THN Public Media Blog သတင်း နိုင်ငံတကာ အီရန်ရဲ့ ယုံကြည်မှုကို ရအောင် အမေရိကန် မလုပ်နိုင်ခဲ့၊ ဆွေးနွေးပွဲပျက်
နိုင်ငံတကာ

အီရန်ရဲ့ ယုံကြည်မှုကို ရအောင် အမေရိကန် မလုပ်နိုင်ခဲ့၊ ဆွေးနွေးပွဲပျက်

ဧပြီ ၁၂ – ၂၀၂၆

ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့မှာ အမေရိကန် အီရန် တိုက်ရိုက် ဆွေးနွေးပွဲမှာ အချိန် အတော်ကြာအောင် ဆွေးနွေးခဲ့ကြပေမယ့် အမေရိကန် ဘက်က အီရန်ရဲ့ ယုံကြည်မှု ရရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူးလို့ အီရန် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောကြားလိုက် ပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က ထပ်မံပြောကြားရာမှာ အီရန်ဘက်က အနာဂတ် အတွက် ကောင်းမွန်တဲ့ ကနဦး အဆိုပြုချက်တွေကို တင်ပြခဲ့ပေမဲ့ ဆွေးနွေးပွဲတွေဟာ နောက်ဆုံး မှာတော့ သဘောတူညီချက် မရရှိဘဲ ပြီးဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

သူက ဆက်ပြီးတော့ “အီရန်နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေး ရက်ပေါင်း ၄၀ အတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်မယ့် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ခဏလေးတောင်မှ ရပ်တန့်သွားမှာ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ကတော့ သူဟာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး စိတ်ရင်းမှန်နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပေမဲ့ ဝါရှင်တန်ရဲ့ စည်းကမ်းချက်တွေကို တီဟီရန် ဘက်က လက်မခံ ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အခုလို သဘောတူညီချက် မရတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အခုချိန်မှာ သမ္မတ ထရမ့် အနေနဲ့ စစ်ရေးအရ အရှိန်မြှင့်မလား ဒါမှမဟုတ် ဆက်ပြီး ညှိနှိုင်းမလားဆိုတဲ့ ပြတ်သားတဲ့ ရွေးချယ်မှု တခုကို လုပ်ရတော့မှာ ဖြစ်ပါတယ်။

ဘက်နှစ်ဘက်စလုံးက သူတို့ပဲ စစ်နိုင်သူတွေ ဖြစ်တယ်လို့ ကြွေးကြော်ပြီး ဆွေးနွေးပွဲကို ရောက်လာ ကြတာမို့ သဘောတူညီချက်တခု ရဖို့ဆိုတာ ကတော့ ဘယ်လိုမှ မလွယ်ကူနိုင်တဲ့ ကိစ္စပါ။

အဆုံးသတ်မှာတော့ ဒါဟာ လုံးဝ ‘မဖြစ်နိုင်တော့ပဲ နှစ်ဘက်စလုံးဟာ ဆွေးနွေးပွဲ ပျက်ပြားရခြင်း အတွက် တဘက်နဲ့တဘက် အပြန်အလှန် အပြစ်တင်ရင်း ထွက်ခွာသွားကြပါတယ်။

ရှေ့ဆက်ဘာဖြစ်မလဲ

—————

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးဟာ အီရန်ရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီး ပစ်မယ်လို့ အမေရိကန်သမ္မတရဲ့ ပြင်းထန်လွန်းတဲ့ ခြိမ်းခြောက်မှုတွေကြားမှာ စတင်ခဲ့တာပါ။

အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စမလား ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပေမဲ့ ဖြစ်နိုင်ခြေ ကတော့ သေချာပေါက် ပိုများလာခဲ့ပါပြီ။

အီရန်ဘက်က ရွေးချယ်ပြီး ထိထိရောက်ရောက် ပိတ်ဆို့ထားတဲ့ အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြား ကိစ္စမှာလည်း ဆွေးနွေးညှိနှိုင်းမှုက တဆင့် ပြန်ဖွင့်ဖို့ ဆိုတာ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ပါရှန်းပင်လယ်ကွေ့ထဲကို အမေရိကန် စစ်သင်္ဘောနှစ်စင်း ရောက်ရှိလာတာကို ကြည့်ရင်တော့ အမေရိကန်ဟာ တခြားနည်းလမ်းတခုခုကို စဉ်းစားနေပြီဆိုတာ သိသာနေပါတယ်။

နျူကလီးယားလက်နက် လုံးဝ မပိုင်ဆိုင်ပါဘူးဆိုတဲ့ ကတိကဝတ်ကို အီရန်ဘက်က မပေးနိုင် တာဟာ အဓိက အဟန့်အတား ဖြစ်တယ်လို့ အမေရိကန်က ထောက်ပြထားပါတယ်။

အီရန်ကတော့ သူတို့မှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ အမြဲငြင်းဆို ခဲ့ပေမဲ့ တနှစ်အတွင်းမှာတင် စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တာ ကတော့ နျူကလီးယားလက်နက် လိုချင် သူတွေ ကို ပိုပြီး အတင့်ရဲလာစေမှာပါ။

အမေရိကန်နဲ့ အီရန်ကြားက အခုလို မျက်နှာချင်းဆိုင် ဆွေးနွေးပွဲ တွေဟာ သမိုင်းဝင်ဖြစ်ခဲ့ပေမဲ့ တကယ့်တမ်း မှာတော့ သံတမန်ရေးရာ ကျဆုံးမှု တခုအနေနဲ့ပဲ မှတ်တမ်းတင်ကျန်ရစ်ခဲ့ဖွယ် ရှိနေပါတယ်။

တဘက်မှာလည်း အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ လာမယ့် အပတ် ဝါရှင်တန်မြို့မှာ သူတို့ အချင်းချင်း သီးသန့် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

လက်ဘနွန်နိုင်ငံ နိုင်ငံတောင်ပိုင်းမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ အရှိန်လျော့သွားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version