ဇွန် ၂၄ – ၂၀၂၆
ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တာ နှစ်နှစ်တောင်မပြည့်သေးခင်မှာပဲ ကီယာ စတာမာဟာ သူ့ရဲ့ လေဘာပါတီ အတွင်း ဖိအားတွေ များလာတာ ကြောင့် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
လေဘာပါတီကို မဲအပြတ်အသတ်နဲ့ ရွေးကောက်ပွဲ အနိုင်ရအောင် ဦးဆောင်ပေးခဲ့ပြီး နှစ်နှစ်နီးပါး အကြာမှာ ဝန်ကြီးချုပ် ကီယာ စတာမာ ဟာ ပါတီတွင်း ဆန့်ကျင်မှုတွေ တိုးပွားလာတာကြောင့် ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ၁၀ နှစ်အတွင်း ယူကေ ရဲ့ သတ္တမမြောက် ဝန်ကြီးချုပ် ဖြစ်လာမယ့် သူ ရွေးချယ်ပွဲကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။
တနင်္လာနေ့က စိတ်လှုပ်ရှားစွာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ စတာမာက လေဘာပါတီရဲ့ ခေါင်းဆောင်သစ် မရွေးချယ်ရသေးခင် အထိ ရာထူးမှာ ဆက်ရှိနေဦးမယ်လို့ ပြောသွားပါတယ်။
တရားဝင် ခေါင်းဆောင်သစ်ရွေးပွဲကို ဇူလိုင်လ ၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ယူကေလွှတ်တော်ရဲ့ နွေရာသီပိတ်ရက် မတိုင်ခင်မှာ အပြီးသတ် ရမှာ ဖြစ်ပါတယ်။
ဒေသန္တရရွေးကောက်ပွဲ ရလဒ်တွေ စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး နောက် သီတင်းပတ်ပေါင်း များစွာ ပါတီတွင်း ဖိအားပေး ခံခဲ့ရတာကြောင့် စတာမာ့ရဲ့ ရာထူး နေရာဟာ အားနည်းနေခဲ့တာပါ။
စိန်ခေါ်သူဖြစ်တဲ့ မန်ချက်စတာ မြို့တော်ဝန် အန်ဒီ ဘန်ဟမ်က Makerfield ကြားဖြတ်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိသွားခဲ့တာဟာ စတာမာ့ကို ရာထူးက နုတ်ထွက်တဲ့ အကြောင်းရင်း ဖြစ်သွားခဲ့ပါတယ်။
–
#လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ယူကေကို ဘယ်သူတွေ ဦးဆောင်ခဲ့သလဲ
————————————
၂၀၁၆ ခုနှစ်က စလို့ ယူကေမှာ ဝန်ကြီးချုပ် ၆ ယောက်အထိ ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်ယောက်ကို တစ်နှစ်ခွဲ ကနေ နှစ်နှစ်လောက်ပဲ သက်တမ်းရှိခဲ့ပါတယ်။
ဒါဟာ ဆယ်စုနှစ်တခုမက တိုင်းပြည်ကို ဦးဆောင်ခဲ့ကြတဲ့ မာဂရက် သက်ချာ နဲ့ တိုနီ ဘလဲ တို့ရဲ့ သက်တမ်းတွေနဲ့ ယှဉ်ရင် အများကြီး တိုတောင်း လွန်းနေတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ယူကေမှာ ရှိခဲ့တဲ့ ဝန်ကြီးချုပ် ၁၀ ယောက် ကတော့ အအောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါတယ်။
–
၁။ #ဒေးဗစ်ကင်မရွန်း – ဥရောပသမဂ္ဂ EU ထဲမှာ ဆက်နေဖို့ မဲဆွယ်ခဲ့ ပေမယ့် Brexit ပြည်သူ့ဆန္ဒခံယူပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
၂။ #ထရီဆာမေ – သူမရဲ့ Brexit နုတ်ထွက်ရေး သဘောတူညီချက်ကို လွှတ်တော်ရဲ့ အတည်ပြုချက်ရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
၃။ #ဘောရစ်ဂျွန်ဆင် – အရှုပ်တော်ပုံတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သူ့ရဲ့အစိုးရ အဖွဲ့ကို အားနည်းစေခဲ့တဲ့ ဝန်ကြီးတွေ အစုလိုက် အပြုံလိုက် ရာထူးက နုတ်ထွက်မှုတွေကြောင့် ၂၀၂၂ ခုနှစ်မှာ ရာထူးက နုတ်ထွက်ခဲ့ ပါတယ်။
၄။ #လစ်ဇ်ထရပ်စ် – သူမအစိုးရရဲ့ စီးပွားရေး စီမံကိန်းတွေကြောင့် ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာ ရာထူး သက်တမ်း ၄၉ ရက် အကြာမှာတင် ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
၅။ #ရစ်ရှီဆူးနက် – ၂၀၂၄ အထွေထွေရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ ဖယ်ပေးခဲ့ရပါတယ်။
၆။ #ကီယာစတာမာ – ဒေသန္တရရွေးကောက်ပွဲ ရလဒ်တွေ ဆိုးရွားခဲ့ပြီး နောက် လေဘာပါတီတွင်းက ဖိအားတွေ ပိုများလာတာကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရာထူး နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။
–
#သက်တမ်းအရှည်ဆုံးနဲ့ သက်တမ်း အတိုဆုံး ဝန်ကြီးချုပ်များ
———————————
ယူကေသမိုင်းမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ကတော့ ၁၇၂၁ ကနေ ၁၇၄၂ အထိ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ရာထူးရယူခဲ့တဲ့ ရောဘတ် Robert Walpole ဖြစ်ပါတယ်။
မကြာသေးခင်က သမိုင်းမှာတော့ သက်ချာဟာ ၁၉၇၉ ခုနှစ် ကနေ ၁၉၉၀ အထိ ၁၁ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဘလဲ ကတော့ ၁၉၉၇ ကနေ ၂၀၀၇ အထိ ၁၀ နှစ်ကြာ ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။
အခြားတဘက်မှာတော့ ထရပ်စ်ဟာ ၂၀၂၂ ခုနှစ်တုန်းက သက်တမ်း ၄၉ ရက်တည်းနဲ့ ဗြိတိန် သမိုင်းမှာ သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ထားပါတယ်။
–
——————–
ဘန်ဟမ် အောက်လွှတ်တော်ကို ပြန်လည်ရောက်ရှိလာတာဟာ စတာမာ နေရာကို ဆက်ခံဖို့ ရေပန်း အစားဆုံးသူ ဖြစ်လာစေခဲ့ပါတယ်။
ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဟောင်း Wes Streeting လိုမျိုး တခြား လေဘာပါတီ ခေါင်းဆောင်တွေလည်း ဝင်ပြိုင်ဖို့ စဉ်းစားနိုင်ခြေ ရှိပါတယ်။
ကိုယ်စားလှယ်လောင်း တဦးဟာ မဲစာရင်းထဲ ပါဝင်ဖို့ လေဘာပါတီ အမတ် ၈၁ ယောက်ရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။ ဒါဟာ နွေရာသီ တခုလုံး မဲဆွယ်ပွဲကြီး ဖြစ်လာမလား၊ ဒါမှမဟုတ် နောက်ကွယ် ကနေ သဘောတူညီချက် တခုခု ရယူပြီး ပြိုင်ဘက်မရှိ မြန်မြန် ဆန်ဆန်ပဲ ရာထူးလွှဲပြောင်း ပေးလိုက် မလားဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
—————————
THN Public Media
–
