THN Public Media Blog သတင်း နိုင်ငံတကာ အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၂၀၀၀ ရှိပြီလို့ သတင်းထွက်၊ ထရမ့်က “အကူအညီတွေ လာနေပြီ” ဆန္ဒဆက်ပြဖို့ ပြော
နိုင်ငံတကာ

အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၂၀၀၀ ရှိပြီလို့ သတင်းထွက်၊ ထရမ့်က “အကူအညီတွေ လာနေပြီ” ဆန္ဒဆက်ပြဖို့ ပြော

ဇန်နဝါရီ ၁၄ – ၂၀၂၆

အီရန်နိုင်ငံက ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောကြားလိုက်ပြီး သမ္မတထရမ့် ကတော့ အကူအညီတွေ “လာနေပြီ” လို့ အီရန်ပြည်သူတွေကို ကတိပေးပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲတွေ ဆက်လက် လုပ်နေဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

အမေရိကန်အခြေစိုက် အီရန်လူ့အခွင့်အရေး လှုပ်ရှားသူများ သတင်းအေဂျင်စီ (HRANA) ရဲ့ အစီရင်ခံစာ အရ အင်တာနက်တွေ ဖြတ်တောက်ထားတဲ့ ကြားကပဲ ပြီးခဲ့တဲ့ ၁၇ ရက် အတွင်း ဆန္ဒပြသူ ၁၈၅၀ ဦး၊ အစိုးရနဲ့ ဆက်နွှယ်သူ ၁၃၅ ဦး၊ ပတ်သက်မှု မရှိတဲ့ အရပ်သား ၉ ဦးနဲ့ ကလေးငယ် ၉ ဦး သေဆုံး ခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အီရန်အရာရှိတဦးကလည်း လူပေါင်း ၂၀၀၀ သေဆုံးခဲ့တာ မှန်ပေမဲ့ ဒါဟာ “အကြမ်းဖက် သမားတွေ” ရဲ့ လက်ချက် ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သေဆုံးသူစာရင်း ထွက်လာပြီး မကြာခင်မှာပဲ သမ္မတထရမ့်က Truth Social မှာ “အီရန် မျိုးချစ်တို့ရေ၊ ဆက်လက်ဆန္ဒပြကြပါ၊ အစိုးရဌာနတွေကို သိမ်းပိုက်လိုက်ကြပါ၊ သတ်ဖြတ် ညှဉ်းပန်းသူတွေရဲ့ အမည်စာရင်းကို မှတ်ထားကြပါ၊ သူတို့ ပြန်ပေးဆပ်ရမှာပါ” လို့ ရေးသားခဲ့ ပါတယ်။

“ဆန္ဒပြသူတွေကို အဓိပ္ပာယ်မဲ့ သတ်ဖြတ်နေတာတွေ မရပ်မချင်း အီရန်အရာရှိတွေနဲ့ တွေ့ဆုံမှု အားလုံးကို ဖျက်သိမ်းလိုက်ပြီ၊ အကူအညီတွေ လာနေပြီ၊ Make Iran Great Again (အီရန်နိုင်ငံကို ပြန်လည်ကြီးကျယ်အောင် လုပ်ဆောင်ကြစို့)” လို့လည်း သူက ထပ်လောင်း ပြောဆိုပါတယ်။

အီရန်နဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်မလဲဆိုတာ ဆွေးနွေးဖို့ ထရမ့်ရဲ့ အမျိုးသား လုံခြုံရေးအဖွဲ့ဟာ အင်္ဂါနေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

အမေရိကန် ကာကွယ်ရေး အရာရှိတွေရဲ့ အဆိုအရ ထရမ့်ဟာ အဝေးပစ် ဒုံးကျည်နဲ့ တိုက်ခိုက်တာ၊ ဆိုက်ဘာ စစ်ဆင်ရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေးတွေ အပါအဝင် လျှို့ဝှက် စစ်ရေးနည်း လမ်းမျိုးစုံကို အသုံးပြုဖို့ လမ်းညွှန်ချက် ရထားပြီးသား ဖြစ်ပါတယ်။

ထရမ့်ကတော့ ဒီသတ်ဖြတ်မှုတွေ အတွက် အီရန် အာဏာပိုင်တွေ “ကြီးမားတဲ့တန်ဖိုး” ပြန်ပေး ဆပ်ရလိမ့်မယ်လို့ ပြောဆိုခဲ့ပြီး ပြည်သူတွေကိုလည်း “ဆက်လက်ဆန္ဒပြကြဖို့” တိုက်တွန်းခဲ့ ပါတယ်။

သူဟာ ဒီနှိမ်နင်းမှုတွေကို တုံ့ပြန်ဖို့ အတွက် စစ်ရေး အရရော တခြားနည်းလမ်းတွေနဲ့ပါ ဆောင်ရွက်ဖို့ စဉ်းစား နေပြီး အီရန်နဲ့ ကုန်သွယ်တဲ့ ဘယ်နိုင်ငံကို မဆို သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံ မယ်လို့လည်း ကြေညာထားပြီးသား ဖြစ်ပါတယ်။

ပြည်နယ် ၃၁ ခုလုံးက မြို့ပေါင်း ၁၈၀ အထိ ပျံ့နှံ့သွားခဲ့တဲ့ ဒီဆန္ဒပြပွဲတွေဟာ အီရန်ငွေကြေး တန်ဖိုး ပြိုလဲတာနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာကို မကျေနပ်ရာကနေ စတင်ခဲ့တာပါ။

ဒီလှုပ်ရှားမှုဟာ နိုင်ငံရေး ပြောင်းလဲမှု တောင်းဆိုချက်တွေ အထိ အလျင်အမြန် ကျယ်ပြန့်လာခဲ့ပြီး ၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေးနောက်ပိုင်း ဘာသာရေး ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အုပ်ချုပ်ရေး ယန္တရားအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှု တခု ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဆန္ဒပြပွဲတွေ ပိုမို ပြင်းထန်လာခဲ့ပြီး အာဏာပိုင်တွေက အင်တာနက်နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို လုံးဝ နီးပါး ပိတ်ပစ်ကာ သေနတ်နဲ့ပစ်ခတ် နှိမ်နင်းခဲ့ပါတယ်။

အခုထိ သေဆုံးသူ ၂၀၀၃ ဦး ရှိနေပြီလို့ အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ HRANA က ထုတ်ပြန်ခဲ့သလို နောက်ထပ် သေဆုံးသူ ၇၇၉ ဦးရဲ့ သတင်းတွေကိုလည်း ထပ်မံ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ တုန်လှုပ်ခြောက်ခြားမိပါတယ်၊ ဒါပေမဲ့ ဒီအရေအတွက်ဟာ အနည်းဆုံး ခန့်မှန်းချက်ပဲ ရှိပါသေးတယ်” လို့ ဒုတိယညွှန်ကြားရေးမှူး Skylar Thompson က အေပီ သတင်းဌာနကို ပြောပါတယ်။

နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) ကတော့ အနည်းဆုံး ဆန္ဒပြသူ ၇၃၄ ဦး သေဆုံး ခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ဒီကိန်းဂဏန်းတွေဟာ ပြည်နယ် ထက်ဝက်လောက်နဲ့ ဆေးရုံ ၁၀ ရာခိုင်နှုန်း လောက်ဆီက ရတဲ့ အချက်အလက်တွေ အပေါ်မှာပဲ အခြေခံထားတာမို့ “တကယ်တမ်း သေဆုံးသူအရေအတွက်ဟာ ထောင်နဲ့ချီ ရှိနိုင်ပါတယ်” လို့ IHR ညွှန်ကြားရေးမှူး Mahmood Amiry-Moghaddam က ပြောပါတယ်။

သေဆုံးသူ ၂၀၀၀ ခန့်ရှိတယ်လို့ ပြောခဲ့တဲ့ အမည်မဖော်လိုသူ အီရန်အရာရှိကတော့ ဘယ်သူတွေ သေဆုံးတယ်ဆိုတဲ့ အသေးစိတ်ကို မပြောခဲ့ပေမဲ့ ဆန္ဒပြသူတွေရော လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ သေဆုံးရတာဟာ “အကြမ်းဖက်သမားတွေ” ကြောင့်လို့ ဆိုပါတယ်။

နိုင်ငံတကာသတင်းဌာနတွေဟာ အီရန်နိုင်ငံထဲ ကနေ သတင်းတင်ပြခွင့် မရတာကြောင့် သွေးထွက် သံယိုမှုရဲ့ တကယ့် ပမာဏကို သိဖို့ ခက်ခဲနေပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့က အွန်လိုင်းမှာ တက်လာတဲ့ ဗီဒီယိုတွေအရ တီဟီရန်မြို့က ကာရီဇက် ရင်ခွဲ ရုံမှာ မိသားစုဝင်တွေဟာ သူတို့ ချစ်ရသူတွေရဲ့ ရုပ်အလောင်းတွေကို လိုက်လံရှာဖွေနေကြတာ တွေ့ရ ပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ အလောင်းအိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ ရုပ်အလောင်း အနည်းဆုံး ၁၈၀ ရှိတာကို တွေ့ရပါတယ်။

တနင်္လာနေ့က တက်လာတဲ့ နောက်ထပ် ဗီဒီယိုတခုမှာလည်း အလောင်း ၅၀ ခန့်ကို တွေ့ခဲ့ရ ပါတယ်။

“ကျွန်တော့် သူငယ်ချင်းက သူ့မောင်လေးကို သွားရှာရင်းနဲ့ ကိုယ့်ဝမ်းနည်းမှုကိုတောင် မေ့သွား တယ်၊ အလောင်းတွေက ရပ်ကွက်တိုင်း ကနေ စုပုံလာတာပဲ၊ အကြမ်းဖက်မှုက ဘယ်လောက်ထိ ပြင်းထန် သလဲဆိုတာ ခင်ဗျားတို့ မြင်နေရတဲ့ ပမာဏထက် အများကြီး ပိုပါတယ်” လို့ တက်ကြွ လှုပ်ရှားသူ တဦးက ပြောပြပါတယ်။

မြို့တော်က ဆေးရုံတွေမှာလည်း ထိခိုက် ဒဏ်ရာရသူတွေနဲ့ ပြည့်လျှံနေတယ်လို့ သိရပါတယ်။

လန်ဒန်မှာ နေထိုင်တဲ့ အီရန် ကင်ဆာအထူးကု ဆရာဝန်ကြီး ပရော်ဖက်ဆာ Shahram Kordasti က “ဆေးရုံအများစုဟာ စစ်တလင်းလို ဖြစ်နေပြီး ဆေးဝါးနဲ့ သွေးတွေလည်း ပြတ်လပ်နေတယ်” လို့ တီဟီရန်က လုပ်ဖော်ကိုင်ဖက်ဆီက နောက်ဆုံး သတင်းရကြောင်း ပြောပါတယ်။

တခြားဆေးရုံက ဆရာဝန်တွေကလည်း ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ ရာနဲ့ချီကို ကုသပေးခဲ့ရ တယ်လို့ သူက ဆက်ပြောပါတယ်။

ကက်စပီယံ ပင်လယ်ကမ်းခြေနားက ရာရှ်မြို့မှာ နေထိုင်သူ တဦးကတော့ “တစ်မြို့လုံး မီးလောင်ပြင်တွေနဲ့ မှတ်လို့တောင် မရတော့ဘူး” လို့ မြို့ရဲ့ အခြေအနေကို ဖော်ပြပါတယ်။

တစ်ဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီရန်ဟာ တွေ့ဆုံ ဆွေးနွေးဖို့ အဆင်သင့်ရှိသလို တခြားနည်းလမ်းတွေ အတွက်လည်း အဆင်သင့်ပဲလို့ အယ်လ်ဂျာဇီးယားကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အမေရိကန်ဟာ အီရန်နျူကလီးယား အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။

Abbas Araghchi က အစိုးရအနေနဲ့ ဆန္ဒပြသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမဲ့ ပြည်ပက စေခိုင်း ထားတဲ့ “လေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်အုပ်စုတွေ” ကြောင့် အင်အားသုံး နှိမ်နင်း ခဲ့ရတာလို့ ဆိုပါတယ်။

ဒီပြောကြားချက်ဟာ အီရန်က အာဏာ အရှိဆုံး ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီရဲ့ ပြောကြားချက်နဲ့ ထပ်တူ ကျနေပြီး သူကလည်း “နိုင်ငံခြားရန်သူတွေရဲ့ အကြံအစည်ကို ခြေမှုန်းနိုင်ခဲ့ပြီ” လို့ ပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper ကလည်း အီရန် သံအမတ်ကို ဆင့်ခေါ်ပြီး “ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေ” အတွက် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk ကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့ အီရန်အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဆန္ဒပြသူတွေကို “အကြမ်းဖက်သမား” လို့ ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်တာဟာ လက်ခံနိုင်စရာ မရှိသလို ဆန္ဒပြသူတွေကို အမြန်ဆုံး စစ်ဆေးပြီး သေဒဏ်ပေးဖို့ ကြိုးစား နေတာဟာလည်း အလွန်စိုးရိမ်စရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။

အီရန်တရားရေးဌာန အကြီးအကဲကတော့ ဆူပူမှုမှာ ပါဝင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောထားပြီး အချို့ကို “ဘုရားသခင်ကို ရန်ပြုမှု” ဆိုတဲ့ သေဒဏ်ကျခံရနိုင်တဲ့ ပြစ်ချက်နဲ့ တရားစွဲထားပါတယ်။

HRANA ရဲ့ အဆိုအရ အခုထိ ဆန္ဒပြသူပေါင်း ၁၆,၇၈၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အဖမ်းခံရတဲ့ အသက် ၂၆ နှစ်အရွယ် လူငယ်တဦးကိုလည်း ရက်ပိုင်း အတွင်းမှာတင် သေဒဏ်ချမှတ် လိုက်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကွပ်မျက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

“အမှုက အရမ်းမြန်လွန်းတယ်၊ အစိုးရဟာ လူတွေကို ကြောက်လန့်သွားအောင် နည်းမျိုးစုံ သုံးနေတာပါ” လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

သမ္မတထရမ့်ကတော့ အီရန်အာဏာပိုင်တွေက ဆန္ဒပြသူတွေကို ကြိုးပေးသတ်ဖြတ်မယ်ဆိုရင် အမေရိကန် အနေနဲ့ “ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု” တွေ လုပ်သွားမယ်လို့ သတိပေးလိုက် ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ Volker Türk ကလည်း အင်တာနက်နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု တွေကို ချက်ချင်းပြန်ဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

NetBlocks ရဲ့ အဆိုအရ အီရန်မှာ အင်တာနက်ပြတ်တောက်နေတာ နာရီပေါင်း ၁၂၀ ကျော်သွားပြီ ဖြစ်ပါတယ်။

တီဟီရန်အနီးမှာ နေထိုင်သူတဦးရဲ့ အဆိုအရ လမ်းတိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ရှိနေပြီး ကားတွေနဲ့ ဖုန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အခုအခါမှာတော့ အီရန်မြို့ကြီးတွေက ဆန္ဒပြပွဲ ဗီဒီယိုအသစ်တွေ ထပ်မံထွက်ပေါ်လာနေပြီး အဲ့ဒီထဲမှာ “အာဏာရှင် ကျရှုံးပါစေ” နဲ့ ” Reza Shah ဘုရင်ကြီး ကောင်းရာ သုဂတိ လားပါစေ” ဆိုတဲ့ ကြွေးကြော်သံတွေကို ကြားနေရပါတယ်။

Ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version