THN Public Media Blog သတင်း နိုင်ငံတကာ အီရန်စစ်ပွဲမှာ အမေရိကန်ကို မကူညီလို့ စပိန်ကို နေတိုးအဖွဲ့ဝင် အဖြစ် ကနေ ဆိုင်းငံ့ဖို့ အမေရိကန် စဥ်းစားနေ
နိုင်ငံတကာ

အီရန်စစ်ပွဲမှာ အမေရိကန်ကို မကူညီလို့ စပိန်ကို နေတိုးအဖွဲ့ဝင် အဖြစ် ကနေ ဆိုင်းငံ့ဖို့ အမေရိကန် စဥ်းစားနေ

US President Donald Trump greets Spain's Prime Minister Pedro Sanchez during a summit on Gaza in Sharm el-Sheikh on October 13, 2025. Trump landed in Egypt on October 13 for a summit on Gaza, following a lightning visit to Israel after a ceasefire he brokered entered into force. (Photo by Evan Vucci / POOL / AFP) (Photo by EVAN VUCCI/POOL/AFP via Getty Images)

ဧပြီ ၂၅ – ၂၀၂၆

အီရန်စစ်ပွဲမှာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို ထောက်ခံ အားပေးဖို့ ပျက်ကွက်ခဲ့တဲ့ နေတိုး မဟာမိတ်တွေကို အမေရိကန်က အရေးယူဖို့ စဉ်းစားနေကြောင်း အမေရိကန် အရာရှိတဦးက ရိုက်တာသတင်းဌာနကို သောကြာနေ့က ပြောကြားလိုက် ပါတယ်။

အဲဒီအရေးယူမှုတွေထဲမှာ စပိန်နိုင်ငံကို နေတိုး အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ လိုက်တာမျိုး ဖြစ်နိုင်သလို၊ အငြင်းပွားဖွယ်ရာ ဖော့ကလန်ကျွန်းစု တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ ပိုင်ဆိုင်မှု အပေါ် အမေရိကန်ရဲ့ သဘောထားကို ပြန်လည် သုံးသပ်တာမျိုးလည်း ပါဝင်နိုင်ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အတွင်းရေး အီးမေးလ်တခုမှာ အမေရိကန်ရဲ့ အခုလို သဘောထား ရပ်တည်ချက်ကို အကြံပြု ဖေါ်ပြထားတယ်လို့ အမည်မဖေါ် လိုတဲ့ အမေရိကန် အရာရှိက ပြောပါတယ်။

အီရန်ကို တိုက်ခိုက်ဖို့ အတွက် သူတို့ နိုင်ငံက စစ်စခန်းတွေကို အသုံးပြုခွင့်ပေးဖို့ တွန့်ဆုတ်နေတာ ဒါမှမဟုတ် ငြင်းဆန်နေတာကို တုံ့ပြန်တဲ့ အနေနဲ့ ဆောင်ရွက်မှာလို့ ဆိုပါတယ်။

စစ်ခန်းတွေကို အသုံးပြုခွင့်၊ စခန်းချခွင့်နဲ့ လေကြောင်းဖြတ်သန်းခွင့် တွေဟာ နေတိုး အဖွဲ့ဝင် နိုင်ငံတွေ အတွက် အခြေခံအကျဆုံး ခွင့်ပြုရမယ့် အချက်တွေပဲလို့ အီမေးလ်ထဲမှာ ရေးသားခဲ့ပြီး၊ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ အမေရိကန် တပ်တွေကို ကူညီဖို့ ငြင်းဆန်တဲ့ အတွက် နေတိုးဟာ စက္ကူကျား သာဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြိမ်ကြိမ် ဝေဖန်ပြောဆိုချက်ကို ထပ်လောင်း ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ စပိန်ဝန်ကြီးချုပ် Pedro Sánchez ကတော့ ထရမ့်အစိုးရရဲ့ ခြိမ်းခြောက် မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပုံမပေါ်ပါဘူး။

ပင်တဂွန်ရဲ့ အီးမေးလ်နဲ့ ပတ်သက်ပြီး Sánchez က ကျွန်တော်တို့က အီးမေးလ်တွေကို အခြေခံပြီး အလုပ်မလုပ်ဘူး။ ကျွန်တော်တို့က တရားဝင် စာရွက် စာတမ်းတွေနဲ့ အစိုးရရဲ့ သဘောထားတွေ၊ ဒီကိစ္စမှာ ဆိုရင် အမေရိကန်ရဲ့ သဘောထားတွေ အတိုင်းပဲ လုပ်ဆောင်တာပါလို့ ပြောပါတယ်။

နေတိုးရဲ့ မူလစာချုပ်ထဲမှာ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံကို ဆိုင်းငံ့ဖို့ ဒါမှမဟုတ် ဖယ်ရှားဖို့ အတွက် ဘယ်လို ယန္တရားမျိုးမှ မပါဝင်ပါဘူး၊ ဒါပေမဲ့ သူတို့ ဘာသာ ထွက်ခွာခွင့်တော့ ရှိပါတယ်၊ အဲဒါကတော့ ထရမ့်ကိုယ်တိုင် လုပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အရာပါ။

မက်ဒရစ်နဲ့ လန်ဒန်မြို့တွေဟာ လတ်တလော ရက်သတ္တပတ်တွေ အတွင်း အိမ်ဖြူတော်ရဲ့ ဒေါသနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး စပိန် နဲ့ အတူ အီတလီ ပြင်သစ်တို့ဟာလည်း အမေရိကန် တပ်တွေကို သူတို့ရဲ့ စစ်စခန်းတွေ ဒါမှမဟုတ် လေပိုင်နက်ကို အသုံးပြုခွင့် ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်စစ်တပ်ဟာ စပိန်နိုင်ငံ က အဓိက စစ်စခန်း နှစ်ခုဖြစ်တဲ့ Rota ရေတပ်စခန်းနဲ့ Morón လေတပ် စခန်းတွေကို အသုံးပြုခွင့်ရှိထား တာပါ။

မတ်လတုန်းကတော့ ထရမ့်ဟာ မက်ဒရစ်နဲ့ ဆက်ဆံရေးအားလုံး ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး သတင်းထောက်တွေကို ကျွန်တော်တို့ အနေနဲ့ စပိန်နဲ့ ဘာမှ မပတ်သက် ချင်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

လန်ဒန်ကလည်း ဗြိတိန် စစ်စခန်းနှစ်ခု ကနေ အီရန်ကို တိုက်ခိုက်ဖို့ အမေရိကန် လေယာဉ်တွေကို အစပိုင်းမှာ ခွင့်မပြုခဲ့ပါဘူး။

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က နောက်ဆုံးမှာတော့ ခုခံကာကွယ်ရေး စစ်ဆင်မှုတွေ အတွက် အသုံးပြုခွင့်ပေးခဲ့ပေမဲ့၊ ဗြိတိန်ရဲ့ တွန့်ဆုတ်မှုက ထရမ့်ရဲ့ အာရုံစိုက်မှု ကနေ မလွတ်မြောက်ခဲ့ပါဘူး။

ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန်သမ္မတဟာ အမေရိကန်-ဗြိတိန် ကုန်သွယ်ရေး သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတချို့ကို ဖျက်သိမ်းမယ် လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ref: Foreign Policy

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version