(ထရမ့်ဟာ တရုတ်နိုင်ငံအပေါ် ပြတ်ပြတ်သားသား ပြောဆိုလေ့ ရှိတဲ့ ပုံရိပ်နဲ့ နိုင်ငံရေး လောကထဲ ရောက်လာသူဖြစ်လို့ ဒီနေ့ဖြစ်ရပ်ဟာ တကယ်ကို ထူးခြားပါတယ်)
မေလ ၁၄ – ၂၀၂၆
ပြိုင်ဘက် မဟာအင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကို အသစ်ပြန်စ နိုင်မယ့် ခရီးစဉ်ရဲ့ ပထမဆုံးနေ့မှာ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင်ပင်းက အကြီးအကျယ် ကြိုဆိုခဲ့ ပါတယ်။
ပြည်သူ့ခမ်းမဆောင်ကြီး အပြင်ဘက်မှာ စစ်ဂုဏ်ပြုတပ်ဖွဲ့တွေက တန်းစီ စောင့်ကြိုခဲ့ကြပြီး အမြောက် ၂၁ ချက် ပစ်ဖောက်တာနဲ့ အမေရိကန် နိုင်ငံတော် သီချင်း တီးမှုတ် တာတွေနဲ့အတူ ထရမ့်ကို ကြိုဆိုခဲ့ကြပါတယ်။
သမ္မတဟာ တရုတ်နဲ့ အမေရိကန် အလံလေးတွေ ကိုင်ပြီး အားပေးနေကြ တဲ့ ကျောင်းသူ ကျောင်းသားလေးတွေကို နှစ်ကြိမ် တိုင်တိုင် ရပ်တန့်ပြီး နှုတ်ဆက်ခဲ့ပါတယ်။
ရှီကျင်ပင်းနဲ့ လက်ဆွဲနှုတ်ဆက် ချိန်မှာတော့ ထရမ့်ဟာ ရှီရဲ့ လက်မောင်း ကို ပုတ်ပြီး ရင်းနှီးဖော်ရွေတဲ့ အမူအရာမျိုး ပြသခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို ဧည့်ခံတဲ့ အိမ်ရှင်ကိုလည်း ချီးကျူး စကားတွေ အလျှံပယ် ပြောဆိုခဲ့ ပါတယ်။
“ခင်ဗျားဟာ တကယ်ကို တော်တဲ့ ခေါင်းဆောင်တယောက်ပါ၊ ဒါကို ကျွန်တော် လူတိုင်းကို ပြောပါတယ်” လို့ ပြင်ဆင် မထားတဲ့ စကားမျိုးနဲ့ သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ၁၅ ရာစုက တည်ဆောက် ခဲ့တဲ့ ကောင်းကင်ဘုံဘုရားကျောင်း Temple of Heaven ကို လှည့်လည် ကြည့်ရှုချိန်မှာလည်း တရုတ်နိုင်ငံဟာ လှပကြောင်း သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။ ဒီညနေခင်း ညစာစားပွဲမှာတော့ ဒီဆွေးနွေးပွဲ တွေကို “အလွန်တန်ဖိုးရှိတဲ့” အခွင့်အရေးလို့ သူက ခေါ်ဆိုခဲ့ပါတယ်။
#ထရမ့်ဟာ တရုတ်နိုင်ငံအပေါ် ပြတ်ပြတ်သားသား ပြောဆိုလေ့ ရှိတဲ့ ပုံရိပ်နဲ့ နိုင်ငံရေး လောကထဲ ရောက်လာသူဖြစ်လို့ ဒီနေ့ဖြစ်ရပ်ဟာ တကယ်ကို ထူးခြားပါတယ်။
“ကျွန်တော်တို့နိုင်ငံကို တရုတ်က ဖျက်ဆီးနေတာကို ဆက်ပြီး ခွင့်မပြုနိုင် ဘူး၊ သူတို့ အခုလုပ်နေတာ အဲဒါပဲ” လို့ ၂၀၁၆ ခုနှစ် မဲဆွယ်ပွဲ တခုမှာ သူက ပြောခဲ့ဖူးပါတယ်။
၂၀၂၀ ပြည့်နှစ်မှာတော့ တရုတ်ဟာ “အမေရိကန်ကို ဘယ်သူမှ မလုပ်ဖူးတဲ့ အတိုင်းအတာ အထိ လိမ်လည်လှည့်ဖြားခဲ့တယ်” လို့ သူက စွပ်စွဲခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း “တရုတ်ဗိုင်းရပ်စ်” လို့ ခေါ်ဆိုခဲ့ပါတယ်။ အာဏာပြန်မရခင်မှာလည်း “တရုတ်ကို ပြန်ပေးဆပ်ခိုင်းမယ်” လို့ သူက ကြုံးဝါးခဲ့တာပါ။
မနှစ်က ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေချိန်မှာ နှစ်ဘက်စလုံးက တဘက်နဲ့ တဘက် ၁၀၀ ရာခိုင်နှုန်းကျော်တဲ့ အခွန်တွေ စည်းကြပ်ခဲ့ကြ ပါတယ်။ အဲဒီနောက်မှာတော့ မရေရာတဲ့ ရပ်စဲမှု ဖြစ်လာခဲ့ပေမဲ့ ဒီခရီးစဉ် အပြီးမှာ အဲဒီအခြေအနေက ဆက်ရှိနေပါ့မလား၊ ဘယ်လို သဘောတူညီချက် မျိုးနဲ့ အစားထိုးမလဲ ဆိုတာကတော့ အဓိက မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။
နောက်ထပ် မေးခွန်းတွေ ကတော့ အီရန်အရေးနဲ့ ပတ်သက်လို့ ပေကျင်းက သဘောတူညီချက် ရအောင် ကြားဝင်ပေးနိုင်မလား ဆိုတာနဲ့ အမေရိကန်ရဲ့ မဟာမိတ် ဖြစ်သလို တရုတ်ကလည်း သူပိုင်နက်လို့ ပြောနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကျွန်း ဆိုတဲ့ ထိုင်ဝမ် အရေးတို့ပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ဘယ်လိုသဘောတူညီချက်မျိုး မဆို မလုပ်ဆောင်ခင်မှာ ဧည့်သည်တွေ အတွက် သူတို့ရဲ့တံခါးက အမြဲပွင့်နေတယ် ဆိုတာကို သက်သေပြဖို့ ထရမ့်ကို မြှောက်ပင့်ပေးမယ့် ပြကွက်တွေကို ပြသခဲ့တာပါ။
ဒါပေမဲ့ ဆွေးနွေးပွဲတွေ စတင်ပြီး မကြာခင်မှာပဲ ထိုင်ဝမ်အရေး တင်းမာမှု တွေ ဟာ စိန်ခေါ်မှု ဖြစ်လာနိုင်တယ် ဆိုတဲ့ ရှီကျင်ပင်း ရဲ့ မှတ်ချက်တွေကို နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုစနစ်တကျ စီစဉ်ထားတဲ့ ပြကွက်တွေဟာ ထရမ့်နဲ့ သူနဲ့အတူ လိုက်ပါလာတဲ့ စီးပွားရေး လုပ်ငန်းရှင် ၃၀ အတွက်တင် မဟုတ်ပါဘူး။ ဒါဟာ အမေရိကန်နဲ့ တကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသမယ့် တရုတ်ရဲ့ အင်အားပြကွက် တခုလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ဟာ သမိုင်းဝင် အပြောင်းအလဲတခုကို မျက်ဝါးထင်ထင် မြင်တွေ့နေရတာပါ” လို့ အာရှအသင်း Asia Society က ပညာရှင် John Delury က ဆိုပါတယ်။
“ဒီထိပ်သီးဆွေးနွေးပွဲ တခုတည်း အပေါ်မှာ အများကြီး ပုံအော မပြောချင် ပေမဲ့၊ အမေရိကန်ကို တကယ်တမ်း ယှဉ်ပြိုင်လာနိုင်တဲ့ တရုတ်ရဲ့ မလွဲ မသွေ အင်အားကြီးထွားလာမှုဟာ အခုဆိုရင် ကျွန်တော်တို့ မျက်စိရှေ့မှာ တင် ဖြစ်နေပါပြီ။ ပေကျင်းဟာ အခုဆိုရင် ကမ္ဘာ့ဒုတိယမြောက် မြို့တော်ကြီး ဖြစ်လာပါပြီ” လို့ သူက ပြောပါတယ်။
–
#လူတိုင်းအတွက် ပြကွက်တခု
—————————
သမ္မတရှီဟာ စိတ်အပြောင်းအလဲ မြန်လှတဲ့ အမေရိကန် သမ္မတနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ တည်ငြိမ်တဲ့ ကမ္ဘာ့ခေါင်းဆောင် တဦးအဖြစ် ပုံဖော်ဖို့ အားသန်နေပါတယ်။ တရုတ်စီးပွားရေးရဲ့ အတိုင်းအတာကြောင့် ကနေဒါ၊ ဗြိတိန်နဲ့ ဂျာမနီ တို့လို အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် တော်တော်များများဟာ ပေကျင်းနဲ့ သဘောတူညီချက် ရဖို့ ကြိုးစားလာခဲ့ကြပါတယ်။
တရုတ်ရဲ့ ကမ္ဘာ့ကုန်သွယ်ရေးဟာ ထရမ့်ရဲ့ ပထမ သက်တမ်း ကတည်းက ပိုမို ကျယ်ပြန့်လာခဲ့တာဖြစ်ပြီး ထရမ့် သတိပေးခဲ့ သလို အခွန်တွေ ထပ်တိုး လာနိုင်တာကိုလည်း သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။
မနှစ်ကလည်း တရုတ်ဟာ စီးပွားရေးနဲ့ သံတမန်ရေး အင်အားကို ပြသခဲ့ပြီး ထရမ့်ရဲ့ အခွန်တိုးမှုကို အပြန်အလှန် အခွန်တိုးတာတွေ၊ အဆင့်မြင့် ကုန်ထုတ်လုပ်မှု အတွက် မရှိမဖြစ် လိုအပ်တဲ့ မြေရှားသတ္တု တင်ပို့မှု တွေကို ကန့်သတ်တာတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဝါရှင်တန်ဟာ ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ရောက်လာခဲ့ရပြီး အခွန်နှုန်းထား တွေလည်း လျော့ကျသွားခဲ့တာပါ။
အမေရိကန်နဲ့ တကမ္ဘာလုံးဟာ တရုတ်ရဲ့ ကုန်ထုတ်လုပ်မှုနဲ့ နည်းပညာ အပေါ် ဘယ်လောက် အထိ မှီခိုနေရသလဲဆိုတာကို ရှီကျင်ပင်းက ပြသနိုင်ခဲ့ပြီလို့ သူကိုယ်သူ ယုံကြည်နေမှာပါ။
အခုဆိုရင် တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန်စည် သုံးပုံတပုံကို ထုတ်လုပ်နေ သလို၊ မြေပါးသတ္တု ၉၀ ရာခိုင်နှုန်းကျော်ကိုလည်း ပြုပြင်ထုတ်လုပ်နေပြီး ဆိုလာပြား၊ လေအား လျှပ်စစ် တာဘိုင်နဲ့ လျှပ်စစ်ကား ၆၀ ကနေ ၈၀ ရာခိုင်နှုန်း အထိကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ မော်စကို၊ ပြုံယမ်းတို့လို အစိုးရ တွေနဲ့ တရုတ်ရဲ့ ဆက်ဆံရေး အပေါ် စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်ပေမဲ့၊ ထရမ့်က ကမ္ဘာ့ အစီအစဉ်သစ်ကို ပြောင်းလဲဖို့ ကြိုးစား နေချိန်မှာ အဲဒီ အချက်တွေက မှေးမှိန်သွားပုံရပါတယ်။ အချို့ကတော့ ဒါဟာ ကမ္ဘာ့ အာဏာ ချိန်ခွင်လျှာ တရုတ်ဘက်ကို ယိမ်းသွားတဲ့ လက္ခဏာလို့ မြင်ကြပါတယ်။
–
#အီရန်အရေးကို အလဲအလှယ်ပစ္စည်းအဖြစ် အသုံးချခြင်း
——————————
အီရန်စစ်ပွဲကြောင့် အားနည်းနေတဲ့ ထရမ့်ကို ရင်ဆိုင်ရတဲ့ အခါ ရှီကျင်ပင်း ဟာ သူသာ အသာစီးရနေတယ်လို့ ခံစားရမှာ သေချာပါတယ်။
ပိတ်ဆို့ခံထားရတဲ့ ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့စီးပွားရေးကို တုန်လှုပ် စေခဲ့ပြီး ထရမ့်ဟာ ဒီရေလမ်းကြောင်း ပြန်ပွင့်ဖို့ အတွက် ပေကျင်းရဲ့ အကူအညီကို ရယူ လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ပေကျင်းနဲ့ တီဟီရန်တို့ဟာ ဆယ်စုနှစ်ပေါင်း များစွာ ကြာခဲ့တဲ့ ဆက်ဆံရေး ရှိသလို တရုတ်ဟာ အီရန်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက်လည်း ဖြစ်ပါတယ်။
ရှီကျင်ပင်းက တီဟီရန်ကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ရောက်လာအောင် တွန်းအား ပေးနိုင်ခဲ့ရင် ဒါဟာ သူ့အတွက် ပိုပြီးတော့ အသာစီးရစရာ ဖြစ်လာမှာပါ။
“ဒါကို ဖြေရှင်းနိုင်တာက သူတို့အတွက်လည်း အကျိုးရှိပါတယ်၊ သူတို့ ဘက်က ပိုပြီး တက်တက်ကြွကြွ ပါဝင်လာဖို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ခရီးစဉ် မတိုင်ခင်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဘက် ကလည်း တခုခု ပြန်လိုချင်နေမှာပါ။
ထိုင်ဝမ်အရေးဟာ နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်စေ နိုင်တယ်လို့ ရှီကျင်ပင်း က ဆွေးနွေးပွဲ အတွင်း ထရမ့်ကို သတိပေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။
ထိုင်ဝမ်ကို လက်နက်ရောင်းချတာတွေကို ရွှေ့ဆိုင်းဖို့ ဒါမှမဟုတ် ရပ်တန့်ဖို့ ရှီဟာ အမေရိကန်ကို ဖိအားပေးနိုင်ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို ခုခံကာကွယ် နိုင်စွမ်းရှိအောင် ကူညီဖို့ ဥပဒေအရ တာဝန်ရှိနေပေမဲ့၊ ထိုင်ပေက အရာရှိတွေ ကတော့ ဒီထိပ်သီးဆွေးနွေးပွဲကို စိုးရိမ်တကြီး စောင့်ကြည့်နေကြမှာပါ။
သတင်းထောက်တွေက ခေါင်းဆောင်နှစ်ဦးကို ထိုင်ဝမ်အရေး ဆွေးနွေး သလားလို့ မေးမြန်းရာမှာတော့ ဘယ်သူကမှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
အရင်တခေါက် မီလန်နီယာ ထရမ့် လိုက်ပါလာစဉ်ကနဲ့ မတူဘဲ အခု ခရီးစဉ်ဟာ တော်တော်လေး ကွာခြားပါတယ်။ အခုခရီးစဉ်ရဲ့ အာရုံစိုက်မှုဟာ အီလွန်မတ်စ်၊ တင်မ်ကွတ်နဲ့ Nvidia ရဲ့ အကြီးအကဲ Jensen Huang တို့ ပါဝင်တဲ့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့အပေါ်မှာ ရှိနေပုံရပါတယ်။ သူတို့အားလုံးဟာ ဒီည ညစာစားပွဲကိုလည်း တက်ရောက် ခဲ့ကြပါတယ်။ ထရမ့်ဟာ တရုတ်နိုင်ငံက အမေရိကန် ကုမ္ပဏီတွေ အတွက် တံခါးပိုဖွင့်ပေးဖို့ တောင်းဆို နေတာကြောင့် ဒီကိုယ်စားလှယ်အဖွဲ့ကို ဗဟိုချက်မှာ ထားချင်နေတာပါ။
သဘောတူညီချက်နဲ့ ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ထားတာမျိုး မရှိသေးလို့ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်bက်စလုံးဟာ တရုတ်ဈေးကွက်မှာ အမေရိကန် ကုမ္ပဏီတွေ ပိုပြီးဝင်ရောက်နိုင်ရေးနဲ့ အမေရိကန် စက်မှုလုပ်ငန်းတွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရေး အပါအဝင် “စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်” လို့ပဲ ဖော်ပြထားပါတယ်။
အီရန်အရေးနဲ့ ပတ်သက်လို့တော့ “အီရန်မှာ နျူကလီးယားလက်နက် ဘယ်တော့မှ မရှိစေရဘူး” ဆိုတာနဲ့ “စွမ်းအင်တွေ လွတ်လပ်စွာ စီးဆင်း နိုင်ဖို့ ဟော်မုဇ်ရေလက်ကြားဟာ အမြဲပွင့်နေရမယ်” ဆိုတာကို နှစ်နိုင်ငံ လုံးက သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
–
#နောက်ထပ် ဘာတွေဖြစ်လာမလဲ
——————-
သောကြာနေ့မှာ ခေါင်းဆောင်နှစ်ဦး ထပ်မံတွေ့ဆုံတဲ့အခါ အသေးစိတ် အချက် အလက်တွေ ပိုထွက်လာနိုင်ပါတယ်။ ထရမ့်ဟာ သူ့ရဲ့ လူထု ထောက်ခံမှုနှုန်း ကျဆင်း နေချိန်မှာ ပြည်တွင်းကို ပြန်ယူသွားရမယ့် အောင်မြင်မှု တခုကို လိုချင်နေတာပါ။
တရုတ်ဘက်က အမေရိကန်ရဲ့ ပဲပိစပ်၊ အမဲသားနဲ့ ဘိုးရင်း လေယာဉ်တွေ ကို ပိုဝယ်ဖို့ အသင့်ဖြစ်နေတယ်ဆိုတဲ့ လက္ခဏာ အဖြစ် ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သင့်တယ်လို့ ရှီကျင်ပင်းက ပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ လာမယ့် သုံးနှစ်တာ ဆက်ဆံရေး အတွက် လမ်းညွှန်ချက် အဖြစ် သူတို့ရဲ့ ဆက်ဆံရေးကို “အပြုသဘောဆောင်ပြီး မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေး” အဖြစ် သတ်မှတ်ဖို့ လည်း သဘောတူခဲ့ကြပါတယ်။
တရုတ်နိုင်ငံဟာ အလုပ်လက်မဲ့နှုန်း မြင့်မားတာ၊ စီးပွားရေးတိုးတက်မှု မညီမျှတာ၊ အိမ်ခြံမြေ အကျပ်အတည်းနဲ့ ဒေသန္တရ အစိုးရတွေရဲ့ အကြွေး ပြဿနာတွေလို စီးပွားရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပါ။ ဒါကြောင့် ပေကျင်းဟာ အမေရိကန်ကပဲ ကမ္ဘာကြီးကို စိုးမိုးထားတာမျိုးကို မလိုလား ပေမဲ့၊ အမေရိကန်နဲ့ အဆင်ပြေအောင် နေဖို့ နည်းလမ်းကိုတော့ ရှာဖွေဖို့ လိုအပ်နေပါတယ်။
ဒါဟာ ဒီနေ့ည ညစာစားပွဲမှာ ခေါင်းဆောင်နှစ်ဦးစလုံး ပေးချင်တဲ့ သတင်းစကား လည်း ဖြစ်ပုံရပါတယ်။ သူရရှိခဲ့တဲ့ “ဘယ်သူနဲ့မှမတူတဲ့ ခမ်းနားတဲ့ ကြိုဆိုမှု” ကို ကျေနပ်နေတဲ့ ထရမ့်က ရှီကျင်ပင်းကို လာမယ့် စက်တင်ဘာလမှာ အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
ရှီကျင်ပင်း ကတော့ တဆင့်တက်ပြီး “တရုတ်လူမျိုးတွေရဲ့ ကြီးကျယ်တဲ့ ပြန်လည်နိုးထမှု” နဲ့ “အမေရိကန်ကို ပြန်လည် ကြီးကျယ်စေခြင်း (Make America Great Again)” တို့ဟာ အတူတကွ လက်တွဲသွားနိုင်ပါတယ်လို့ ဆိုခဲ့ပါတယ်။ သူဟာ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံလုံးရဲ့ အနာဂတ် အတွက် ဂုဏ်ပြုဆုတောင်းရင်း သူ့ရဲ့ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ် – “Cheers “။
ref: bbc
—————————
THN Public Media