THN Public Media Blog သတင်း နိုင်ငံတကာ Greenland ကို သိမ်းပိုက်ဖို့ ထရမ့်ရဲ့ ခြိမ်းခြောက်မှု၊ ဥရောပ မဟာမိတ် တွေက ဒိန်းမတ်ဘက်က ရပ်တည်
နိုင်ငံတကာ

Greenland ကို သိမ်းပိုက်ဖို့ ထရမ့်ရဲ့ ခြိမ်းခြောက်မှု၊ ဥရောပ မဟာမိတ် တွေက ဒိန်းမတ်ဘက်က ရပ်တည်

ဇန်နဝါရီ ၆ – ၂၀၂၆

အမေရိကန်က Greenland ကို ထိန်းချုပ်ခွင့် ရှိရမယ်လို့ ထပ်မံ ပြောဆို ခဲ့ပြီးနောက် ဥရောပ မဟာမိတ် ခြောက်နိုင်ငံက ဒိန်းမတ်နိုင်ငံ ဘက်က ရပ်တည် ထောက်ခံကြောင်း ထုတ်ပြန်လိုက်ပါတယ်။

” Greenland ကို သူ့ပြည်သူတွေ ပိုင်ဆိုင်ပြီး ဒိန်းမတ်နဲ့ Greenland တို့ကသာ ဒီကိစ္စရပ်တွေကို ဆုံးဖြတ် နိုင်တယ်” လို့ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နဲ့ ဒိန်းမတ် ၇ နိုင်ငံ ခေါင်းဆောင် တွေက ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

တနင်္ဂနွေနေ့တုန်းက ဒေါ်နယ်ထရမ့် ကနေ နေတိုး အဖွဲ့ဝင် ဒိန်းမတ် နိုင်ငံရဲ့ တစိတ် တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတခု ဖြစ်တဲ့ Greenland ကို အမေရိကန်ဟာ လုံခြုံရေး အကြောင်းကြောင့် လိုအပ်တယ် လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

သမ္မတထရမ့်က Greenland ကို ထိန်းချုပ်ဖို့ အင်အား သုံးတာကို ဖယ်မထားဘူး လို့ ပြောဆို လိုက်ပြီးနောက် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က အမေရိကန် တိုက်ခိုက်မယ် ဆိုရင် နေတိုးအဖွဲ့ အဆုံးသတ် လိမ့်မယ်လို့ တနင်္လာနေ့က သတိပေးခဲ့ပါတယ်။

ဗင်နီဇွဲလား ကို အမေရိကန် စစ်တပ်က စီးနင်း တိုက်ခိုက်ခဲ့ပြီး အမေရိကန် ဟာ Greenland ကို ထိန်းချုပ်ဖို့ အင်အားသုံး ထိန်းချုပ်မယ် ဆိုတဲ့ စိုးရိမ်မှု တွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ဥရောပ ခုနစ်နိုင်ငံ ရဲ့ အင်္ဂါနေ့ ပူးတွဲကြေညာချက်မှာ အာတိတ်ဒေသ လုံခြုံရေး အတွက် အမေရိကန်လိုပဲ စိတ်အား ထက်သန်ကြောင်း အလေးပေး ဖေါ်ပြထားပြီး၊ အမေရိကန် အပါအဝင် နေတိုး မဟာမိတ် နိုင်ငံတွေရဲ့ စုပေါင်းမှုနဲ့ ပြီးမြောက်အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် အချုပ်အခြာအာဏာ၊ နယ်မြေ တည်တံ့ခိုင်မြဲမှုနဲ့ နယ်နိမိတ် တွေကို မချိုးဖောက်ရဘူးဆိုတဲ့ အချက်တွေ အပါအဝင် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းရဲ့ မူတွေကို ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်တယ် လို့လည်း ဖေါ်ပြထား ပါတယ်။

လူဦးရေ ၅၇၀၀၀ ရှိတဲ့ Greenland ဟာ ၁၉၇၉ က စလို့ ကျယ်ပြန့်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိခဲ့ပေမယ့် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူ ဝါဒတွေ ကတော့ ဒိန်းမတ် လက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version