နယ်သာလန်နိုင်ငံ သယ်ဟိတ် မြို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေ အပေါ် လူမျိုးသုဥ်း သတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲထားတဲ့ အပေါ် အခု တတိယ အကြိမ် ကြားနာမှုတွေ ပြုလုပ်နေရာ မြန်မာနိုင်ငံဘက်က စွပ်စွဲချက်တွေကို ကျိုးကြောင်းခိုင်လုံစွာ ဖြေရှင်း သွားမယ်လို့ စစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထား ပါတယ်။
မြန်မာ စစ်ကော်မရှင်ဘက်က ဝန်ကြီးဦးကိုကိုလှိုင် နဲ့ ဒေါ်သီတာဦး တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတာ ဖြစ်ပြီး လာမယ့် ၁၆ ရက်နေ့မှာ မြန်မာဘက်က ခုခံလျှောက်လဲ ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကြီးလေးတဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက် တယ်လို့ စွပ်စွဲခံထားရတာကြောင့် ဒီတရားစီရင်မှုဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။
ဒီအတွက်ကြောင့် နိုင်ငံနဲ့ပြည်သူတို့ရဲ့ ဂုဏ်သိက္ခာ ကို ကာကွယ်နိုင်ရေး အတွက် အခြေအမြစ်မရှိတဲ့ အစီရင်ခံစာတွေဟာ အမှန်တရားကို မဟုတ်ကြောင်း တရားရုံးကို ပြသဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။
တရားရင်ဆိုင်နေစဉ် မြန်မာနိုင်ငံ အနေနဲ့ အမှုကို တရားရုံး ပြင်ပ၊ အထူးသဖြင့် နိုင်ငံတကာ မီဒီယာရှေ့မှာ ငြင်းခုံနေမှာ မဟုတ်ဘူးလို့လည်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် တရားစီရင်မှု အပေါ် ပြင်ပ ဖိအားပေးမှုနဲ့ ဝင်ရောက် စွက်ဖက် မှုတွေကို ကာကွယ်သွားဖို့ အရေးကြီးတယ်လို့လည်း ဆိုထားပါတယ်။
—————————
THN Public Media
