ကရင်အမျိုးသားအစည်းအရုံး KNU ဝင်စီးမိထားတဲ့ DKBA အကာအကွယ်အောက်မှာ လည်ပတ်နေတဲ့ ဖလူး(မင်းလက်ပံ) ဒေသက နိုင်ငံတကာရာဇ၀တ်မှုနဲ့ အွန်လိုင်း ငွေလိမ်လည်မှု (ကျားဖျန့်) လုပ်ငန်းများကို ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတကာ ကနေ အလေးအနက် နဲ့ မြန်မြန်ဆန်ဆန် ပူးပေါင်း ပါဝင်ပေးဖို့ KNU က ဒီကနေ့ တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။
ဖြစ်စဥ်မှာ မြဝတီတောင်ဘက် ဖလူး(မင်းလက်ပံ) ဒေသမှာ KNU က DKBA ကို တိုက်ခိုက်ရှင်းလင်းရာ DKBA အနည်းဆုံး ၂၃၀ လက်နက်ချပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန့်) လုပ်ဆောင်နေတဲ့ ခြံဝင်း တခုကို တွေ့ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ခြံဝင်း အတွင်းက ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား တွေ အပါအဝင် ၂၀၀၀ ခန့်ရှိမယ့် နိုင်ငံခြားသားတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲဒီသူတွေဟာ အီသီယိုပီးယား ရဝမ်ဒါ အီဂျစ် ထိုင်း လာအို ဖိလစ်ပိုင် တရုတ် တိုင်ဝမ် ဘင်္ဂလားဒေ့ရှ် နဲ့ မလေးရှား စတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံက ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလုပ်သမားရာပေါင်းများစွာဟာ အသေခံ ဒရုန်းတိုက်ခိုက်ခံရမှာစိုးတဲ့ အတွက် ခြံဝင်းကနေ ထွက်ပြေးဖို့ ကြိုးစားမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒီပိတ်မိနေတဲ့ လူတွေနဲ့ KNU မြေပြင်အဖွဲ့ တို့ အတွက် အသက်အန္တရာယ် စိုးရိမ်ရမှု တွေ တိုးပွားလာနေတဲ့ အတွက် နိုင်ငံတကာ ကနေ မြန်မြန် ဆန်ဆန် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ KNU အလေးအနက် တိုက်တွန်း တောင်းဆိုရတာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
အမေရိကန် အစိုးရက မြန်မာနိုင်ငံက DKBA ခေါင်းဆောင် ၄ ဦးကို ကျားဖျန့် နဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့သလို DKBA ဒေသ အပါအဝင် လာအို ကမ္ဘောဒီးယား နိုင်ငံတိုက ကျားဖျန့်တွေကို နှိမ်နင်းဖို့ Scam Center Strike Force၊ ကျားဖျန့် တိုက်ဖျက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
photo: KIC
—————————
THN Public Media
