THN Public Media Blog သတင်း နိုင်ငံရေး ICJ တရားသူကြီးတွေက မြန်မာနဲ့ ဂမ်ဘီယာကို မေးခွန်းတွေ ပြန်မေး
နိုင်ငံရေး

ICJ တရားသူကြီးတွေက မြန်မာနဲ့ ဂမ်ဘီယာကို မေးခွန်းတွေ ပြန်မေး

ဇန်နဝါရီ ၂၂ – ၂၀၂၆

နယ်သာလန်နိုင်ငံ သဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဇန်နဝါရီ ၂၀ မြန်မာဘက်က ပြန်လည်လျှောက်ထားချက် တတိယနေ့ မပြီးခင် တရားသူကြီး ၉ ဦးက မြန်မာနဲ့ ဂမ်ဘီယာ ကိုယ်စားလှယ်အဖွဲ့ကို မေးခွန်းတွေ ပြန်မေးခဲ့ကြပါတယ်။

တရားသူကြီး #Tomka မေးမြန်းချက်

——————————–

ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး…

ကျွန်တော့်ရဲ့ မေးခွန်းကတော့ ဂမ်ဘီယာနိုင်ငံကို ရည်ရွယ်ပါတယ်။ မေးခွန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်က အားကိုးအားထားပြု တင်ပြထားတဲ့ သက်သေထွက်ဆိုချက် အတော် များများဟာ အမည်မဖော်လိုသူတွေ ဖြစ်နေပါတယ်။

အနည်းဆုံး အမှု ၄ ခုမှာ လူတဦးတည်း ကပဲ ထွက်ဆိုချက် တခုထက် မကကို မတူညီတဲ့ အဖွဲ့အစည်း တွေဆီမှာ ပေးထားပုံရတယ်လို့ မြန်မာဘက်က ဆိုပါတယ်။

ဒါကြောင့် – ၁။ အခြားအဖွဲ့အစည်းတွေဆီက ရရှိတဲ့ သက်သေ အထောက် အထား တွေကို မှန်ကန်ကြောင်း အတည်ပြုဖို့ ဂမ်ဘီယာက ဘယ်လိုနည်းလမ်းတွေ သုံးခဲ့ သလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။ အထူးသဖြင့် ပြင်ပအဖွဲ့အစည်းတွေက ပေးအပ်တဲ့ သက်သေတွေရဲ့ အမည်နဲ့ ကိုယ်ရေး အချက် အလက်တွေကို ဂမ်ဘီယာ ဘက်က သိရှိခွင့် ရှိ၊ မရှိ ဆိုတာကိုလည်း သိလိုပါတယ်။

၂။ အထောက်အထားအဖြစ် အသုံးပြုတဲ့ ထွက်ဆိုချက် အမြောက်အမြားဟာ တကယ်တမ်းမှာ လူတဦးတည်းဆီ ကနေ ထွက်ပေါ်လာတာ မဟုတ်ကြောင်း သေချာစေဖို့ ဘယ်လို ကာကွယ်မှုတွေ (Safeguards) လုပ်ဆောင်ထားသလဲ ဆိုတာကိုလည်း ရှင်းပြပေးပါ။ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး။

တရားသူကြီး #Charles ရဲ့ မေးမြန်းချက်

————————————

ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး။

ကျွန်တော့်ရဲ့ ပထမဆုံးမေးခွန်းက ဂမ်ဘီယာကို ရည်ရွယ်ပါတယ်။

နိုင်ငံတကာ အမှီအခိုကင်းတဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM) ဟာ အချက်အလက်တွေကို ဆုံးဖြတ်တဲ့အခါ “ကျိုးကြောင်းဆီလျော်သော အခြေခံရှိမှု” (Reasonable grounds) ဆိုတဲ့ စံနှုန်းကို သုံးခဲ့ပါတယ်။

အဲ့ဒီစံနှုန်းဟာ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေမှာ လိုအပ်တဲ့ စံနှုန်းထက် နိမ့်တယ် လို့ မစ်ရှင် ကိုယ်တိုင်က ဖော်ပြခဲ့ပါတယ်။

တရားရုံး (ICJ) အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေမှာ “အပြည့်အဝ ခိုင်လုံ ပြတ်သားသော” (Fully conclusive) စံနှုန်းကိုသာ အရင်က ကျင့်သုံးခဲ့တာကြောင့်၊ အခု FFM က သုံးခဲ့တဲ့ စံနှုန်းဟာ တရားရုံးက သက်သေတွေကို သုံးသပ်ရာမှာ ဘယ်လို သက်ရောက်မှုရှိ မလဲ ဆိုတာ ဂမ်ဘီယာရဲ့ အမြင်ကို သိလိုပါတယ်။

ဥက္ကဋ္ဌကြီး၊ ကျွန်တော့်ရဲ့ ဒုတိယမေးခွန်းက မြန်မာနိုင်ငံကို ရည်ရွယ်ပါတယ်။

ဂမ်ဘီယာရဲ့ လျှောက်လဲချက် အရ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက် အထိ ရိုဟင်ဂျာကျေးရွာ အနည်းဆုံး ၁၇၈ ရွာဟာ မီးလောင်တိုက်သွင်း ဖျက်ဆီးခံခဲ့ရပြီး နောက်ထပ် ၂၁၄ ရွာဟာ တစိတ်တပိုင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

၁။ မြန်မာနိုင်ငံရဲ့ မှတ်တမ်းအရ ဖျက်ဆီးခံရတဲ့ ကျေးရွာ စုစုပေါင်းအရေအတွက်ဟာ ဘယ်လောက်လဲ၊ အဲ့ဒီ အချက်အလက်အတွက် မြန်မာနိုင်ငံမှာ ဘယ်လို သက်သေ အထောက်အထားတွေ ရှိသလဲ။

၂။ မြန်မာ့သက်သေအထောက်အထားတွေ အရ ဒီကျေးရွာတွေထဲက ဘယ်နှစ်ရွာကို ARSA က ဖျက်ဆီးခဲ့တာလဲ၊ ဘယ်နှစ်ရွာကို နယ်မြေ ရှင်းလင်းရေး ကာလအတွင်း တပ်မတော်က ဖျက်ဆီးခဲ့တာလဲ၊ ပြီးတော့ နယ်မြေ ရှင်းလင်းရေး နောက်ပိုင်းမှာ မြန်မာ အစိုးရက ဖျက်ဆီးခဲ့တာ ဘယ်နှစ်ရွာလဲ။

ကျွန်တော့်မှာ တတိယမေးခွန်းတခု ရှိပါသေးတယ်။

ဒါက ဂမ်ဘီယာကို ရည်ရွယ်ပါတယ်။ ဂမ်ဘီယာက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အကြောင်း ထောက်ပြထားပါတယ်။

ဂမ်ဘီယာအနေနဲ့ ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ရပ်ပေါင်း ရာနဲ့ချီ ဖြစ်ပွားခဲ့တယ်လို့ ဆိုတဲ့ နေရာတွေကို အတိအကျ ဖော်ထုတ်နိုင်ပါသလား။

ပြီးတော့ စတုတ္ထ မေးခွန်းကတော့ ကျွန်တော်နဲ့ တရားသူကြီး (Judge Ple) တို့ ပူးပေါင်း မေးမြန်းတာ ဖြစ်ပြီး မြန်မာနိုင်ငံကို ရည်ရွယ်ပါတယ်။

နယ်မြေရှင်းလင်းရေးကာလ အတွင်း ပြင်းထန်တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့နိုင်ခြေကို လုံးဝ ပယ်ချလို့မရဘူးလို့ မြန်မာဘက်က ဝန်ခံထားပါတယ်။

မေးခွန်းကတော့ အဲ့ဒီလို ဖြစ်ရပ်တွေ ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံက ဘယ်လို အစီအမံတွေ လုပ်ခဲ့သလဲ၊ စုံစမ်းစစ်ဆေးမှု ရလဒ်တွေက ဘာလဲ ဆိုတာပါပဲ။ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး။

တရားသူကြီး #Brant မေးမြန်းချက်

———————————-

ကျွန်တော့်ရဲ့ မေးခွန်းကို ကျွန်တော် ကိုယ်တိုင်နဲ့ တရားသူကြီး Cleveland၊ တရားသူကြီး ချားလ်စ် တို့ကိုယ်စား မြန်မာနိုင်ငံကို မေးမြန်းလိုပါတယ်။

၁။ နှစ်ဖက်စလုံးအနေနဲ့ ARSA ရဲ့ သဘာဝကို ဘယ်လို သတ်မှတ်ပါသလဲ။ အထူးသဖြင့် ရိုဟင်ဂျာလူဦးရေ အတွင်း သူတို့ရဲ့ ကိုယ်စားပြုနိုင်မှု၊ အင်အား၊ ခန့်မှန်းခြေ အရွယ်အစား (အဖွဲ့ဝင် သို့မဟုတ် ပါဝင်ပတ်သက်သူ အရေအတွက်)၊ အဖွဲ့အစည်း တည်ဆောက်ပုံနဲ့ စစ်ရေး/လက်နက် အစွမ်းအစတို့ဟာ ဘယ်လိုရှိပါ သလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီကာလအတွင်း ARSA ကြောင့် ဖြစ်ပွားခဲ့ရတဲ့ ထိခိုက်သေဆုံးမှုနဲ့ ပစ္စည်းပျက်စီးမှု အတိုင်းအတာတွေကို ဖော်ပြပေးနိုင်မလား။

၂။ စစ်ဆင်ရေးတွေ လုပ်ဆောင်တဲ့အခါ “ARSA ထောက်ခံသူ” ဆိုတာကို ဘယ်လိုမျိုး အတိအကျ သတ်မှတ်သလဲဆိုတာ မြန်မာနိုင်ငံက ရှင်းပြပေးနိုင်မလား။

၃။ စစ်ဆင်ရေးအတွင်း မြေပြင်က စစ်သားတွေအနေနဲ့ ဘယ်သူဟာ တရားဝင် စစ်ရေးပစ်မှတ် (Lawful military target) ဖြစ်ပြီး ဘယ်သူဟာ အရပ်သားဖြစ်တယ် ဆိုတာကို ခွဲခြားဖို့ ဘယ်လို စံနှုန်းတွေကို သုံးခဲ့သလဲ။

၄။ မြန်မာနိုင်ငံရဲ့ မှတ်တမ်းအရ ကျေးရွာ အသီးသီးက ထိခိုက်သေဆုံးသူတွေထဲမှာ ဘယ်နှစ်ဦးဟာ ARSA အဖွဲ့ဝင် သို့မဟုတ် ထောက်ခံသူဖြစ်သလဲ၊ ဘယ်နှစ်ဦးဟာ တိုက်ပွဲကြားမှာ မတော်တဆ ထိခိုက်သူ (Collateral casualties) ဖြစ်သလဲ၊ ပြီးတော့ ဘယ်နှစ်ဦးဟာ အပြစ်မဲ့ အရပ်သားတွေ ဖြစ်သလဲ။

တရားသူကြီး #Commo မေးမြန်းချက်

——————————–

ကျွန်တော့်ရဲ့ မေးခွန်းက မြန်မာနိုင်ငံအတွက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၇ ကနေ အခုအချိန်ထိ ဖြစ်စဉ်တွေကို မြေပြင်မှာ စုံစမ်းစစ်ဆေး မယ့် ဘယ်လို နိုင်ငံတကာ အမှီအခိုကင်းတဲ့ အဖွဲ့အစည်းကိုမဆို ဝင်ရောက်ခွင့် ငြင်းပယ်ခဲ့ပါတယ်။

ဒီလို ဝင်ရောက်ခွင့်ရရင် ဂမ်ဘီယာက စွပ်စွဲထားတဲ့ အချက်အလက်တွေကို အတည်ပြုဖို့ ဒါမှမဟုတ် ငြင်းဆိုဖို့ ဖြစ်နိုင်ပါလိမ့်မယ်။

လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့နဲ့ နှိမ်နင်းဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှုဟာ အရေးကြီးတယ်လို့ သဘောတူစာချုပ် (Convention) ရဲ့ အမှာစကားမှာ ဖော်ပြထားပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ကုလသမဂ္ဂက တာဝန်ပေးထားတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီး၊ တရားရုံးအနေနဲ့ သက်သေအထောက်အထားတွေ အပေါ် ဘယ်လို ကောက်ချက်ချသင့်သလဲ ဆိုတာကို သိလိုပါတယ်။

တရားသူကြီး #Cleveland မေးမြန်းချက်

————————————

ကျွန်တော့်ရဲ့ ပထမဆုံးမေးခွန်းက မြန်မာနိုင်ငံအတွက် ဖြစ်ပေမဲ့ နှစ်ဖက်စလုံး ဖြေကြားနိုင်ပါတယ်။

မြန်မာနိုင်ငံက FFM ရဲ့ အချက်အလက်တွေကို လက်မခံဘူးလို့ ဆိုသလို၊ Fortify Rights နဲ့ Amnesty International လို NGO တွေရဲ့ အစီရင်ခံစာတွေဟာလည်း တစ်ဆင့်စကား (Hearsay) တွေသာ ဖြစ်ပြီး တရားရုံးအနေနဲ့ လုံးဝ အလေး မထားသင့်ဘူး လို့ လျှောက်လဲထားပါတယ်။ ဒါပေမဲ့ မြန်မာဘက်က ရှေ့နေတွေဟာ ARSA ရဲ့ အင်အားနဲ့ လုပ်ဆောင်ချက်တွေကို တင်ပြတဲ့အခါမှာတော့ အဲ့ဒီ FFM နဲ့ NGO အစီရင်ခံစာတွေကိုပဲ အကျယ်တဝင့် ကိုးကားပြီး သုံးစွဲနေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သူတို့ ကိုးကားတဲ့ ဒီအချက်အလက်တွေဟာ ဒီအမှုအတွက် အကောင်းဆုံး ရရှိနိုင်တဲ့ သက်သေတွေလို့ ယူဆပါသလား။ အဲ့ဒီ ရင်းမြစ်တွေကို တရားရုံးက ဘယ်လောက်အထိ ယုံကြည်စိတ်ချရတယ်လို့ သတ်မှတ်သင့်သလဲ။

ဒုတိယ မေးခွန်းကတော့ နှစ်ဖက်စလုံးအတွက်ပါ။

အကယ်၍ တရားရုံးက မြန်မာနိုင်ငံမှာ နိုင်ငံတကာ တာဝန်ရှိမှု ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင်၊ နစ်နာကြေးပေးလျော်မှု (Reparation) နဲ့ နောက်နောင် မဖြစ်ပွားစေဖို့ အာမခံချက် ပေးမှုတွေနဲ့ ပတ်သက်ပြီး တခြား ဘယ်နိုင်ငံတကာ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ဒီအမှုနဲ့ သက်ဆိုင်တယ်လို့ ယူဆပါသလဲ။

တရားသူကြီး #Jesus မေးမြန်းချက်

——————————

ကျွန်တော့်မေးခွန်းက ဂမ်ဘီယာကို ရည်ရွယ်ပါတယ်။

ဂမ်ဘီယာက ပြောကြားရာမှာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်၊ မမြောက် ဆုံးဖြတ်တဲ့ အခါ သေဆုံးသူ အရေအတွက် (Numeric threshold) ဟာ အဓိက မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဂမ်ဘီယာရဲ့ လျှောက်လဲချက်တွေမှာတော့ ဖျက်ဆီးခံရတဲ့ ကျေးရွာ အရေအတွက်၊ သေဆုံးသူ အရေအတွက်နဲ့ အတိုင်းအတာတွေကိုပဲ အဓိကထား တင်ပြနေတာ တွေ့ရပါတယ်။

ဒါကြောင့် ဒီအရေအတွက်တွေနဲ့ အချိုးအစားတွေဟာ ဒီအမှုမှာ လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ချက် (Mens Rea) ရှိကြောင်း သက်သေပြဖို့ အတွက် ဘယ်လောက်အထိ အရေးပါတယ်လို့ ယူဆသလဲဆိုတာ ရှင်းပြပေးပါ။

တရားသူကြီး #Hummed မေးမြန်းချက်

ကျွန်တော့်မေးခွန်းက နှစ်ဘက်စလုံးအတွက်ပါ။

တဦးချင်းစီရဲ့ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုနဲ့ နိုင်ငံတော်ရဲ့ တာဝန်ရှိမှုဟာ မတူညီတဲ့ အဖွဲ့အစည်းနှစ်ခု ဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက် (Genocidal intent) ကို သက်သေပြတဲ့အခါ၊ အခြားသော ရည်ရွယ်ချက်တွေ (ဥပမာ – စစ်ရေး အရ တုံ့ပြန်မှု) ရှိနေခဲ့ရင် ဒါဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ “တစ်ခုတည်းသော ကျိုးကြောင်း ဆီလျော်တဲ့ ကောက်ချက်” (Only reasonable inference) ဖြစ်နိုင်ပါဦး မလား ဆိုတာကို သိလိုပါတယ်။

တရားသူကြီး #Ple မေးမြန်းချက်

——————————

ကျွန်တော့်မေးခွန်းက မြန်မာနိုင်ငံအတွက်ဖြစ်ပြီး ဂမ်ဘီယာကိုလည်း လိုအပ်ရင် ဖြေကြားဖို့ ဖိတ်ခေါ်ပါတယ်။

မြန်မာဘက်က ရှေ့နေတွေက မြန်မာစစ်တပ်ဟာ ရန်စကျူးကျော်တာ မဟုတ်ဘဲ အရပ်သားတွေကို ကာကွယ်ဖို့ အတွက် ARSA ရဲ့ တိုက်ခိုက်မှုတွေကို ပြန်လည် တုံ့ပြန်တာလို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်က ပြည်သူတွေကို ဘယ်လို၊ ဘယ်အချိန်၊ ဘယ်နေရာ တွေမှာ ကာကွယ်ပေးခဲ့သလဲ ဆိုတဲ့ သာဓကတွေကို ကိုးကားပြစေလိုပါတယ်။

မြန်မာဘက်က ကိုးကားနေတဲ့ “စစ်ဘက်ဆိုင်ရာ ဖြစ်စဉ်မှတ်တမ်းများ” (Military incident reports) ထဲမှာ ပြည်သူတွေကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေ ရှိ၊ မရှိ သိလိုပါတယ်။

တရားသူကြီး #Kress မေးမြန်းချက်

——————————–

ကျွန်တော့်မေးခွန်းက ဂမ်ဘီယာ အတွက် ဖြစ်ပြီး တရားသူကြီး Charlesworth ကိုယ်စားလည်း မေးမြန်းတာ ဖြစ်ပါတယ်။

ဂမ်ဘီယာက ပြောကြားရာမှာ “အဓိကကျတာ ကတော့ ဖျက်ဆီးဖို့ ရည်ရွယ်ထားတဲ့ အုပ်စုရဲ့ အစိတ်အပိုင်းဟာ သိသာထင်ရှားတဲ့ ပမာဏ (Substantial part) ဖြစ်ဖို့ပဲ” လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးတွေဟာ ရိုဟင်ဂျာ လူ့အသိုင်းအဝိုင်းရဲ့ သိသာထင်ရှားတဲ့ အစိတ် အပိုင်းကို ပစ်မှတ်ထားတာလို့ ဂမ်ဘီယာက ဆိုပါတယ်။

ဂမ်ဘီယာအနေနဲ့ ဒီ “သိသာထင်ရှားတဲ့ အစိတ်အပိုင်း” ဆိုတဲ့ ပမာဏကို ခန့်မှန်းခြေ အရေအတွက်အားဖြင့် ဖော်ပြပေးနိုင်မလား။ အထူးသဖြင့် ဒုတိယအကြိမ် နယ်မြေ ရှင်းလင်းရေးမှာ ပစ်မှတ်ထားခံရတဲ့ ကျေးရွာတွေနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ၁၇၈ ရွာမှာ နေထိုင်တဲ့ လူဦးရေ စုစုပေါင်းနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား ရှိပါ သလား။

#သဘာပတိတရားသူကြီး ရဲ့ နိဂုံးချုပ် ပြောကြားချက်

———————————————–

တရားသူကြီး Kress ကို ကျေးဇူးတင်ပါတယ်။ ဒီမေးခွန်းတွေရဲ့ စာသားတွေကို သက်ဆိုင်သူတွေဆီ အမြန်ဆုံး ပေးပို့သွားမှာ ဖြစ်ပါတယ်။

အမှုမှာ ပါဝင်သူတွေအနေနဲ့ ဒုတိယအကြိမ် နှုတ်ဖြင့် လျှောက်လဲချက်ပေးတဲ့ အချိန်မှာ ဒီမေးခွန်းတွေကို ပြန်လည်ဖြေကြားဖို့ ဖိတ်ခေါ်ပါတယ်။

တရားရုံးဟာ ဂမ်ဘီယာက ခေါ်ယူတဲ့ သက်သေတွေကို စစ်ဆေးဖို့အတွက် မနက်ဖြန်မှာ (ဇန်နဝါရီ ၂၁) တံခါးပိတ်အစည်းအဝေး (Closed session) ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ အစည်းအဝေးမှာ တရားသူကြီးတွေ၊ မှတ်ပုံတင်ရုံး ဝန်ထမ်းအချို့၊ စကားပြန်တွေနဲ့ တရားဝင် ကိုယ်စားလှယ်အဖွဲ့ဝင်တွေကိုပဲ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်က သက်သေတွေကို ဇန်နဝါရီ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) မနက်နဲ့ မွန်းလွဲပိုင်း၊ ပြီးတော့ ဇန်နဝါရီ ၂၂ ရက် (ကြာသပတေးနေ့) မနက်ပိုင်းတွေမှာ ကြားနာပါမယ်။ ဂမ်ဘီယာဘက်က ကျွမ်းကျင်သူကိုတော့ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၃ နာရီမှာ လူအများရှေ့ ကြားနာပွဲ လုပ်ပါမယ်။

မြန်မာဘက်က သက်သေကိုတော့ ဇန်နဝါရီ ၂၃ ရက် (သောကြာနေ့) မနက်ပိုင်းမှာ တံခါးပိတ် ကြားနာမှာ ဖြစ်ပါတယ်။ ကြားနာပွဲကို ရပ်နားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version