Sport

အင်္ဂလန်အသင်းအတွက် ပွဲထွက်စာရင်းမှာ ပါရမယ့် ရတ်ရှ်ဖို့ဒ်

PALM BEACH, FLORIDA – JUNE 08: (EXCLUSIVE COVERAGE) Marcus Rashford #11 of England poses for a portrait during the official FIFA World Cup 2026 portrait session on June 08, 2026 in Palm Beach, Florida. (Photo by Carmen Mandato – FIFA/FIFA via Getty Images

ဇွန် ၁၀ – ၂၀၂၆

အင်္ဂလန်တောင်ပံ ကစားသမားဟောင်း သီအို ဝေါကော့တ် က လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ခြင်္သေ့ ၃ ကောင် (အင်္ဂလန်) အသင်းသား တွေထဲမှာ “အစိတ်လှုပ်ရှားဆုံး ဖြစ်ရတဲ့” ကစားသမား ပဲလို့ ပြောလိုက်ပါတယ်။

ရတ်ရှ်ဖို့ဒ်ဟာ နည်းပြ ဂါရတ် ဆောက်ဂိတ် ရဲ့ ယူရို ၂၀၂၄ လူစာရင်းမှာ ချန်လပ် ခံခဲ့ရပြီး၊ ၂၀၂၄ မတ်လ ကနေ ၂၀၂၅ အထိ ၁၂ လကြာအောင် နိုင်ငံအသင်း အတွက် ကစားခွင့် မရခဲ့ပါဘူး။

နည်းပြသစ် Thomas Tuchel လက်ထက် မှာတော့ အသင်းအတွက် ပြန်ခေါ် ခဲ့ပြီး ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ၂၀၂၅ ဇွန်လ ကလွဲရင် ဂျာမန် လူမျိုး နည်းပြကြီးရဲ့ လက်အောက်မှာ ပွဲတိုင်းလိုလို ပါဝင်ခွင့်ရခဲ့ ပါတယ်။

အသက် ၂၈ နှစ်အရွယ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းဆီ အငှားနဲ့ သွားကစားခဲ့ပြီး၊ ၄၇ ပွဲမှာ ၁၄ ဂိုးသွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာကြောင့် သူရဲ့ ကစား သမားဘဝကို ပြန်လည် အသက်သွင်းနိုင်ခဲ့တာပါ။

သူဟာ ပြီးခဲ့တဲ့ စနေနေ့က နယူးဇီလန်ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ အင်္ဂလန်ရဲ့ ခြေစမ်းပွဲမှာ ပွဲထွက် ကစားခဲ့ပါတယ်။ ပထမပိုင်း ပွဲထွက် လူစာရင်းနဲ့ ပတ်သက်ပြီး နည်းပြ Tuchel က “ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး” လို့ ပြောခဲ့ပေမဲ့ ဝေါကော့တ် ကတော့ ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားမှာ သေချာပေါက် ပွဲထွက် ကစားရမယ်လို့ ယုံကြည်နေပါတယ်။

“ဒီနှစ်ထဲမှာ ရတ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းက တကယ်ကို ထူးထူးခြားခြား ကောင်းမွန် နေတာပါ” လို့ ‘The Wayne Rooney Show’ အစီအစဉ်မှာ ဝေါကော့တ် က ပြောခဲ့ပါတယ်။

“ကျွန်တော် သူ့ကို တော်တော်များများ စောင့်ကြည့်ဖြစ်တယ်။ ဘာစီလိုနာ ပွဲတွေကို ပြန်ကြည့်ချင်စိတ် ဖြစ်လာပြီး ရတ်ရှ်ဖို့ဒ် အဲဒီကို ရောက်သွား တာကြောင့် ပိုပြီး စိတ်ဝင်တစား ရှိလာခဲ့တာပါ။ ဒါက သူ့အတွက် အရမ်းကောင်းသွားပါတယ်။”

“ကျွန်တော့်အတွက် ဆိုရင်တော့ သူက ပွဲထွက်ဖို့ သေချာပေါက် ပါပဲ။ သူကစားတဲ့ပုံစံ၊ လွတ်လပ်မှုရှိတာ၊ ပျော်ပျော်ရွှင်ရွှင် ကစားတာတွေ… ကျွန်တော်တို့က အဲဒီလို အပြုံးမျိုးကိုပဲ မြင်ချင်တာပါ။”

နယူးဇီလန်နဲ့ပွဲ ပထမပိုင်းမှာ ရတ်ရှ်ဖို့ဒ်ဟာ အခွင့်အရေး ၅ ကြိမ် အထိ ဖန်တီး ပေးနိုင်ခဲ့ပြီး အင်္ဂလန် အသင်းရဲ့ အတောက်ပဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

“ရတ်ရှ်ဖို့ဒ်ဟာ ဒီပြိုင်ပွဲရဲ့ အဓိက အစိတ်အပိုင်း တခု ဖြစ်လာပါလိမ့်မယ်” လို့ ဝေါကော့တ်က ဆက်ပြောပါတယ်။ “သူ့ကို စောင့်ကြည့်ဖို့ ကျွန်တော် စိတ်လှုပ်ရှား နေပါတယ်။ ကစားသမား အားလုံးထဲမှာ သူ့ကို အမြင်ချင် ဆုံးပဲ။”

“ပြည်ပကို ထွက်ကစားဖို့ သူ သတ္တိရှိခဲ့တယ်လို့ ထင်တယ် – အင်္ဂလန် ကစားသမားတွေ ပြည်ပထွက် ကစားတာ ကြည့်ရတာ ကောင်းပါတယ်။ ကျွန်တော် ကတော့ အဲဒီလောက်အထိ သတ္တိမရှိခဲ့ဘူး၊ ဒါပေမဲ့ သူကတော့ ဒါကို လုပ်ပြနိုင်ခဲ့ တာဟာ စရိုက်လက္ခဏာ ကောင်းမွန်မှုကို ပြသနေတာ ပါပဲ။”

နယူးဇီလန်နဲ့ပွဲမှာတော့ နည်းပြ Tuchel က ဒုတိယပိုင်း အတွက် လူစာရင်း ၁၁ ယောက်စလုံးကို အကုန် အလဲအလှယ် ပြုလုပ်ခဲ့တာကြောင့် ရတ်ရှ်ဖို့ဒ်ရဲ့ နေရာမှာ ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ် အန်တိုနီ ဂေါ်ဒွန် ဝင်ရောက် ကစားခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဘက်က မန်ယူကနေ အငှားနဲ့ ခေါ်ထားတဲ့ သူ့ကို အပြီးသတ် ဝယ်ယူဖို့ မသေချာသေးတာကြောင့် ကလပ်အသင်းမှာရှိတဲ့ သူ့ရဲ့ အနာဂတ်ကတော့ မသေချာ သေးပါဘူး။

ဘာစီလိုနာ အနေနဲ့ စတာလင်ပေါင် ၂၆ သန်းတန်တဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုခွင့် ကို အသက်သွင်းဖို့ ဇွန်လ ၁၅ ရက်နေ့ အထိ နောက်ဆုံးရက် သတ်မှတ်ထားတာ ဖြစ်ပြီး ဒါဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲဖြစ်တဲ့ ခရိုအေးရှားနဲ့ပွဲ မတိုင်ခင် ၂ ရက် အလိုမှာ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ဂိုးအများဆုံး သွင်းယူထားတဲ့ စံချိန်ရှင် ရူနီ ကလည်း အိုးထရက်ဖို့ဒ်မှာ ရတ်ရှ်ဖို့ဒ်ရဲ့ ကစားသမားဘဝ ကျဆင်း သွားခဲ့တာဟာ စိတ်မကောင်းစရာပဲလို့ ဆိုပါတယ်။

“သူ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာသွားတာဟာ နှမြောစရာ ကောင်းတယ်လို့ ထင်ပါတယ်၊ သူက မန်ချက်စတာမြို့က မွေးဖွားလာတဲ့ ကောင်လေးပါ” လို့ ရူနီက ပြောပါတယ်။ “ကျွန်တော့်ရဲ့ စံချိန်ကို ချိုးဖို့ အခွင့်အရေးရှိတဲ့ တဦးတည်းသော ကစားသမားက သူပဲလေ။”

“စံချိန်ဆိုတာ တယောက်ယောက်က ချိုးဖျက်ဖို့ ရှိနေတာပါ၊ အဲဒါကို မန်ချက်စတာသား တယောက်က လုပ်ပြနိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သူ အဲဒီမှာ ပုံမှန် ခြေစွမ်းမပြနိုင်ခဲ့ဘူး။ သူ ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲ ဆိုတာ ကျွန်တော်တို့ သိကြတာပဲ၊ ဒါကြောင့် သူ အပြောင်းအလဲ တခု လိုအပ်နေတာ ဖြစ်နိုင် ပါတယ်။ အခုလို ဖြစ်သွားတာကို မြင်ရတာ စိတ်မကောင်း ဖြစ်ရပေမဲ့ ကျွန်တော် ကတော့ သူ့ကို အဲဒီမှာပဲ ဆက်ရှိနေစေချင်တုန်းပါပဲ။” လို့ ရူနီက ပြောကြားသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *