ဇွန် ၁၁ – ၂၀၂၆
အရှေ့တောင်အာရှ မှာ အိမ်နီးချင်း ၁၀ နိုင်ငံ စလုံးက ၂၀၂၆ ကမ္ဘာ့ဖလား အတွက် မီဒီယာ မိတ်ဖက်တွေ သေချာသွားပြီ ဖြစ်ပေမဲ့၊ ထိုင်း တနိုင်ငံ တည်း ပြသခွင့်မူပိုင်ခွင့် ရဖို့ သေချာမှု မရှိဘဲ ဖြစ်နေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပြီး၊ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ ၃ နိုင်ငံက ပူးတွဲအိမ်ရှင် အဖြစ် အသင်းပေါင်း ၄၈ သင်းအထိ တိုးချဲ့ကာ ပွဲစဉ်ပေါင်း ၁၀၄ ပွဲကို လက်ခံ ကျင်းပသွားမှာပါ။
ဒါ့အပြင် မြောက်အမေရိကရဲ့ အိမ်ရှင်မြို့ကြီး ၁၆ မြို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ FIFA ဘက်က အစောပိုင်းမှာ ပြောထားပါတယ်။
–
#FIFA နဲ့ နောက်ဆုံးမိနစ် ဆွေးနွေးပွဲတွေ ပြုလုပ်နေတဲ့ JAS
ထိုင်းနိုင်ငံမှာတော့ Jasmine International Plc (JAS) ဟာ ပြည်တွင်း ပြသခွင့် မူပိုင်ခွင့်ကို ရရှိဖို့အတွက် FIFA ဖီဖာ နဲ့ နောက်ဆုံးမိနစ် အသည်းအသန် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။
JAS ဘက်ကတော့ ဗီယက်နမ်နိုင်ငံ ပေးချေခဲ့ရတဲ့ အမေရိကန်ဒေါ်လာ ၁၅ သန်းဝန်းကျ င်လောက်ပဲ ပေးချင်တာ ဖြစ်ပေမဲ့၊ ဖီဖာ ဘက်ကတော့ ထိုင်းစျေးကွက် အတွက် ဒေါ်လာ သန်း ၄၀ အထိ စျေးတင်းထားတယ်လို့ သိရပါတယ်။
ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိတွေက ကမ္ဘာ့ဖလားမူပိုင်ခွင့် အတွက် ဆွေးနွေးမှုတွေ ရှိနေတာကို ဝန်ခံထားပေမဲ့၊ နောက်ဆုံးပိတ် သဘောတူညီချက် မရသေး သလို စာချုပ်လည်း မချုပ်ရသေးလို့ ပြောပါတယ်။
ဒါကြောင့် ထိုင်းဘောလုံးပရိသတ်တွေ အနေနဲ့ ဒီပြိုင်ပွဲကြီးကို တိုက်ရိုက် ကြည့်ရှုခွင့် ရ၊ မရ ဆိုတာ ဝေခွဲမရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
–
#ဘောလုံးပွဲတော်ကြီးနဲ့ လွဲဖို့ရှိနေတဲ့ ထိုင်းနိုင်ငံ
ဒီလို ကြန့်ကြာနေမှုကြောင့် ထိုင်းနိုင်ငံဟာ တခြားအရှေ့တောင်အာရှ နိုင်ငံတွေရဲ့ နောက်မှာ ကျန်ရစ်ခဲ့တာ ဖြစ်ပြီး၊ ကျန်တဲ့နိုင်ငံတွေ ကတော့ ဖီဖာနဲ့ ချိတ်ဆက်ထားတဲ့ မူပိုင်ခွင့် ကိုယ်စားလှယ်တွေနဲ့ သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။
ဇွန်လ ၃ ရက်နေ့က နောက်ဆုံး ပြင်ဆင်ထားတဲ့ ဖီဖ, ရဲ့ မီဒီယာ မိတ်ဖက် စာရင်းအရ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူး၊ တီမောလက်စ်တေနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ပြသခွင့်ရမယ့် မိတ်ဖက်တွေကို ဖော်ပြထားပြီး၊ ထိုင်းနိုင်ငံကတော့ အတည်ပြုပြီးသား အရှေ့တောင်အာရှ မူပိုင်ခွင့်ရ စာရင်းထဲမှာ ပါမလာ သေးပါဘူး။
–
#ပြသခွင့် သေချာသွားတဲ့ ၁၀ နိုင်ငံ
ဖီဖာ ရဲ့ မီဒီယာမိတ်ဖက် အချက်အလက်တွေ အရ ၂၀၂၆ ကမ္ဘာ့ဖလား ပြသဖို့ သေချာသွားတဲ့ အရှေ့တောင်အာရှ ၁၀ နိုင်ငံကတော့ –
• ကမ္ဘောဒီးယား – Hang Meas Video
• အင်ဒိုနီးရှား – TVRI Indonesia
• ဖိလစ်ပိုင် – Aleph Group
• စင်ကာပူး – Mediacorp
• တီမောလက်စ်တေ – ETO – TELCO
• ဗီယက်နမ် – VTV – Vietnam Television
• မလေးရှား – Total Sports
• လာအို – Unitel Laos
• ဘရူနိုင်း – Radio Television Brunei
• မြန်မာ – Mytel တို့ ဖြစ်ကြပါတယ်။
–
#ထိုင်းပရိသတ်တွေအတွက် ရှင်လင်းတဲ့အဖြေ မရှိသေး
စာချုပ်မသေချာသေးတဲ့ အတွက် ပွဲစဉ်တွေကို အလကားပြသတဲ့ Free-to-air ရုပ်သံကနေ ပြမလား၊ Pay TV (အခပေးရုပ်သံ) ကပြမလား၊ Streaming က ပြမလား၊ ဒါမှမဟုတ် အကုန်ရောပြမလားဆိုတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြသရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ အဓိက မေးခွန်းတွေက အဖြေမထွက်သေးပါဘူး။
အဖွင့်ပွဲစဉ်ကလည်း နီးကပ်လာပြီဖြစ်လို့ အခုအချိန်မှာ အားလုံးက JAS နဲ့ ဖီဖာ တို့ နောက်ဆုံးမိနစ် သဘောတူညီချက် ရမလား၊ ဒါမှမဟုတ် ကမ္ဘာ့ အကြီးမားဆုံး ဘောလုံးပွဲတော်ကြီးကို တရားဝင် တိုက်ရိုက် ထုတ်လွှင့်မှု မရှိတဲ့ ဒေသတွင်းက တခုတည်းသော နိုင်ငံဟာ ထိုင်းဖြစ်သွား မလား ဆိုတာ ကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
—————————
THN Public Media
