THN Public Media Blog သတင်း နိုင်ငံတကာ ကမ္ဘာ့အရေးအပါဆုံး ဟော်မုဇ် ရေလက်ကြားကို အီရန်ပိတ်ပြီ၊ ရေလက်ကြားထဲ ဝင်လာတဲ့ သင်္ဘောတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်
နိုင်ငံတကာ

ကမ္ဘာ့အရေးအပါဆုံး ဟော်မုဇ် ရေလက်ကြားကို အီရန်ပိတ်ပြီ၊ ရေလက်ကြားထဲ ဝင်လာတဲ့ သင်္ဘောတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်

မတ်လ ၄ – ၂၀၂၆

ကမ္ဘာ့အရေးအပါဆုံး သင်္ဘောလမ်းကြောင်း ဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြား ကို ပိတ်လိုက်ပြီ ဖြစ်ကြောင်း အီရန်က ကြေညာလိုက်ပြီး ဖြတ်သန်းဖို့ ကြိုးစားတဲ့ ဘယ်သင်္ဘောကို မဆို မီးရှို့ဖျက်ဆီးမယ်လို့ သတိပေး လိုက်တာကြောင့် ရေနံနဲ့ LNG ထောက်ပံ့မှု အခက်အခဲ ဖြစ်ပေါ်မှာ ကို စိုးရိမ်မှုတွေ မြင့်တက်လာနေ ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အဓိက ရေနံတင်ပို့ရာ လမ်းကြောင်း တလျှောက် မှာ ပေါက်ကွဲမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ရေလက်ကြားကို ပိတ်ဖို့ အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ် (IRGC) တပ်မှူးတဦးက ပြောကြားခဲ့ ပါတယ်။

တီဟီရန်မြို့ဟာ သုံးရက်ဆက်တိုက် တိုက်ခိုက်ခံခဲ့ရပြီးနောက်မှာ IRGC ရဲ့ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး Sardar Ebrahim Jabbari

က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီ။ ဘယ်သူပဲဖြစ်ဖြစ် ဖြတ်သန်းဖို့ ကြိုးစားရင် IRGC ရေတပ်နဲ့ စစ်တပ်က ငါတို့ရဲ့ အနစ်နာခံရဲတဲ့ သူရဲကောင်း တွေက အဲဒီသင်္ဘောတွေကို မီးတင်ရှို့ပစ်လိမ့်မယ်” လို့ သူက ဆိုပါတယ်။

“ဒီဒေသကို မလာကြနဲ့။ ဒီဒေသကနေ ရေနံတစက်မှ အပြင်ကို ထွက်ခွာ ခွင့်ပြုမှာ မဟုတ်ဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ အီရန် အနေနဲ့ ဒီရေလက်ကြားကို လက်တွေ့မှာ တကယ်ပိတ်နိုင် မလားဆိုတာ မသေချာသေးဘူးလို့ လေ့လာဆန်းစစ်သူတွေက ဆိုကြပြီး၊ အခုလို လုပ်ရပ်မျိုးဟာ အမေရိကန်ဘက်က အကြီးစား ရေတပ်နဲ့ လေတပ် တုံ့ပြန်မှုတွေကို ဖိတ်ခေါ် သလို ဖြစ်လာနိုင်လို့ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ အမေရိကန်က အီရန်စစ် သင်္ဘော ၁၁ စင်းကို ဖျက်ဆီး နိုင်ခဲ့ပြီလို့ ကြေညာထားတာကြောင့် ဒီရင်ဆိုင်တွေ့မှုဟာ အကြီးစား စစ်ပွဲကြီး အဖြစ် ကူးစက်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံတပုံခန့် ဖြတ်သန်း သွားလာနေတဲ့ အရေးအပါဆုံး လမ်းကြောင်းဖြစ်တာကြောင့် ရေလက်ကြား ပိတ်လိုက်ရင် ကမ္ဘာ့ရေနံစျေးနှုန်းတွေ ချက်ချင်း ထိုးတက် သွားနိုင်ပါတယ်။

တကယ်လို့ အီရန်က ဒီအတိုင်း တကယ်ပိတ်လိုက်မယ် ဆိုရင် ကမ္ဘာ တဝန်းက စောင့်ကြည့်နေသလို သူတို့ကိုယ်တိုင်ရဲ့ ရေနံ တင်ပို့မှုကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကာတာနိုင်ငံရဲ့ Qatar Energy ကုမ္ပဏီ ကလည်း သူတို့ စက်ရုံတွေ တိုက်ခိုက်ခံရပြီးနောက် LNG သဘာဝဓာတ်ငွေ့ နဲ့ ဆက်စပ် ပစ္စည်းတွေ ထုတ်လုပ်မှုကို ယာယီ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် စက်ရုံတွေ ထိခိုက်ခဲ့ရတဲ့ အတွက် လုံခြုံရေး အရ အခုလို ထုတ်လုပ်မှု ရပ်ဆိုင်း လိုက်ရတာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အခြေအနေ အပြောင်းအလဲ ကို ဆက်လက် အသိပေးသွားမှာ ဖြစ်သလို မိမိတို့နဲ့ ဆက်စပ်နေသူတွေနဲ့ ဆက်ဆံရေးကိုလည်း အလေးအနက် ထားကြောင်း Qatar Energy က ပြောကြားပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် ကာတာက LNG ထုတ်လုပ်မှု ရပ်ဆိုင်း လိုက်တာကြောင့် ဥရောပရဲ့ သဘာဝဓာတ်ငွေ့ စျေးနှုန်းဟာ ၄၀ ရာခိုင်နှုန်း ကျော် အထိ ထိုးတက်သွားပါတယ်။

ကာတာနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း LNG တင်ပို့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး သူတို့ရဲ့ ဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံ အပါအဝင် အာရှနိုင်ငံ တွေဆီ တင်ပို့နေတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version