မတ်လ ၇ – ၂၀၂၆
အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ အီရန်နိုင်ငံကို စတင်တိုက်ခိုက်တဲ့ အရင်း အမြစ် နေရာ မဟုတ်ဘူးဆိုရင် အိမ်နီးချင်း နိုင်ငံတွေကို နောက်နောင် တိုက်ခိုက်တော့မှာ မဟုတ်ကြောင်း အီရန်သမ္မတက ပြောကြား လိုက်ပါတယ်။
အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်ခိုက်ခဲ့မှု အတွက် လည်း အီရန်သမ္မတ Masoud Pezeshkian က တောင်းပန်စကား ပြောသွားပါတယ်။
အီရန် သမ္မတ ရဲ့ ပြောကြားချက် ကိုကြည့်မယ် ဆိုရင် စစ်ရေးနည်းဗျူဟာ သိသိသာသာ ပြောင်းလဲသွားတာ ဖြစ်ပုံရပါတယ်။
အာရပ်ကမ္ဘာ တခုလုံး ကနေ အီရန်ကို ဆန့်ကျင်လာမယ့် အရေးကို စိုးရိမ်ရတဲ့ အတွက် ပြင်းထန်တဲ့ သံတမန်ရေးရာ ဖိအားတွေ အပေါ် ဖြေလျော့ စေအောင် ပြောကြားတာမျိုး ဖြစ်ပါတယ်။
ဒါဟာ အီရန်ရဲ့ လက်ရှိ စစ်ရေး မဟာဗျူဟာမှာ သံတမန်ရေး ပျက်သုဉ်းဖို့ ဦးတည်နေကြောင်း ဝန်ခံလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် သူ့ရဲ့ ပြောကြားချက်ဟာ အဓိပ္ပါယ် ဖွင့်ဆိုချက် အမျိုးမျိုး ရှိနေ နိုင်ဆဲဖြစ်ပါတယ်။
အကြောင်းကတော့ အီရန် လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက အမေရိကန်နဲ့ အစ္စရေး ပိုင်ဆိုင်မှုတွေကို ဆက်လက် တိုက်ခိုက် သွားမယ်လို့ ပြောကြား ထားတာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ အနေနဲ့ အီရန်အပေါ် ကျူးကျော်မှုတွေ စတင်ရာ အခြေစိုက် စခန်းတိုင်းကို ပစ်မှတ်ထားခဲ့ပြီး ဒီကိစ္စ အပေါ် ဆက်လက် သန္နိဋ္ဌာန် ချထား တယ်လို့ အဲဒီ ပြောခွင့်ရသူက ပြောကြားခဲ့တာပါ။
အမေရိကန်နဲ့ အစ္စရေး တို့ကို နယ်မြေနဲ့ အဆောက်အအုံတွေ အသုံးချခွင့် မပေးထားတဲ့ နိုင်ငံတွေဟာ အရင်ကလည်း ကျွန်တော်တို့ရဲ့ ပစ်မှတ် မဟုတ် သလို နောင်မှာလည်း ပစ်မှတ်ထားမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
ဒီအတွက် သမ္မတ Pezeshkian ရဲ့ ဆိုလိုရင်းမှာ အမေရိကန် အခြေစိုက် စခန်းတွေနဲ့ လေပိုင်နက်တွေကို အီရန်အပေါ် တိုက်ခိုက်ဖို့ အသုံးမပြုရင် အဲဒီနိုင်ငံတွေကို တိုက်ခိုက်မှာ မဟုတ်ဘူး ဆိုတဲ့ သဘောဖြစ်နိုင်ပါတယ်။
ဒါဟာ အတွင်းစည်း သဘောထားကွဲလွဲမှုလား၊ သမ္မတ Pezeshkian နဲ့ အီရန် ယာယီအမှုဆောင် ကောင်စီဝင်တွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုတာလား ဒါမှမဟုတ် နိုင်ငံရေး ခေါင်းဆောင်ပိုင်း ရဲ့ သဘောထား တင်းမှာတဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြ နေတာလား ဆိုတာ အချိန်က သက်သေပြလိမ့်မှာ ဖြစ်ပါတယ်။
ref: the guardian
—————————
THN Public Media
