THN Public Media Blog Sport “ကျွန်တော် ပြန်လာပြီဟေ့… ကျွန်တော် ပြန်လာပြီ” ဆိုတဲ့ စီရော်နယ်ဒို
Sport

“ကျွန်တော် ပြန်လာပြီဟေ့… ကျွန်တော် ပြန်လာပြီ” ဆိုတဲ့ စီရော်နယ်ဒို

ဇွန် ၂၄ – ၂၀၂၆

ဥဇဘက်ကစ္စတန်အသင်းကို ၅ ဂိုး ပြတ်နဲ့ အနိုင်ရတဲ့ ပွဲမှာ နှစ်ဂိုး သွင်းယူပေးခဲ့ပြီးနောက်၊ ခရစ္စတီယာနို ရော်နယ်ဒိုဟာ တီဗီကင်မရာ ရှေ့ စိုက်ကြည့်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူဟာ ပေါ်တူဂီအသင်းရဲ့ ပြဿနာ ကြီးလို့ ဝေဖန် ပြောဆိုခဲ့ကြသူတွေကို အာခံတုန့်ပြန်လိုက်တဲ့ သတင်းစကားကို အော်ဟစ် အချက်ပြလိုက်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားကြီးဟာ ကမ္ဘာ့ အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲကြီးရဲ့ ၆ ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသော ကစားသမားအဖြစ် သမိုင်းဝင်စံချိန်တင်နိုင်ခဲ့လို့ သူ့ရဲ့ ခံစားချက်တွေကို မဖုံးကွယ်နိုင်ခဲ့သလို၊ ဝမ်းသာပီတိဖြစ်မှုကိုလည်း မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ဒါဟာ သူ့ကို လက်လျှော့ အဆုံးအဖြတ် ပေးခဲ့ကြတဲ့ ဝေဖန်ရေး သမားတွေ အတွက် အကောင်းဆုံး ပြန်လည်တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စု K ရဲ့ အဖွင့်ပွဲစဉ်တုန်းက ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံနဲ့ တပင်တပန်း ကစားပြီး ၁ ဂိုး ၁ ဂိုး သရေကျခဲ့လို့ ရော်နယ်ဒိုဟာ ဝေဖန်ပြစ်တင်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

တစ်ချိန်တည်းမှာပဲ အာဂျင်တီးနားရဲ့ လီယွန်နယ် မက်ဆီ၊ ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေ၊ နော်ဝေးရဲ့ အားကိုးရတဲ့ အာလင်း ဟာလန်း၊ ဘရာဇီးရဲ့ ဗီနီစီယပ်စ် ဂျူနီယာ နဲ့ အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီ ကိန်း တို့လို တခြား ကမ္ဘာ့အဆင့် ကစားသမားတွေ ကတော့ ပထမ နှစ်ပတ် အတွင်းမှာတင် ခြေစွမ်းပြနေခဲ့ကြပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုကတော့ ပွဲပြီးခါနီးမှ ပွဲကြီးပွဲကောင်းထဲကို အံ့ဩစရာ ကောင်းလောက်အောင် ရောက်ရှိလာခဲ့တာပါ။

သူ့ရဲ့ စံချိန်တင်သွင်းဂိုးကို ရယူဖို့ ၆ မိနစ်ပဲ လိုအပ်ခဲ့ပြီး၊ ဂျိုအာအို ကန်ဆယ်လို ရဲ့ ဖြတ်တင်ဘောကနေ တဆင့် အကောင်းဆုံး Half-volley ကန်ချက်နဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဲဒီနောက် ပထမပိုင်းမပြီးခင်မှာပဲ ဘရူနို ဖာနန်ဒက်စ်ရဲ့ အကွက်မြင်မြင် ပေးပို့မှု ကနေ နောက်ထပ်တဂိုးကို သေသပ်စွာ အဆုံးသတ် သွင်းယူ ပေးခဲ့ပြန် ပါတယ်။

Abdukodir Khusanov က ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်လိုက်နိုင်လို့သာ ရော်နယ်ဒို တယောက် ပထမပိုင်းမှာတင် ဟက်ထရစ် မရခဲ့တာဖြစ်ပြီး၊ ဒုတိယပိုင်းမှာ အသင်းဖော်တွေ ဝိုင်းကူကြပေမယ့် အသင်း ခေါင်းဆောင်ကြီး မျှော်လင့်တောင့်တ နေတဲ့ ဟက်ထရစ်ကိုတော့ မရရှိခဲ့ ပါဘူး။

ပွဲအပြီးမှာ သူအော်ခဲ့တဲ့ “ကျွန်တော် ပြန်လာပြီ” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ၊ ဘလွန်ဒီအောဆု ငါးကြိမ်ရ ကစားသမား ကြီးက “ဝေဖန်တဲ့သူတွေ မေ့မသွားအောင်လို့ပါ… အခုလို လုပ်လာတာ ၂၃ နှစ်ရှိပြီလေ” လို့ ပြောသွားပါတယ်။

“ကျွန်တော် အရမ်းဝမ်းသာပါတယ်၊ ဒါပေမဲ့ အရေးကြီးဆုံး ကတော့ အသင်းတသင်းလုံးရဲ့ ကြိုးစား အားထုတ်မှုနဲ့ ဒီပွဲကနေ ရလိုက်တဲ့ ယုံကြည်မှုပါပဲ” လို့ ရော်နယ်ဒိုက ဆက်ပြောပါတယ်။

“ကိုယ်ပိုင်စံချိန်တွေက အမြဲတမ်း ကောင်းမွန်တာ မှန်ပေမယ့် ကျွန်တော့်ရဲ့ ရည်မှန်းချက် ကတော့ အသင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် အမြဲတမ်း ကူညီပေးဖို့ပါပဲ။”

“ဒီတပတ်အတွင်းမှာ အခက်အခဲ အတားအဆီးတွေ အများကြီးကို ဖြတ်ကျော်ခဲ့ ရပေမယ့် အသင်းက တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ ကြပြီး အများကြီး တိုးတက်လာခဲ့ပါတယ်။”

“ဘောလုံးတချက်တောင် မကန်ရဘဲ ဖြတ်သန်းခဲ့ရတဲ့ ရက်သတ္တပတ်က ခက်ခဲပင်ပန်းပြီး မှောင်မိုက်နေခဲ့ပေမယ့်၊ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု အပေါ် ယုံကြည်တာကြောင့် ပုံမှန်အတိုင်းပဲ ကိုင်တွယ် ကျော်ဖြတ်နိုင်ခဲ့ ပါတယ်။ ခက်ခဲခဲ့ပေမယ့် ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပါပြီ။”

ပေါ်တူဂီအသင်းဟာ အုပ်စု K ကနေ နောက်တဆင့် ဘယ်သူ တက်မလဲနဲ့ ဘယ်သူအုပ်စု ပထမရမလဲ ဆိုတာကို အဆုံးအဖြတ်ပေးမယ့် နောက်ဆုံး ပွဲစဉ် အဖြစ် လာမယ့် ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့မှာ ကိုလံဘီယာ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နည်းပြချုပ် ရောဘတ်တို မာတီနက်ဇ် ကလည်း ကွန်ဂိုနဲ့ စိတ်ပျက်စရာ သရေကျခဲ့ပြီးနောက်မှာ အသင်းရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့နဲ့ အရည်အသွေး တွေကို ထိန်းသိမ်းဖို့အတွက် ရော်နယ်ဒိုဟာ အဓိက ကျခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရလဒ်မျိုး မရခဲ့သလို ဝေဖန်မှုတွေ၊ ဆူညံသံတွေနဲ့ အခက်တွေ့ခဲ့ရတဲ့အပြင် အဲဒီဝေဖန်မှုတွေက မတရား ဘူးလို့ ခံစားရတာကြောင့် ပြီးခဲ့တဲ့အပတ်က တကယ်ကို ခက်ခဲခဲ့ပါတယ်” လို့ မာတီနက်ဇ်က ဖြည့်စွက်ပြောကြားပါတယ်။

“ကျွန်တော်တို့ ဒေါသထွက်ခဲ့ရသလို စိတ်ပျက်ခဲ့ရပေမယ့် အသင်းတသင်း အနေနဲ့ ကြီးထွားလာခဲ့ပြီး စိတ်ခံစားမှုတွေကို ကျော်လွှားကာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ စံပြ အသင်းခေါင်းဆောင် တဦး ဖြစ်ခဲ့ပြီး၊ အာရုံစိုက်မှု အပြည့်ရှိခဲ့သလို သူ့ရဲ့ အတွေ့ အကြုံတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ သူက ဒီလို အခြေအနေမျိုးကို ရင်ဆိုင်ဖူးတာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။”

“ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ဟာ ပြိုင်ပွဲရဲ့ အိုင်ကွန် တခုပါ၊ သူဟာ ဆဋ္ဌမမြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားနေတာ ဖြစ်ပါတယ်။ သူဟာ ပေါ်တူဂီ လက်ရွေးစင်အသင်း အတွက် ကစားပေးနေပြီး နေ့တိုင်း အပြင်းအထန် ကြိုးစားနေတဲ့၊ လေ့ကျင့်ရေးတိုင်းမှာ ပိုကောင်းအောင် လုပ်ဆောင်နေတဲ့ အပြင် ကွင်းထဲမှာရော အဝတ်လဲခန်းထဲမှာပါ ကောင်းမွန်တဲ့ စိတ်ဓာတ်မျိုး ရှိတဲ့ စံပြပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဝိန်း ရူနီ ကလည်း အခုလို ပြောပါတယ်။ “ဒီပြိုင်ပွဲမှာ တခြားထိပ်တန်း ကစားသမားတွေ အားလုံး ဂိုးတွေ သွင်းနေကြတဲ့အချိန်မှာ၊ အသက် ၄၁ နှစ်အရွယ်နဲ့ ကမ္ဘာ့ဖလားပွဲမှာ နှစ်ဂိုး သွင်းနိုင်တာဟာ အံ့ဩစရာပါပဲ။”

“သူ့အနေနဲ့ အကောင်းဆုံး ပွဲတပွဲ မဖြစ်ခဲ့ပေမယ့် ဒါက သူလုပ်နေကျ အလုပ်ပါပဲ။ ဝေဖန်မှု တချို့ ခံခဲ့ရပြီး ဒါဟာ သူပြန်လည်တုံ့ပြန်တဲ့ ပုံစံပါပဲ။ သူ့ရဲ့ ကစားသမား သက်တမ်းတလျှောက်လုံး ဒီလိုပဲ လုပ်လာခဲ့တာ ဖြစ်ပါတယ်။”

“သူက အကောင်းဆုံး ဖြစ်ချင်တာဖြစ်ပြီး အမြဲတမ်းလည်း အဲဒီလိုပါပဲ။ တခြားတိုက်စစ်မှူးတွေနဲ့ တိုက်စစ် ကစားသမားတွေ ဂိုးသွင်းတဲ့အခါ သူက အဲဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေချင်တာ။ ဒီပွဲက သူ့ရဲ့ တုံ့ပြန်မှုကတော့ သူ့ဆီ ကနေ ခင်ဗျားတို့ မျှော်လင့်ထားတဲ့အတိုင်း ကွက်တိပါပဲ။”

“သူက အကောင်းဆုံး ဖြစ်ချင်တယ်ဆိုတဲ့ အပိုင်းမှာတော့ တကိုယ်ကောင်း ဆန်တယ်လို့ ဆိုနိုင်ပေမယ့်၊ အသင်းအတွက် ကစားပေးတဲ့ ကစားသမား လည်း ဖြစ်ပါတယ်။ မနေ့ညက မက်ဆီနဲ့ အခုရော်နယ်ဒိုတို့ရဲ့ အသက် အရွယ်မှာ သူတို့ လုပ်ပြနေတာတွေကို ကြည့်ရတာ တကယ်ကို အံ့ဩစရာ ကောင်းပါတယ်” လို့ သုံးသပ်သွားပါတယ်။

#ဝေဖန်ခံခဲ့ရတဲ့ ပါရမီရှင် – သူ ဘယ်မှ ထွက်မသွားခဲ့ပါဘူး

————————————–

ရော်နယ်ဒိုနဲ့ မက်ဆီ နှစ်ယောက်စလုံးဟာ ၂၀၀၆ ခုနှစ် ကတည်းက ကမ္ဘာ့ဖလား ပွဲတိုင်းမှာ ကစားခဲ့ကြတာ ဖြစ်ပါတယ်။ မက်ဆီက ဩစတြီးယားနဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီး သမိုင်းတလျှောက် ဂိုးအများဆုံး စံချိန်အဖြစ် ၁၈ ဂိုး ရထားတာဖြစ်ပြီး ရော်နယ်ဒိုကတော့ ၁၀ ဂိုး ရှိပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားတိုက်စစ်မှူးက ၂၀၁၀ ပြိုင်ပွဲတုန်း ကတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

မက်ဆီက လာမယ့် ဗုဒ္ဓဟူးနေ့မှာ အသက် ၃၉ နှစ် ပြည့်တော့မှာဖြစ်ပြီး၊ ရော်နယ်ဒို ကတော့ ကမ္ဘာ့ဖလားသမိုင်းမှာ ဒုတိယမြောက် အသက် အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။

သူ့ထက် အသက်ကြီးတာဆိုလို့ ၁၉၉၄ တုန်းက ရုရှားနဲ့ပွဲမှာ အသက် ၄၂ နှစ်နဲ့ ဂိုးသွင်းခဲ့တဲ့ ကင်မရွန်းရဲ့ ရော်ဂျာ မီလာ တယောက်ပဲ ရှိပါတော့ တယ်။

ရော်နယ်ဒိုရဲ့ နှစ်ဂိုး အပြင် နူနို မန်ဒက်စ်ရဲ့ ဖရီးကစ်ဂိုး၊ ဥဇဘက်ကစ္စတန် ဂိုးသမား ( Abduvohid Nematov ရဲ့ own goal နဲ့ လူစားဝင်လာတဲ့ ရာဖေးလ် လီယာအို ရဲ့ နောက်ကျ ပဉ္စမမြောက်ဂိုးတွေကြောင့် ပေါ်တူဂီ အသင်းဟာ ၂၀၂၆ ပြိုင်ပွဲရဲ့ တတိယမြောက် ဂိုးပြတ် အလှဆုံး နိုင်ပွဲကို ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၀၆ တုန်းက အီတလီနဲ့ အတူ ကမ္ဘာ့ဖလားရခဲ့ဖူးတဲ့ ဥဇဘက်ကစ္စတန် နည်းပြ ဖေဘီယို ကန်နာဗာရို ကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့အသက် အရွယ်နဲ့ မမျှအောင် ထိပ်တန်းအဆင့်မှာ စွမ်းဆောင်နိုင်ဆဲလို့ ခံစားမိ ကြောင်း ပြောပါတယ်။

“ခင်ဗျား ကမ္ဘာ့ဖလားကို လာပြီး အသက် ၄၁ နှစ်အရွယ်မှာတောင် ဆာလောင်မှု တွေ ရှိနေသေးတယ်၊ အများကြီး လုပ်ပြနိုင်သေးတယ် ဆိုတာကို ပြသသွားတာပဲ” လို့ အီတလီလူမျိုး နည်းပြက ပြောပါတယ်။

“ဘောလုံး ဘယ်လိုကစားရမလဲ ဆိုတာ မေ့သွားစရာ မရှိပါဘူး။ သူက ကမ္ဘာ့ဖလား သမိုင်းရဲ့ အစိတ်အပိုင်းတခုပါ။”

“ဘောလုံးက ဥရောပမှာတင် ရှိတာမဟုတ်ပါဘူး၊ တကမ္ဘာလုံးအတွက် ပွင့်သွားပါပြီ။ အခုဆိုရင် အကန့်အသတ်တွေ၊ နယ်နိမိတ်တွေ မရှိတော့ ပါဘူး။ ခရစ္စတီယာနိုဟာ ဘောလုံးသမိုင်းမှာ အတောင့်တင်းဆုံး ကစားသမား တွေထဲက တဦးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ တကယ်လို့ ဂိုးဧရိယာထဲမှာ သူ့ကို တစ် စင်တီမီတာလောက် နေရာ လွတ်ပေးလိုက်ရင် ခင်ဗျား သေပြီပဲ” လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်း ကိန်း ကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ အသင်းဖော်တွေကို စိတ်ဓာတ် တက်ကြွစေလိမ့် မယ်လို့ ခံစားခဲ့ရပါတယ်။

“ခရစ္စတီယာနို ရော်နယ်ဒိုက ဘယ်မှ ထွက်မသွားခဲ့ပါဘူး” လို့ သူက ပြောပါတယ်။ “သူက အဓိကလူပဲလေ။ လူတွေက ဘာဖြစ်နေကြတာလဲ။ ဝေဖန်ခံနေရတဲ့ ပါရမီရှင်ပေါ့။”

“သူ ပြန်လာတာကို မြင်ရတာ ဝမ်းသာစရာပါပဲ။ သူ့ရဲ့ နှစ်ဂိုး စလုံးက အလွန်ကောင်းမွန်ပါတယ်။ တခါပြန်ပြီး သူ ပွဲကြီးထဲ ဝင်လာခဲ့ပြန်ပြီ။ ဘောလုံးပွဲရဲ့ အခက်ခဲဆုံး အပိုင်းက ဘောလုံးကို ဂိုးပိုက်ထဲ ရောက်အောင် ကန်သွင်းဖို့ပါပဲ – အဲဒါကို သူ လုပ်ပြသွားခဲ့တာ။”

“ရော်နယ်ဒိုရဲ့ တခြားအရာတွေ အားလုံးအပြင် ခင်ဗျားတို့ လေးစားရမှာ ကတော့ သူဟာ ကမ္ဘာ့ဖလားက လွဲလို့ အကုန်ရထားတဲ့ ဘီလီယံနာ တယောက်ဖြစ်ပြီး၊ ဂိုးတွေ ဆက်သွင်းချင်တဲ့ ဆာလောင်မှုနဲ့ အလို ဆန္ဒတွေ ရှိနေသေးတာကိုပါ။”

“ကျွန်တော့်အတွက်တော့ ဒါဟာ ဒီကောင်လေးတွေ အတွက် အကောင်းဆုံး စံနမူနာပါပဲ၊ ဂိုးတွေ ဆက်ပြီး သွင်းယူချင်တဲ့ ဆာလောင်မှု မျိုးပါပဲ” လို့ သုံးသပ်သွားပါတယ်။

ref: bbc sports

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version