အီးယူ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ ကနေ ယူကရိန်းနိုင်ငံ အတွက် လာမယ့် ၂ နှစ် အတွင်း အသုံးပြုဖို့ ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၅ ဘီလီယံခန့်) ချေးငွေ ပေးဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
ထုတ်ချေးမယ့် ငွေတွေဟာ ဘယ်လ်ဂျီယံ မှာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင် ယူရို ၂၁၀ ဘီလီယံ ထဲက မဟုတ်ပါ။ ပထမတော့ ရုရှားငွေတွေကို ထုတ်ယူသုံးစွဲဖို့ ကြိုးစားခဲ့ပေမယ့်ဥပဒေ ကြောင်းအရ အခက်အခဲရှိတဲ့ အတွက် မအောင်မမြင် ဖြစ်ခဲ့တာပါ။
ဒါ့အပြင် ရုရှားရဲ့ လက်စားချေ တုံ့ပြန်မှုမှာကို စိုးရိမ်တဲ့ အတွက် ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်က သဘောမတူကြောင်း ကန့်ကွက်ခဲ့တာ ဖြစ်ပါ တယ်။
ဒီတော့ အခုငွေတွေကို အီးယူအနေနဲ့ စျေးကွက် နဲ့ အဖွဲ့ဝင်ကြေးတွေ ကနေ ထုတ်ယူ သုံးစွဲမှာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံက သူတို့ရဲ့ ကျူးကျော်စစ် အတွက် ယူကရိန်း ကို စစ်လျော်ကြေး ပေးတဲ့ အချိန်ကျမှ ဒီ ချေးငွေကို ပြန်ပေးရမှာ ဖြစ်ပါ တယ်။
ချေးငွေ နဲ့ ပတ်သက်ပြီး အီးယူ ခေါင်းဆောင်တွေ အကြား သဘောထား ကွဲလွဲမှု တချို့ရှိခဲ့ရာ ဟန်ဂေရီနဲ့ စလိုဗက်ကီးယား နိုင်ငံတို့က ထောက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က “ယူကရိန်းက ဒီငွေကို ဘယ်တော့မှ ပြန်ဆပ်နိုင်မှာမဟုတ်ဘူး၊ ဒါဟာ ပိုက်ဆံ အလဟဿ ဖြစ်တာပဲ” လို့ ဝေဖန်ခဲ့ပါတယ်။
ချက်နိုင်ငံ ဝန်ကြီးချုပ် Andrej Babis က ချေးငွေကို သဘောတူပေမယ့် သူ့ နိုင်ငံ အနေနဲ့ အာမခံပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
EU ဟာ ထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေကို တိုက်ရိုက် မထိရဲ ပေမယ့် ယူကရိန်းကို ငွေကြေးအရ အကြီးအကျယ် ထောက်ပံ့တာဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ယူကရိန်း အနေနဲ့ ဆက်လက် ခုခံနိုင်ဖို့ ကြိုးပမ်း ပေးနေတာ ဖြစ်ပါတယ်။
—————————
THN Public Media
