မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ကို မြန်မာ စစ်ကော်မရှင် ဥက္ကဌ တက်ရောက်မှာ မဟုတ်ဘဲ၊ မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဦးဟောက်ခန့်ဆုမ်းနဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ ခွဲလောက်က ကွာလာလမ်ပူ လေဆိပ်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ဒီကနေ့ မလေးရှားကို ရောက်ရှိလာမယ့် အထဲမှာ အရှေ့တီမော နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး၊ ဖိလစ်ပိုင် နိုင်ငံခြားရေး အတွင်းဝန် နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဆက်စပ်အစည်းအဝေးတွေ အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လည်း တက်ရောက်မှာ ဖြစ်ပြီး ထရမ့်ကတော့ အောက်တိုဘာ ၂၆ တနင်္ဂနွေနေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။
အခုနှစ် ထိပ်သီးအစည်းအဝေး ခေါင်းစဥ်ကတော့ “အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ဖြစ်ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ က အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်နေ့ အထိ ကွာလာလမ်ပူမှာ လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။
အစည်းအဝေးကို အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ က ခေါင်းဆောင်တွေ အပြင် အမေရိကန်၊ တရုတ်၊ ဂျပန် နဲ့ အိန္ဒိယ အပါအဝင် ဆွေးနွေးဖက် နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ် အာဆီယံ စတင်ဖွဲ့စည်းခဲ့ချိန် ကစလို့ အခု အစည်းအဝေးဟာ အကြီးမားဆုံး ထိပ်သီးအစည်းအဝေး ဖြစ်လာဖွယ်ရှိပြီး၊ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်မ်၊ တရုတ်ဝန်ကြီးချုပ် လီကချမ်း၊ ဘရာဇီး သမ္မတ လူဝစ် အီနာဆီယို လူလာ ဒါ ဆေးလ်ဗား နှင့် တောင်အာဖရိက သမ္မတ ဆီရီလ် ရာမာဖိုဆာ စတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
ref: bernama
—————————
THN Public Media
