ဖေဖော်ဝါရီ ၁၆- ၂၀၂၆
စစ်ကိုင်းတိုင်းအတွင်းမှာ PDF နဲ့ စစ်တပ် နှစ်ဘက် စလုံးက လူသစ် စုဆောင်းမှုတွေ အပြိုင် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အတွင်းက ကျေးရွာတချို့မှာ PDF တွေက လူသစ်စုဆောင်းနေကြောင်း ဒေသခံတဦးက ” လက်ရှိမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အတွင်းက မင်းသမီးကျေးရွာ၊ ရွာသာကျေးရွာ၊ ဇီးဖြူကုန်း ကျေးရွာတွေမှာ အဲ့ဒီ အဖွဲ့တွေက ကျေးရွာတင်မက လယ်တောတွေ အထိပါ လိုက်လံပြီး ဖမ်းဆီး ခေါ်ဆောင်ပြီး ဒေသခံရွာသားတွေကို အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွေ ပြုလုပ်လို့ စိုးရိမ် ထိတ်လန့် နေရပါတယ်” လို့ ပြောပါတယ်။
စစ်တပ် ဘက်ကလည်း စစ်သားသစ်စုဆောင်းနေတဲ့အကြောင်း စစ်ကိုင်းမြို့ခံတဦး ပြောပြတာက
” စစ်ကိုင်းမြို့ပေါ်လို ရပ်ကွက်တွေနဲ့ မြို့အဝင် အထွက်လို နေရာတွေမှာ ထွေအုပ်၊ ရဲ၊ နဲ့ ပြည်သူ့စစ် အဖွဲ့ဝင် တချို့ ပူးပေါင်းပြီးတော့ ရံဖန်ရံခါ လူသစ်စုဆောင်းမှုတွေ လုပ်လေ့ရှိတဲ့အတွက် မန္တလေးနဲ့ စစ်ကိုင်းကို အလုပ် အသွားပြန် လုပ်ကိုင်နေသူတွေနဲ့ ယာဥ်လိုင်း ပြေးဆွဲနေသူတွေက စိုးရိမ်မှုတွေ မြင့်တက်နေပြီး သတိထားသွားလာရတာ” လို့ မြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း ကနေ စစ်ကိုင်းတိုင်းအတွင်းကို သွားလာ ကုန်သွယ် နေကြတဲ့ ကုန်ကားတွေကို PDF တွေက အခွန်ကောက်တာနဲ့ လမ်းလွှဲတွေ ပြုလုပ်ပြီးတော့ ပိုက်ဆံတောင်းခံနေတာတွေ ရှိနေတယ်လို့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေတဲ့ ယာဥ်မောင်းသူတွေဆီက သိရပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးတိုင်းကို ဝင်ထွက်လို့ရတဲ့ ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်း ဘက်ခြမ်းနဲ့ မန္တလေးတိုင်း အဝင်အထွက် စစ်ဆေးရေးဂိတ် တွေမှာ ငွေကြေး ကောက်ခံမှုတွေရှိနေတာကြောင့်လည်း ပြည်သူတွေ ကြား ဝေဖန်းမှုတွေ မြင့်တက်နေပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်က မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ခရီးသွားထောက်ခံစာ ပါမှ ကားလက်မှတ်ရောင်းချပေးဖို့ ကားဂိတ်တွေကို ညွှန်ကြားထားပေမယ့် ထောက်ခံစာမပါပဲ လက်မှတ်ရောင်းနေတာတွေ ရှိတာကြောင့် ထောက်ခံစာမပါတဲ့သူတွေကို စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးတာတွေ ရှိနေပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး လက်မှတ်အရောင်း ဂိတ်ခွဲအားလုံးကို ၁၃/ ကမန၊ လရန၊ နမတ၊ သပန၊ ကကန (နိုင်)၊ ၉/မကန(နိုင်)၊ ၅/ မရန၊ မမန၊ ရဘန (နိုင်)၊ ၈/ မကန(နိုင်) နဲ့ ၁၁ / မှတ်ပုံတင် ကိုင်ဆောင်ထားသူ အားလုံး အတွက် ကားလက်မှတ်ကို ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာပါမှ ရောင်းချ ပေးဖို့ ထုတ်ပြန်ထားပါတယ်။
တချို့ ဖမ်းဆီးခံရသူတွေထဲကို သိန်းရာချီ အကုန်ကျခံ ပြီး ပြန်ထုတ်လို့ ရတာ ရှိသလို တချို့သူတွေ ကိုတော့ အဆက်အသွယ် မရပဲ သင်တန်း တက်ပြီး သက်ဆိုင်ရာ တပ်ကို ရောက်ခါမှ မိသားစုနဲ့ အဆက်အသွယ် ပြန်ရသူတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်းထဲက နေ လာတဲ့ ခရီးသည် တင်ယာဥ်တွေကို ဧရာဝတီတံတား (ရတနာပုံ) တံတားထိပ် မန္တလေးတိုင်း အဝင်ဘက်ခြမ်း နှာပေါက်ဂိတ် လို့ခေါ်တဲ့ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ခရီးသွား ထောက်ခံစာမပါသူ အမျိုးသား ၂ ဦး ဖမ်းဆီး ခံခဲ့ ရတယ်လို့ သိရပါတယ်။
Crd – VOM
—————————
THN Public Media
