မေလ ၁၉ – ၂၀၂၆
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခရီးစဉ်အပြီး ရက်ပိုင်း အကြာမှာပဲ တရုတ်နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ်ဖို့အတွက် သူ့ရဲ့ “မိတ်ဆွေရင်းကြီး” ဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးဖို့ ပေကျင်းမြို့ကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။
သမ္မတ ပူတင်ဟာ ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ လေယာဉ် ဆိုက်ရောက်ခဲ့တာ ဖြစ်ပြီး၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနဲ့ စစ်တီးဝိုင်း အဖွဲ့က ကြိုဆိုခဲ့ကြပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့ကြပြီးနောက် ရုရှားနဲ့ တရုတ်နိုင်ငံတော် အလံတွေကို ဝှေ့ယမ်းနေကြတဲ့ လူငယ်လေးတွေကြားထဲကနေ ကော်ဇောနီပေါ်မှာ ဘေးချင်း ယှဉ်ပြီး လျှောက်လှမ်းခဲ့ကြပါတယ်။
အခု ၂ ရက်ကြာ ခရီးစဥ်ဟာ ပူတင်ရဲ့ ၂၅ ကြိမ်မြောက် တရုတ် ခရီးစဥ်ဖြစ်ပြီး ဒါဟာ ပူတင် အတွက် ဘယ်အချိန်မဆို တရုတ်နဲ့ အမြဲတမ်း မိတ်ဘက်ဖြစ်တာကို ထပ်မံ သက်သေပြလိုက်တာ ဖြစ်ပါတယ်။
အနောက်အုပ်စုနိုင်ငံတွေ ကတော့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားအပေါ် ဖိအားပေးပါလို့ ပေကျင်းကို တိုက်တွန်းနေပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယို မှာ သမ္မတ ပူတင်က နှစ်နိုင်ငံ ဆက်ဆံရေးဟာ “တကယ့်ကို မကြုံစဖူးအဆင့်” ကို ရောက်ရှိနေပြီး “ရုရှားနဲ့ တရုတ်ကြား ကုန်သွယ်မှုတွေလည်း ဆက်တိုက် တိုးတက်နေတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ရုရှားနဲ့ တရုတ်ကြားက နီးကပ်တဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးဟာ ကမ္ဘာလုံး ဆိုင်ရာ တည်ငြိမ်ရေး အတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်” လို့ သမ္မတ ပူတင်က အဲဒီ ဗီဒီယိုမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ဘယ်သူ့ကိုမှ ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့နေတာမဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ အားလုံး အတူတကွ ဖွံ့ဖြိုးတိုးတက်ဖို့ကိုပဲ ရှေးရှုတာပါ” လို့ ဆိုပါတယ်။
အခုလို နိုင်ငံခြား ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခြင်းအားဖြင့် တရုတ်နိုင်ငံဟာ ကမ္ဘာ့ တည်ငြိမ်ရေး ဒေါက်တိုင် တခုအဖြစ် သူ့ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးစားနေတာပါ။
တဘက်မှာတော့ အမေရိကန်ဟာ ယူကရိန်း စစ်ပွဲ နဲ့ ကမ္ဘာ့စွမ်းအင်ကို ထိခိုက်စေတဲ့ အီရန်စစ်ပွဲ အဆုံးသတ်ဖို့ ရုန်းကန်နေရပါတယ်။
သမ္မတ ပူတင်ရဲ့ ခရီးစဉ်ဟာ ပြီးခဲ့တဲ့ အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခရီးစဉ်အပြီးမှာ ထွက်ပေါ် လာတာဖြစ်ပြီး၊ ထရမ့်ရဲ့ ခရီးစဉ်တုန်း ကတော့ ပုံရိပ်ကောင်းတွေ ပြသနိုင်ခဲ့ပေမဲ့ ကြီးမားတဲ့ စီးပွားရေး သဘောတူညီချက် တွေတော့ အနည်းငယ်ပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။
ခရီးစဉ် နှစ်ခုကြား “ဘာမှဆက်စပ်မှုမရှိပါဘူး” လို့ ကရင်မလင် ရုရှားသမ္မတနန်းတော် ဘက်က အခိုင်အမာ ပြောနေပေမဲ့လည်း အခုခရီးစဉ်ဟာ ၂၀၀၁ ခုနှစ် တရုတ်-ရုရှား ချစ်ကြည်ရေး စာချုပ်ရဲ့ ၂၅ နှစ်ပြည့်နဲ့ တိုက်ဆိုင်အောင် စီစဉ်ထားတာ ဖြစ်သလို၊ ထရမ့်ရဲ့ ခရီးစဉ် ပြီးဆုံးလို့ နာရီပိုင်း အကြာမှသာ အတည်ပြုချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ကရင်မလင်ရဲ့ ထုတ်ပြန်ချက်အရ သမ္မတ ပူတင်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ဟာ ရုရှားနဲ့ တရုတ်ရဲ့ မဟာဗျူဟာမြောက် မိတ်ဘက် ဆက်ဆံရေးကို “ဘယ်လိုမျိုး ပိုပြီးတိုးတက်အောင် လုပ်မလဲ” ဆိုတာကို ဆွေးနွေးကြမှာဖြစ်ပြီး “အဓိက ကျတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ်တွေ အပေါ် အမြင်ချင်း ဖလှယ်ကြလိမ့်မယ်” လို့ သိရပါတယ်။
–
#ယူကရိန်းစစ်ပွဲကြောင့် ရုရှား-တရုတ် ဆက်ဆံရေး ပိုပြီးခိုင်မာလာ
———————————
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်ခဲ့ပြီး ကတည်းက ရုရှားနိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သံတမန်ရေး အရ အထီးကျန်ဖြစ်နေတာကြောင့် သမ္မတ ပူတင်ဟာ အဲဒီ အချိန်က စလို့ တရုတ်နိုင်ငံဆီ နှစ်စဉ် လာရောက်ခဲ့ပြီး သူတို့ရဲ့ ဆက်ဆံရေးက ပိုပြီး နက်နက်ရှိုင်းရှိုင်း ရှိလာခဲ့ ပါတယ်။
သမ္မတ ပူတင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက တရုတ်နိုင်ငံကို နောက်ဆုံးအကြိမ် လာရောက် ခဲ့တာ ဖြစ်ပြီး၊ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့သလို၊ တီယန်ကျင်းမြို့မှာ ပြုလုပ်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) ရဲ့ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့ကာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် စစ်ရေးပြ အခမ်းအနားကိုလည်း ကြည့်ရှုခဲ့ပါတယ်။
အဲဒီအချိန်တုန်းက သမ္မတ ရှီကျင့်ဖျင်က ပူတင်ကို “မိတ်ဆွေဟောင်းကြီး” လို့ ခေါ်ဆိုခဲ့ပြီး၊ သမ္မတ ပူတင် ကလည်း ရှီကျင့်ဖျင်ကို “မိတ်ဆွေရင်းကြီး” လို့ ပြန်လည် ခေါ်ဝေါ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာတော့ “မိတ်ဆွေဟောင်းကြီး” ဆိုတဲ့ စကားလုံးဟာ အစိုးရနဲ့ ပါတီဘက် ကနေ သူတို့ အလေးထားတဲ့ နိုင်ငံခြားသားတွေကို ဖော်ပြတဲ့ အခါမှသာ အလွန် ခဲခဲယဉ်ယဉ် သုံးစွဲလေ့ရှိတဲ့ သံတမန်ရေးရာ အသုံးအနှုန်း တခု ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ယူကရိန်း ပဋိပက္ခမှာ ငြိမ်းချမ်းရေး ဖျန်ဖြေသူ အဖြစ်နဲ့ ကြားနေနိုင်ငံ အဖြစ် ပြသနေပေမဲ့လည်း၊ သမ္မတ ပူတင် ကတော့ တရုတ်နဲ့ ရုရှားဟာ တဦးနဲ့တဦး “အဓိကအကျိုးစီးပွား” အရ အပြန်အလှန် ကျောထောက်နောက်ခံ ပြုထားကြတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ညီတူညီမျှတော့ မဟုတ်ပါဘူး၊ မော်စကို ဘက်က စီးပွားရေး အရ ပေကျင်း အပေါ် အလွန်အမင်း မှီခိုနေရတာ ဖြစ်ပြီး တရုတ်ဟာ ပိတ်ဆို့ အရေးယူ ခံထားရတဲ့ ရုရှားရဲ့ ရေနံတွေကို အဓိက ဝယ်ယူပေးနေတဲ့ နိုင်ငံဖြစ်လို့ပါပဲ။
ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရတဲ့ အကြောင်းအရာတွေ ထဲမှာ မွန်ဂိုလီးယား နိုင်ငံကို ဖြတ်ပြီး ရုရှား ကနေ တရုတ်နိုင်ငံဆီ သွယ်တန်းမယ့် အဓိကကျတဲ့ “Power of Siberia 2” သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြီး တည်ဆောက်ရေး ကိစ္စလည်း ပါဝင်ပါတယ်။
ဒါဟာ အရှေ့အလယ်ပိုင်းကနေ ပင်လယ်ရေကြောင်းအတိုင်း တင်သွင်းနေရတဲ့ ရေနံစိမ်း နေရာမှာ ကုန်းကြောင်းအတိုင်း အစားထိုးနိုင်မယ့် နည်းလမ်း တခုဖြစ်လို့ မော်စကိုဘက်က ဒီပရောဂျက်ကို အမြန်ဆုံး အကောင်အထည် ဖော်ချင်နေတာ ဖြစ်ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဘက် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် အဖြစ် တနင်္ဂနွေနေ့တုန်းက “ဂုဏ်ပြုသဝဏ်လွှာ” တွေ အပြန်အလှန် ပေးပို့ခဲ့ကြပြီး၊ ဒီတပတ် ဆွေးနွေးပွဲတွေ အပြီးမှာတော့ ပူးတွဲကြေညာချက် တခုကို လက်မှတ် ရေးထိုး ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ref: reuters
—————————
THN Public Media
