ဖေဖေါ်ဝါရီ ၂ – ၂၀၂၆
အမေရိကန်က အီရန်နိုင်ငံအနီး စစ်အင်အားတွေ ဆက်တိုက် တိုးမြှင့် နေချိန်မှာပဲ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီက သူ့နိုင်ငံကို တိုက်ခိုက်လာရင် ဒေသတွင်းပဋိပက္ခ ဖြစ်ပွားစေလိမ့်မယ်လို့ သတိပေးလိုက် ပါတယ်။
“အမေရိကန်တွေ သိထားရမှာက သူတို့သာ စစ်ကို စတင်မယ်ဆိုရင် ဒီတကြိမ်မှာတော့ ဒါဟာ ဒေသတွင်းစစ်ပွဲ ဖြစ်လာလိမ့်မယ်” လို့ ခါမေနီက ပြောကြားခဲ့ကြောင်း Tasnim သတင်းဌာနက ဖော်ပြပါတယ်။
ဒေါ်နယ်ထရမ့် ကတော့ အီရန်နဲ့ “အလေးအနက် ဆွေးနွေးမှုတွေ” ရှိနေပြီး လက်ခံနိုင်စရာ တခုခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အစောပိုင်းမှာ ပြောခဲ့သလို၊ အီရန်နိုင်ငံခြားရေး ဝန်ကြီး Abbas Araghchi ကလည်း သူတို့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီချက်ရဖို့ “ယုံကြည်မှုရှိတယ်” လို့ CNN ကို ပြောခဲ့ပါတယ်။
ထရမ့် ကတော့ အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို သေကျေပျက်စီးစေတဲ့ အထိ နှိမ်နင်းခဲ့မှုတွေ ကြောင့် အီရန်ကို ဝင်ရောက်စွက်ဖက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။
Abbas Araghchi ” ကံမကောင်းစွာပဲ ကျွန်တော်တို့ဟာ အမေရိကန်ကို ဆွေးနွေးဖက်အဖြစ် ယုံကြည်မှု ပျောက်ဆုံးသွားပါပြီ” လို့ ပြောပေမဲ့၊ ဒေသတွင်းက မိတ်ဆွေနိုင်ငံတွေက တဆင့် သဝဏ်လွှာတွေ အပြန်အလှန် ပေးပို့ပြီး ဝါရှင်တန်နဲ့ “အကျိုးရှိတဲ့” ဆွေးနွေးမှုတွေဖြစ်အောင် လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။
အီရန်ရဲ့ ထိပ်တန်းလုံခြုံရေး အရာရှိ Ali Larijani ကလည်း ဆွေးနွေးပွဲ အတွက် မူဘောင်တွေဟာ တိုးတက်မှု ရှိနေတယ်လို့ အရင်က ပြောခဲ့ဖူး ပါတယ်။
အမေရိကန်ဟာ စစ်အင်အားတိုးမြှင့်တဲ့ အနေနဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကို ပို့ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်နှောင်းပိုင်းမှာ အာရေဗျ ပင်လယ်ထဲမှာ ရောက်နေပြီလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။
“ထရမ့်က သူ သင်္ဘောတွေ ယူလာတယ်လို့ ခဏခဏ ပြောနေတယ်၊ အီရန် လူမျိုးတွေက ဒါမျိုးတွေကို ကြောက်နေမှာမဟုတ်ဘူး” လို့ ခါမေနီက ထပ်လောင်း ပြောဆိုပါတယ်။
အီရန်ဟာ ကမ္ဘာ့အရေးအပါဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှာ တနင်္ဂနွေနေ့ ကစပြီး နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်ထားတယ်လို့ မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမဲ့ တနင်္ဂနွေနေ့မှာပဲ အီရန်တော်လှန်ရေး အစောင့်တပ် (IRGC) ရေတပ် အနေနဲ့ အဲဒီလို စစ်ရေးလေ့ကျင့်ဖို့ အစီအစဉ် မရှိဘူးလို့ အီရန်အရာရှိ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters က ဖော်ပြပါတယ်။
အီရန်နဲ့ အိုမန် အကြား အကျဉ်းဆုံး နေရာမှာ ၂၁ မိုင်ပဲကျယ်တဲ့ ဒီရေလမ်းကြောင်း ကနေ ကမ္ဘာ့ရေနံရောင်းဝယ်မှုရဲ့ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်း သွားတာဖြစ်ပြီး အီရန် ကတော့ သူတို့ တိုက်ခိုက်ခံရရင် ဒီရေလက်ကြားကို ပိတ်ပစ် မယ်လို့ အရင်က ခြိမ်းခြောက်ဖူးပါတယ်။
အမေရိကန် ကတော့ အဲဒီဒေသမှာရှိတဲ့ သူတို့ရဲ့ စစ်တပ်တွေ အနီးမှာ “မလုံခြုံတဲ့၊ ကျွမ်းကျင်မှုမရှိတဲ့ အပြုအမူတွေ” မလုပ်ဖို့ အီရန်ကို သတိပေး ထားပါတယ်။
ဒါကို Araghchi က ” ကျွန်တော်တို့ရဲ့ အင်အားကြီးမားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက ကိုယ့်ပိုင်နက်ထဲမှာ ပစ်မှတ်ထား လေ့ကျင့်တာကိုတောင် အမေရိကန်စစ်တပ် က ဘယ်လိုလုပ်ရမယ်ဆိုပြီး လာပြီး ညွှန်ကြားဖို့ ကြိုးစားနေတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
စနေနေ့က အီရန်နိုင်ငံထဲမှာ ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့လို့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ တောင်ပိုင်း ဆိပ်ကမ်းမြို့ Bandar Abbas မှာ လူတဦး သေပြီး ၁၄ ဦး ဒဏ်ရာရခဲ့ တဲ့ ပေါက်ကွဲမှုဟာ ဂတ်စ်ယိုစိမ့်လို့ ဖြစ်ရတာလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
တော်လှန်ရေး အစောင့်တပ် ရေတပ်ဗိုလ်ချုပ်တဦး ပစ်မှတ်ထား တိုက်ခိုက်ခံ ရတယ် ဆိုတဲ့ လူမှုကွန်ရက်က သတင်းတွေကိုတော့ Tasnim သတင်း ဌာနက ငြင်းဆိုထားပါတယ်။
အီရန် အနောက်တောင်ပိုင်း အာဗက်ဇ် (Ahvaz) မြို့မှာလည်း နောက်ထပ် ပေါက်ကွဲမှု တခုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး ဒါဟာလည်း ဂတ်စ်ယိုစိမ့်မှုကြောင့်ပဲလို့ အာဏာပိုင်တွေက ပြောကြောင်း Tehran Times မှာ ဖော်ပြပါတယ်။
ကြာသပတေးနေ့မှာ ထရမ့်က အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုကို ရှောင်ချင်ရင် အီရန်အနေနဲ့ နှစ်ချက်လုပ်ရမယ်၊ “နံပါတ်တစ် နျူကလီးယား မလုပ်ရဘူး၊ နံပါတ်နှစ် ဆန္ဒပြသူတွေကို သတ်တာရပ်ရမယ်” လို့ ပြောခဲ့ ပါတယ်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (HRANA) ကတော့ ဒီဇင်ဘာလကုန်ပိုင်း မငြိမ်မသက်မှုတွေ စတင်ကတည်းက လူပေါင်း ၆၃၀၀ ကျော် သေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ် သေဆုံးသူ ၁၇၀၀၀ ခန့်ကိုလည်း စုံစမ်းနေတယ်လို့ ဆိုပါတယ်။
နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) ကတော့ သေဆုံးသူ ၂၅၀၀၀ ကျော်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ဆန္ဒပြသူတွေ ကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်စွာ နှိမ်နင်းမှုဟာ သူတို့တခါမှ မမြင်ဖူးတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ပြောပါတယ်။
တနင်္ဂနွေနေ့ မိန့်ခွန်းမှာတော့ ခါမေနီက ဆန္ဒပြသူတွေဟာ ရဲတွေ၊ တော်လှန်ရေး အစောင့်တပ်တွေနဲ့ ဘဏ်တွေ၊ ဗလီတွေလို နေရာတွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။
“အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို နှိမ်နင်းနိုင်ခဲ့ပြီ” လို့ သူက ပြောခဲ့ကြောင်း Tasnim သတင်းဌာနက ဖော်ပြပါတယ်။
Ref: bbc
—————————
THN Public Media
