး နှစ်ဘက်စလုံးဟာ မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်မယ့် ရှေ့ဆက် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ အမြင်ချင်း တူညီကြတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အင်ဒို-ပစိဖိတ် ဒေသတွင်း နိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေ မြင့်တက် နေချိန်မှာ အာဆီယံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်း ထားခြင်းဟာ မြန်မာနိုင်ငံ အတွက်ပါ အကျိုးရှိစေလိမ့်မယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေ ကြားထဲမှာ ဖြတ်သန်းဖို့ ကြိုးစား နေရချိန်မှာ အာဆီယံမိတ်ဆွေတွေ ရှိနေတာဟာ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးပါပဲ” လို့ သူက ဆိုပါတယ်။

#နယ်ခြားလုံခြုံရေး ဆက်လက်ဦးစားပေး

————————————-

ထိုင်းနိုင်ငံအတွက်တော့ ဒီကိစ္စဟာ သံတမန်ရေးရာထက်မက ပိုမို ကျယ်ပြန့်ပါတယ်၊ ဘာလို့လဲဆိုတော့ ထိုင်းဟာ မြန်မာနိုင်ငံနဲ့ ရှည်လျားပြီး ထိန်းချုပ်ရ ခက်ခဲတဲ့ နယ်စပ်ချင်း ထိစပ်နေလို့ ဖြစ်ပါတယ်။

နယ်စပ်ဒေသကို ကာကွယ်စောင့်ရှောက်ဖို့ဟာ ထိုင်းနိုင်ငံ အတွက် “အရေးအကြီးဆုံး ကိစ္စ” ဖြစ်တယ်လို့ စီဟာဆတ် က ပြောပါတယ်။

“နယ်စပ်လုံခြုံရေးအကြောင်း ပြောတဲ့အခါ နယ်စပ်တလျှောက်က ငွေလိမ်ဂိုဏ်း လုပ်ငန်းတွေကို ဘယ်လိုကိုင်တွယ်မလဲ၊ မူးယစ်ဆေးဝါး ဝင်ရောက် လာမှုတွေ၊ လေထုနဲ့ ရေထု ညစ်ညမ်းမှုတွေ၊ ပြီးတော့ အရေးကြီးဆုံး ကတော့ ပဋိပက္ခတွေ ထိုင်းပိုင်နက်ထဲ ကူးစက် မလာ အောင် ဘယ်လိုတားဆီးမလဲဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်” လို့ သူက ဆိုပါတယ်။

မကြာသေးခင်က နယ်စပ်အနီး အရပ်သားတွေကို ထိခိုက်စေခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်ရပ်တွေကြောင့် အဲဒီ စိုးရိမ်ပူပန်မှုတွေက ပိုမိုမြင့်တက် လာခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်း ကလည်း မြန်မာနိုင်ငံ ဘက် တိုက်ပွဲတွေကနေ ဒရုန်းတစင်းဟာ ကရင်ပြည်နယ်နဲ့ မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံ တာ့ခ် ပြည်နယ်ထဲမှာ ပေါက်ကွဲခဲ့လို့ မြန်မာရွှေ့ပြောင်း လုပ်သား သုံးဦး သေဆုံး ခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာအာဏာပိုင်တွေ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး နိုင်ငံရေး အရ ပြန်လည် သင့်မြတ်အောင် ဆောင်ရွက်ဖို့ အစဉ်တစိုက် တိုက်တွန်း ထားတယ် လို့ စီဟာဆတ် က ဆိုပါတယ်။

“နယ်စပ်တလျှောက် အကြမ်းဖက်မှုတွေ လျှော့ချနိုင်ဖို့အတွက်… မြန်မာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဘက်က အလိုရှိမယ်ဆိုရင် ဒီဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကျွန်တော်တို့ ဘက်က ကူညီပံ့ပိုး ပေးဖို့ အသင့်ရှိပါတယ်” လို့ သူက ထပ်လောင်းပြောခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံထဲကို ပဋိပက္ခတွေ ကူးစက်လာမယ့် ဘယ်လို လုပ်ရပ်မျိုးကိုမဆို သည်းခံမှာ မဟုတ်ဘူးလို့ သူက သတိပေးခဲ့ပါတယ်။

“ထိုင်းဘက်အခြမ်းကို ကျူးကျော်ဝင်ရောက်တာဖြစ်ဖြစ်၊ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်လို့ လူသေဆုံးမှု ဖြစ်ပွားတာမျိုးဖြစ်ဖြစ် လုံးဝ လက်ခံနိုင် စရာမရှိဘူးလို့ မြန်မာအစိုးရကို ကျွန်တော်တို့ ပြောထားပြီးသားပါ” လို့ သူက ပြောကြားသွားခဲ့ပါတယ်။

Ref: CNA

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version