THN Public Media Blog သတင်း နိုင်ငံတကာ အီရန်ဆန္ဒပြမှု မြို့ပေါင်း ၁၀၀ ကျော်အထိ ပိုမိုကျယ်ပြန့်သွား
နိုင်ငံတကာ

အီရန်ဆန္ဒပြမှု မြို့ပေါင်း ၁၀၀ ကျော်အထိ ပိုမိုကျယ်ပြန့်သွား

Iranian people wave the country's flags under a portrait of Iran's Supreme Leader, Ayatollah Ali Khamenei, during an unveiling ceremony of a statue of the Islamic leader of the Shi'ite Muslims, Imam Ali, the father of Imam al-Hussain, in southern Tehran, Iran, on January 3, 2026. (Photo by Morteza Nikoubazl/NurPhoto via Getty Images

ဇန်နဝါရီ ၈ – ၂၀၂၆

အီရန်နိုင်ငံမှာ စီးပွားရေးအကြပ်အတည်းကြောင့် ဖြစ်ပွားနေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၁၁ ရက်မြောက်နေ့အထိ ဆက်ရှိနေပြီး နေရာ အတော်များများမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြင်းအထန် ထိပ်တိုက်တွေ့ ဆုံမှုတွေ ဖြစ်ပွားနေပါတယ်။

အီရန် တော်လှန်ရေးအစောင့်တပ်နဲ့ နီးစပ်တဲ့ Fars သတင်းဌာနရဲ့ ဖော်ပြချက် အရ အနောက်တောင်ပိုင်း လောဒီဂန်မြို့မှာ လက်နက်ကိုင် ဆောင်ထားသူတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိ နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ်က ဗီဒီယိုတွေမှာတော့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ တွေကြား တင်းမာနေတဲ့ အခြေအနေတွေနဲ့အတူ သေနတ် ပစ်ခတ် သံတွေ ကိုလည်း ကြားနေရပါတယ်။

တခြားဒေသတွေက ရရှိတဲ့ ဗီဒီယိုဖိုင်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို သေနတ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်း နေတာကို တွေ့ရပြီး ဆန္ဒပြသူအချို့ကလည်း ခဲတွေနဲ့ ပြန်လည် ပစ်ပေါက် တာမျိုးတွေ ရှိနေပါတယ်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (HRANA) ရဲ့ အဆိုအရ ဒီဆန္ဒပြပွဲတွေဟာ အီရန်နိုင်ငံရဲ့ ပြည်နယ် ၃၁ ခုလုံးက မြို့ပေါင်း ၁၁၁ မြို့အထိ ပျံ့နှံ့သွားပြီဖြစ်ပါတယ်။

ဒီပဋိပက္ခ အတွင်း ဆန္ဒပြသူ အနည်းဆုံး ၃၄ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး ခဲ့ပြီး ဆန္ဒပြသူ ၂၂၀၀ ခန့် ဖမ်းဆီးခံထားရတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က တဟီရန်မြို့မှာ ဈေးဆိုင် ပိုင်ရှင်တွေက အီရန်ငွေကြေး တန်ဖိုး အဆမတန် ကျဆင်း သွားတာကို မကျေနပ်လို့ လမ်းပေါ်ထွက်ခဲ့ရာကနေ စတင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် အတွင်း အီရန်ငွေကြေးဟာ စံချိန်တင် အနိမ့်ဆုံးအထိ ကျဆင်းခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကလည်း ၄၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ဒါဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကြောင့် ဒဏ်ခတ် ပိတ်ဆို့ခံရမှု တွေအပြင် အစိုးရရဲ့ စီမံခန့်ခွဲမှုလွဲမှားခြင်းနဲ့ အဂတိ လိုက်စားမှုတွေကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေပါ ပူးပေါင်းလာပြီး ဆန္ဒပြပွဲ တွေ ဟာ တခြားမြို့တွေကို ပျံ့နှံ့သွားခဲ့ကာ အီရန်ရဲ့ အာဏာအရှိဆုံး ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အထိ ပါဝင်လာတာ ဖြစ်ပါတယ်။

သမ္မတ Masoud Pezeshkian ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးအရ အရေးယူတာမျိုး မလုပ်ဖို့ အမိန့်ပေးထားတယ်လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ အမှုဆောင် ရာထူး ဆိုင်ရာ ဒုတိယသမ္မတ Mohammad Jafar Qaempanah က ပြောကြားခဲ့ ပါတယ်။

ဒါပေမဲ့ သေနတ်၊ ဓားနဲ့ ဓားရှည်တွေ ကိုင်ဆောင်သူတွေ အပြင် ရဲစခန်းနဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို တိုက်ခိုက်သူတွေဟာ ဆူပူသောင်းကျန်းသူ တွေ ဖြစ်တာကြောင့် ဆန္ဒပြသူနဲ့ ဆူပူသူကို ခွဲခြားသတ်မှတ်ရမယ်လို့ သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အစိုးရဘက်ကလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံသား ၇၁ သန်းကို တဦးကို တလ ၇ ဒေါ်လာနဲ့ ညီမျှတဲ့ ထောက်ပံ့ ကြေးသစ် စတင်ပေးအပ်နေပြီလို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

တဘက်မှာလည်း တရားစီရင်ရေးဌာန အကြီးအကဲ Gholamhossein Mohseni Ejei က ဆူပူသောင်းကျန်းသူတွေကို စံနမူနာ ဖြစ်အောင် မြန်မြန်ဆန်ဆန် တရားစွဲဆို အပြစ်ပေးသွားမှာ ဖြစ်ကြောင်း ရဲတပ်မှူးတွေကို ပြောကြားခဲ့ ပါတယ်။

အီရန်နိုင်ငံရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ခေါင်းဆောင်ကြီး ခါမေနီ ကတော့ အာဏာပိုင်တွေ အနေနဲ့ ဆန္ဒပြသူတွေနဲ့ စကားပြောဆိုသင့်ပေမဲ့ ဆူပူသောင်းကျန်းသူတွေကိုတော့ နှိမ်နင်းမှုတွေ လုပ်ရမယ်လို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီလိုပြောဆိုချက်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အီရန်လုံခြုံရေး တပ်ဖွဲ့တွေက သတ်ဖြတ်မယ်ဆိုရင် အမေရိကန်က ဝင်ရောက်စွက်ဖက်ဖို့ အသင့်ပြင်ထားတယ်လို့ သမ္မတ ထရမ့်က ခြိမ်းခြောက်ပြောဆိုပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Sanam Vakil ကတော့ အီရန်ပြည်သူတွေဟာ အနာဂတ်အတွက် မျှော်လင့်ချက်မရှိတော့ဘဲ နေ့စဉ်ဘဝ ရှင်သန်ရပ်တည်ရေး ခက်ခဲလာတာကြောင့် အစိုးရအပေါ် အကြီးအကျယ် ဒေါသထွက်နေကြပြီး ဆန္ဒပြပွဲတွေက နိုင်ငံရေးအရ ဦးတည်ချက်တွေဆီ လျင်မြန်စွာ ပြောင်းလဲသွားခဲ့တယ်လို့ သုံးသပ်ပါတယ်။

တကယ်လို့ ဆန္ဒပြပွဲတွေမှာ လူအင်အား ပိုမိုများပြားလာမယ်ဆိုရင် အစိုးရရဲ့ နှိမ်နင်းမှုတွေကလည်း ပိုပြီး ပြင်းထန်ကြမ်းတမ်းလာနိုင်တယ်လို့ သူမက ဆိုပါတယ်။

တီဟီရန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ Sadegh Zibakalam ကတော့ အမေရိကန်က ဝင်ရောက်စွက်ဖက်လာမှာကို စိုးရိမ်တာကြောင့် အီရန် ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးအစောင့်တပ် တပ်မှူးတွေဟာ အရင်ကထက် စာရင် ဒီတကြိမ်မှာ အင်အားသုံးနှိမ်နင်းဖို့ ပိုပြီး သတိထား နေကြတာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ ၂၀၂၂ ခုနှစ်က အမျိုးသမီးငယ် မာဆာအာမီနီ သေဆုံးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ အုံကြွမှုနောက်ပိုင်း အကျယ်ပြန့်ဆုံး ဖြစ်လာခဲ့တာပါ။

အဲဒီ ၂၀၂၂ ခုနှစ် အုံကြွမှုတုန်း ကတော့ အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှု ကြောင့် လူပေါင်း ၅၅၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၀၀ လောက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ပြထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version