THN Public Media Blog သတင်း AI ဉာဏ်ရည်တုက ဂနို နဲ့ MRSA ပိုးတွေ အတွက် ပဋိဇီဝဆေးတွေကို ထုတ်လုပ်
သတင်း

AI ဉာဏ်ရည်တုက ဂနို နဲ့ MRSA ပိုးတွေ အတွက် ပဋိဇီဝဆေးတွေကို ထုတ်လုပ်

စက်တင်ဘာ ၂၃ – ၂၀၂၅
ဆေးယဉ်ပါးနေတဲ့ ဂနိုရီးယား လို့ ခေါ်တဲ့ လိင်မှတဆင့် ကူးဆက်တဲ့ ဆီးပူညောင်းကျ ရောဂါပိုး နဲ့ MRSA ဆိုတဲ့ ဆေးမတိုးတော့တဲ့ပိုး တွေကို သတ်နိုင်တဲ့ အလားအလာရှိတဲ့ ပဋိဇီဝဆေးသစ် နှစ်မျိုးကို AI ဉာဏ်ရည် တု က တီထွင်လိုက်ကြောင်း သုတေသီတွေ ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။

ဒီဆေးဝါးတွေကို AI က အက်တမ် တခုချင်းစီနဲ့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုမှာ ဆေးမတိုးတဲ့ စူပါ ဘက်တီးရီးယား ပိုးတွေကို သေစေနိုင်ကြောင်း တွေ့ရှိရပါတယ်။
ဒါပေမယ့်လည်း ဒီဆေးနှစ်မျိုးကို လူနာတွေ အတွက် အသုံးပြုနိုင်ဖို့ ပြုပြင် မွမ်းမံမှုတွေနဲ့ ဆေးဝါး စမ်းသပ်မှုတွေကို နှစ်ပေါင်းများစွာ လုပ်ဖို့ လိုအပ် နေပါ သေးတယ်။

ဒီဆေးနှစ်မျိုးကို AI နဲ့ တီထွင်ခဲ့တဲ့ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် MIT အဖွဲ့ ကတော့ AI နဲ့ ပဋိဇီဝ ဆေးဝါး ရှာဖွေတွေ့ရှိ မှုဟာ “ဒုတိယရွှေခေတ်” ကို စတင် စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

(ပိုးသတ်ဆေးလို့ခေါ်တဲ့) ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားပိုးတွေကို သတ်နိုင်ပေမယ့် အခုအခါ ဆေးယဉ်ပါး လာပြီး ရောဂါကူးစက်မှု တွေကြောင့် တနှစ်ကို လူတသန်းကျော် အသက်ဆုံးရှုံး နေရတာ ဖြစ်ပါ တယ်။

အရင်ကတော့ သုတေသီတွေဟာ AI ကို သုံးပြီး ပဋိဇီဝဆေး အသစ်တွေ ဖြစ်လာနိုင်ဖို့ အလားအလာရှိတဲ့ ဓာတုပစ္စည်း ထောင်ပေါင်းများစွာကို ရှာဖွေ ဖော်ထုတ်ဖို့ ကြိုးစား ခဲ့ကြတာပါ။
အခုတော့ ဂနိုနဲ့ MRSA ပိုးတွေ အတွက် ပဋိဇီဝဆေးတွေ ထုတ်ဖို့ MIT အဖွဲ့ ကနေ မျိုးဆက်ပွား AI နဲ့ ဒီဇိုင်းထုတ်တဲ့ အထိ နောက်တဆင့် တက်လှမ်း ခဲ့တာ ဖြစ်ပါတယ်။

MIT အဖွဲ့ရဲ့ လေ့လာ တွေ့ရှိမှုတွေကို Cell ဂျာနယ်မှာ ဖေါ်ပြထားတာ ဖြစ်ပြီး ဒြပ်ပေါင်း အမျိုးအစား ၃၆ သန်းကို စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
သိပ္ပံပညာရှင်တွေဟာ AI ကို ဒြပ်ပေါင်းတွေရဲ့ ဓာတုဖွဲ့စည်းပုံ အချက် အလက် တွေ ပေးပြီး အဲဒီ ဒြပ်ပေါင်းတွေဟာ အမျိုးမျိုးသော ဘက်တီးရီးယား တွေရဲ့ ကြီးထွားမှုကို နှေးကွေးစေ သလား ဆိုတာ သိရှိဖို့ လေ့ကျင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ AI ဟာ ကာဗွန်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်နဲ့ နိုက်ထရိုဂျင် စတဲ့ အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ မော်လီကျူး ဖွဲ့စည်းပုံ တွေ အနေနဲ့ ဘက်တီးရီးယားတွေကို ဘယ်လို သက်ရောက်မှု ရှိလဲ ဆိုတာ လေ့လာသင်ယူတာ ဖြစ်ပါတယ်။

လေ့လာမှု လုပ်ထားတဲ့ AI နဲ့ ဒီဇိုင်း ၂ မျိုးထုတ်ပြီး ဓာတ်ခွဲခန်းက ဘက်တီးရီးယားတွေနဲ့ ကူးစက်ခံထားရတဲ့ ကြွက်တွေကို စမ်းသပ်ခဲ့ရာ အလားအလာရှိတဲ့ ဆေးအသစ် နှစ်မျိုးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“ထုတ်လုပ်နိုင်စွမ်းရှိတဲ့ AI ကို အသုံးပြုပြီး လုံးဝ အသစ်ဖြစ်တဲ့ ပဋိဇီဝဆေး တွေကို ဒီဇိုင်းထုတ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ ပြသနိုင်ခဲ့လို့ စိတ်လှုပ်ရှားမိတယ်” လို့ MIT ပါမောက္ခ James Collins က ပြောပါတယ်။

“AI က ကျွန်တော်တို့ အတွက် မော်လီကျူးတွေကို စျေးသက်သာစွာနဲ့ လျင်မြန်စွာ ဖန်တီးပေးနိုင်ပြီး ဒီနည်းနဲ့ ကျွန်တော်တို့ရဲ့ လက်နက်တိုက်ကို ချဲ့ထွင်နိုင် သလို စူပါပိုးတွေရဲ့ မျိုးဗီဇတွေကို တိုက်ခိုက်တဲ့ နေရာမှာလည်း ကျွန်တော်တို့ကို တကယ်ပဲ အားသာချက်ပေးနိုင်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
Ref: bbc

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version