အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျကာတာ က အထက်တန်း ကျောင်းဝင်း တခု အတွင်း ဗလီဝတ်ကျောင်း တခုမှာ သောကြာနေ့ ဝတ်ပြုဆုတောင်း နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိသွားပါတယ်။
ဒဏ်ရာ ရရှိသူ စုစုပေါင်း လူ ၅၄ ဦး ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း မြို့တော် ရဲချုပ် Asep Edi Suheri က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက် အရ ပြင်းထန် ဒဏ်ရာ ရရှိသူ ၃ ဦး နဲ့ အသေးစား ဒဏ်ရာရရှိသူ ၁၇ ဦး ရှိပြီး ကျန်တဲ့သူတွေကို ဆေးကုသ ပေးပြီး ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့ကြောင်း သိရပါတယ်။
ဒီပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ ဂျကာတာ မြောက်ဘက် Kelapa Gading ခရိုင်ရှိ အစိုးရပိုင် အထက်တန်း ကျောင်းဝင်း မှာ ဖြစ်ပွားခဲ့တာပါ။
ဗုံးရှင်းလင်းရေး အဖွဲ့တဖွဲ့ကို အခင်းဖြစ်ပွားရာ ကျောင်းဝင်းသို့ စေလွှတ် ခဲ့ပြီး သက်သေ အထောက်အထားတွေ စုဆောင်းကာ တခြား ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေ ရှိ/မရှိ စစ်ဆေးခဲ့ပါတယ်။
ဗုံးဖေါက်ခွဲတယ်လို့ သံသယရှိသူမှာ လက်ရှိ ဆေးကုသမှု ခံယူနေရတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတဦး ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။
ဒီ ကျောင်းသားဟာ တခြားကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို မကြာခဏ ခံခဲ့ရသူ ဖြစ်ပြီး သူ့ဘာသာ လက်လုပ်ဗုံးလုပ်ပြီး ယူလာတာ ဖြစ်တယ်လို့ ကျောင်းသား တဦးက ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဲဒီ သံသယ ရှိသူ ကျောင်းသားဟာ မြေပြင်ပေါ် လဲကျ နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။
ဂျကာတာမြို့တော် ရဲတပ်ဖွဲ့က အဆင့်မြင့် အရာရှိတဦးက အခင်းဖြစ်ပွား ရာ နေရာမှာ သေနတ်နဲ့ တူတဲ့ အရာဝတ္ထု နှစ်ခု တွေ့ရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
အစိုးရ ဝန်ကြီး တဦး ကတော့ စုံစမ်းစစ်ဆေးမှုတွေကို အသေးစိတ် ဆောင်ရွက်နေဆဲ ဖြစ်တာကြောင့် ပေါက်ကွဲမှုကို “အကြမ်းဖက်လုပ်ရပ်” ဆိုပြီး ကြိုတင် ကောက်ချက်မချဖို့ ပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်စလင်ဦးရေ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။
Ref: bbc
—————————
THN Public Media
