THN Public Media Blog Sport ကမ္ဘာ့အဆင့်မီ ပွဲကြီးအဖြစ် တွေ့မြင်ခဲ့ရတဲ့ ဘရာဇီး နဲ့ မော်ရိုကို
Sport

ကမ္ဘာ့အဆင့်မီ ပွဲကြီးအဖြစ် တွေ့မြင်ခဲ့ရတဲ့ ဘရာဇီး နဲ့ မော်ရိုကို

East Rutherford, United States - June 13: Scoreboard showing the Final Score during the FIFA World Cup 2026 Group C match between Brazil and Morocco at New York New Jersey Stadium on June 13, 2026 in East Rutherford, United States. (Photo by Harry Langer/DeFodi Images/DeFodi via Getty Images

တဘက် ၁ ဂိုးစီ သရေကျ

ဇွန် ၁၃ – ၂၀၂၆

Vinicius Jr ရဲ့ အလန်းစား တဦးတည်းသွင်း ဂိုးကြောင့် ဘရာဇီး အသင်း ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ သမိုင်းဝင် အရှုံးပေါ်နေရာ ကနေ သီသီလေး ပြန်လည် လွတ်မြောက် သွားခဲ့ပါတယ်။

နယူးဂျာစီ က MetLife ကွင်းကြီးမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ကမ္ဘာ့ဖလား ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီး အသင်းဟာ မော်ရိုကို အသင်းနဲ့ အကြိတ်အနယ် ကစားပြီး သရေကျကာ၊ Vinicius Jr အနေနဲ့ ဘရာဇီး အသင်းကို ၁၉၃၄ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ ပထမဆုံး အကြိမ် ရှုံးနိမ့်ရမယ့် အရှက်ရစရာ အခြေအနေ ကနေ ကယ်တင် ပေးနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၂၁ မိနစ်မှာတင် ဘရာဇီး ဘက်က လီဗာပူး ဂိုးသမား Alisson Becker နဲ့ သူ့ရဲ့ နောက်ခံလူတွေ ဖြစ်တဲ့ Gabriel နဲ့ Marquinhos တို့ကြား နားလည်မှု လွဲချော် သွားတာကို အခွင့်ကောင်းယူပြီး Ismael Saibari က ဘောက်စ် အပြင် ပြေးထွက်လာတဲ့ Alisson ရဲ့ ခေါင်းပေါ်ကနေ ကျော်ပြီး ကန်သွင်း လိုက်တာကြောင့် မော်ရိုကို အသင်းက ဦးဆောင်ဂိုး စတင် ရရှိခဲ့တာပါ။

ဒါဟာ အာဖရိကချန်ပီယံ မော်ရိုကို အသင်းအနေနဲ့ ကမ္ဘာ့ဖလား သမိုင်း တစ်လျှောက် တောင်အမေရိက အသင်းတွေ အပေါ် ပထမဆုံး အကြိမ် ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အရင်ကတော့ ၁၉၇၀ မှာ ပီရူး၊ ၁၉၉၈ မှာ ဘရာဇီးတို့နဲ့ ကစားခဲ့တုန်းက ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

မော်ရိုကို အသင်းဟာ ဆက်တိုက် ဖိအားပေး ကစားခဲ့ပြီး ပွဲကစားချိန် မိနစ် ၃၀ ရောက်တဲ့ အခါမှာတင် ဂိုးကန်ချက် ၁၂ ကြိမ် အထိ ရှိခဲ့ပါတယ်။

ဒါဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက မက္ကဆီကိုနဲ့ ပွဲစဉ်နောက်ပိုင်း ဘရာဇီး အသင်း အနေနဲ့ ကမ္ဘာ့ဖလားပွဲ တပွဲမှာ ဂိုးကန်သွင်းခွင့် အများဆုံး ခွင့်ပြုခဲ့ ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပြ Mohamed Ouahbi ရဲ့ မော်ရိုကို အသင်းဟာ သူတို့ရရှိ ထားတဲ့ အသာစီး အခြေအနေကို ဂိုးအဖြစ် ထပ်မံ မပြောင်းလဲနိုင်ခဲ့လို့ ပွဲချိန် မိနစ် ၃၀ ကျော် မှာ Vinicius ကနေ ဘရာဇီး အသင်း အတွက် ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင် အသင်းအတွက် အကြိမ် ၅၀ မြောက် ပွဲထွက်လာတဲ့ Vinicius ဟာ ဂိုးဧရိယာ အထဲမှာ Bruno Guimaraes ဆီကနေ ဘောလုံး လက်ခံရရှိပြီးနောက် အတွင်းထဲကို ဆွဲဝင်ပြီး မော်ရိုကို ဂိုးသမား Yassine Bounou ဘေးကနေ အားနဲ့ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်လူဟောင်း Lucas Paqueta အနေနဲ့လည်း ပထမပိုင်း အပို အချိန်မှာ ဘရာဇီး အသင်းကို ဦးဆောင်ဂိုး ရရှိစေမယ့် လှပစွာ ကန်သွင်းခဲ့ပေမဲ့ မော်ရိုကို ဂိုးသမားက လက်ဖျားနဲ့ ပုတ်ထုတ်ပြီး ထောင့်ကန်ဘော အဖြစ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

နယူးယောက်မြို့ နယူးဂျာစီ ကွင်းကြီးထဲမှာ ဘရာဇီးရဲ့ ၂၀၀၂ ကမ္ဘာ့ဖလား ချန်ပီယံ အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တဲ့ ရော်နယ်ဒို၊ ကာကာ နဲ့ ရော်ဘတ်တို ကားလော့စ် တို့လို ဂန္ထဝင် ကစားသမားကြီးတွေ လာရောက် အားပေး နေခဲ့သလို့ နည်းပြ Carlo Ancelotti ရဲ့ ဘရာဇီး အသင်းဟာ ဒုတိယပိုင်းမှာ ကစားကွက် အရှိန်မြှင့်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ဘက် စလုံးအတွက် ဂိုးရမယ့် အခွင့်အရေး တွေကတော့ အင်မတန် ရှားခဲ့ပြီး ဘရာဇီးတိုက်စစ်မှူး Raphinha အနေနဲ့ Guimaraes ဂိုးရှေ့ဖြတ်တင် ပေးလိုက်တဲ့ ဘောလုံးကို အမီလိုက်ပိတ်ဖို့ သီသီလေး လွဲချော်ခဲ့ရလို့ အနိုင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။

ဒီပွဲမှာ သရေကျခဲ့တာကြောင့် မော်ရိုကို အသင်းအနေနဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ နိုင်ပွဲရဖို့ ဆက်လက် စောင့်ဆိုင်းရဦးမှာဖြစ်သလို ဘရာဇီး အသင်း ကတော့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွေမှာ ၉၂ နှစ်တိုင်တိုင် မရှုံးနိမ့် သေးတဲ့ အံ့မခန်း စံချိန်ကောင်းကြီးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ ပါတယ်။

#တိုက်စစ်မှူးနေမာ

ဒီပွဲမှာ ဘရာဇီးစူပါစတား နေမာ ပါမလာရတဲ့ အဓိက အကြောင်းရင်း ကတော့ သူ့ရဲ့ ဒူးဒဏ်ရာကြောင့် ဖြစ်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ကာလတွေ ကတည်းက ဘယ်ဘက်ဒူး ဒဏ်ရာ ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရလို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ရေရှည်အနား ယူခဲ့ရတာပါ။

ဒဏ်ရာကနေ ပြန်သက်သာလာလို့ ဆော်ဒီကလပ် Al Hilal အသင်းနဲ့ အတူ ပြန်ဝင် ကစားနိုင်ခဲ့ပေမဲ့ ဒဏ်ရာဟောင်းက အရှင်း မပျောက်သေးဘဲ ကြံ့ခိုင်မှုပိုင်း လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် နည်းပြ Carlo Ancelotti အနေနဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အစောပိုင်း အုပ်စုပွဲစဉ် တွေမှာ နေမာကို အတင်းအဓမ္မ သုံးစွဲပြီး ဒဏ်ရာ ထပ်ရသွားမှာမျိုး မလိုလားတာကြောင့် အခုလို အဖွင့်ပွဲစဉ်မှာ မစွန်းစားဘဲ အနားပေးထားခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version