THN Public Media Blog သတင်း ပြည်တွင်း ဘန်ကောက်မှာ ဇနီးကိုသတ်ပြီး ထွက်ပြေးလာသူကို ဟင်္သာတ နေအိမ်မှာ ဖမ်းမိ
ပြည်တွင်း

ဘန်ကောက်မှာ ဇနီးကိုသတ်ပြီး ထွက်ပြေးလာသူကို ဟင်္သာတ နေအိမ်မှာ ဖမ်းမိ

ဇွန် ၁၃ – ၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဇနီးကို အပိုင်းပိုင်းခုတ်သတ်ပြီး ထွက်ပြေး နေတဲ့ ယောကျ်ားကို ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ရှိ နေအိမ်မှာ ဒီကနေ့ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။

လူသတ်မှုကျူးလွန်သူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ပြည့်ကို ဒီကနေ့ မနက် ၈ နာရီ ဝန်းကျင်လောက်မှာ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်း မှာ ရှိတဲ့ သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။

” ဟုတ်တယ်။ အဲဒီကိစ္စ မြို့ထဲတော့ လူပြောများနေတယ်။ ခုဖမ်းသွားမှ အဲဒီလူက လူသတ်ခဲ့တယ် ဆိုတာကိုလည်း ပတ်ဝန်းကျင်က သိကြတာ။ သူကလည်း ထိုင်းမှာပဲ လုပ်နေရင်းက ရုတ်တရက်ကြီး ပြန်လာတာ။ ထိုင်းမှာ ဖြစ်တာဆိုတော့ ဒီပြန်လာရင်လွတ်မယ် ထင်ထားတာဖြစ်မယ်။ အခုတော့ ဖမ်းသွားပြီ။ ” လို့ မြို့ခံတယောက်က ပြောပါတယ်။

အဆိုပါ လူသတ်မှု ကျူးလွန်သူ ကိုအောင်ပြည့်ဟာ ဘန်ကောက်ရှိ သူရဲ့ဇနီး မအေးအေးနွယ်ကို တိုက်ခန်း အတွင်းမှာပဲ အပိုင်းပိုင်း ခုတ်ဖြတ် သတ်ပြီး ဝရံတာမှာရှိတဲ့ ပလပ်စတစ် ပုံးထဲကို ထည့်ထားခဲ့တာ ဖြစ်တယ် လို့ သိရပါတယ် ။

မအေးအေးနွယ်ကို မိသားစုဝင် တွေက ဆက်သွယ်လို့ မရခဲ့တာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူတွေနဲ့ အတူ အခန်းကို လာရောက်ကြည့်ရှုရာမှ အပိုင်းပိုင်းခုတ်ဖြတ် သတ်ဖြတ် ခံထားရတဲ့ ရုပ်အလောင်းကို ပလပ်စတစ် ပုံးအတွင်းကနေ တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ ကျူးလွန်သူ တရားခံကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်ခဲ့ရာ CCTV မှတ်တမ်းအရ အမျိုးသားဖြစ်သူ စားဖိုမှူး ကိုအောင်ပြည့် ဆိုသူဟာ အဲဒီ အခန်းထဲ ကနေ ခရီးဆောင်အိတ်ကို ယူပြီး ထွက်သွားတာ တွေ့ရကြောင်း၊ အဲဒီနောက်မှာ ဆက်လက်စုံစမ်းခဲ့ရာ ထိုင်း – မြန်မာနယ်စပ် ကနေ မြန်မာနိုင်ငံကို ဝင်ရောက်သွားတာကို သိရှိခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။

အဲဒါကြောင့် ထိုင်းအာဏာပိုင် တွေနဲ့ မြန်မာဘက်က တာဝန်ရှိသူတွေ ချိတ်ဆက်ပြီး ကျူးလွန်သူ ကိုအောင်ပြည့်ကို ဖမ်းဆီးခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

လူသတ်မှုကျူးလွန်ခဲ့တဲ့ ကိုအောင်ပြည့်ဟာ “ပျူစောထီးတို့ရဲ့ သေမင်း တမန် “ဆိုတဲ့ ဖေ့ဘုတ် အကောင့်ကို အသုံးပြုနေသူ ဖြစ်သလို အသတ်ခံ ရတဲ့ ဇနီးဖြစ်သူ မအေးအေးနွယ် ကလည်း PDF တွေကို ထောက်ပို့ ကူညီနေတဲ့ သူဖြစ်တယ်လို့ သတင်းတွေအရ ကနဦး သိရပါတယ် ။

လက်ရှိမှာတော့ လူသတ်မှုကျူးလွန်သူ အမျိုးသားကို ဟင်္သာတမြို့ ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရပါတယ်။

ဓာတ်ပုံ – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version